မြန်မာတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

0
780

ကိုဗစ်ရောဂါ မျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်ခံထားရသူ ခြောက်ဦး တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကိုဗစ်ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆) ခုအား ဆေးသုတေသနဦးစီးဌာနတွင် ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရာ BA.4 တစ်ခု၊ BA.5 ငါးခု တွေ့ရှိကြောင်း ဇူလိုင်လ ၁၁ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

BA.4 နှင့် BA.5 တွေ့ရှိသူများ အားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ် ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ထားသည်။  

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ခြောက်သိန်းကျော်ရှိပြီး ပြန်လည်ကောင်းမွန်သူ ငါးသိန်းကိုးသောင်းကျော်ရှိကာ သေဆုံးသူ ၁၉၄၃၄ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းမျိုးရိုးဗီဇပြောင်းပိုးသည် ကိုဗစ်လှိုင်းသစ်ဖြစ်လာနိုင်သဖြင့် နိုင်ငံအသီးသီးက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။