လယ်ယာလုပ်ငန်းခွင် ဝင်ချိန် မရေရာမှုများအကြားမှ လယ်သမားများ

0
2499

ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေအကြား စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုဈေးနှုန်း မြင့်တက်နေသသည်။ လယ်သမားအားလုံး မိုးစပါးချေးငွေရရှိရေးမှာ မသေချာသေး။

ထိုသို့အနေအထားတွင် လယ်သမားများ ယခုနှစ် မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်။

မိုးဦးကျချိန်ဖြစ်သည့် မေလအကုန် ဇွန်လဆန်းပိုင်းသည် တနင်္သာရီတိုင်းရှိ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်မည့်အချိန်ဖြစ်သည်။ လယ်သမားအချို့ဆိုလျှင် လယ်ကန်းသင်ရိုးပြင်သည့် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။

နှစ်တိုင်းလုပ်ငန်းခွင်ဝင်ချိန်တွင် လယ်သမားများလယ်ဝယ်သို့ စိုက်ပျိုးစားရိတ်ချေးငွေများ လူတိုင်းနီးပါးရရှိနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မှု မည်သူမျှ ချေးငွေမရကြသေးပေ။ မိုးစပါးချေးငွေရရှိရန် လယ်သမာများက မျှော်လင့်နေကြသည်။

“ချေးငွေမရသေးတော့ လယ်သမားတွေခက်ခဲနေတာပေါ့လေ။ လယ်သမားတွေမှာက မိုးစပါးချေငွေရမှ ဓာတ်မြေဩဇာဝယ်မယ်၊ လယ်လုပ်ခတွေပေးတာဆိုတော့ နည်းနည်းအဆင်ပြေတယ်လေ” ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ဆိုသည်။

မိုးစပါးချေးငွေကို ဇွန်လဆန်းပိုင်းတွင် ထုတ်ချေးရန် စီစဉ်နေသော်လည်း ယမန်နှစ်က ချေးငွေပြန်ဆပ်ပြီးသော လယ်သမားများကိုသာ ထုတ်ချေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ကပြောသည်။

ချေးငွေပြန်ဆပ်ပြီးသော လယ်သမားမှာ ၃၆ ရာခိုင်နှုန်းကျော်သာ ရှိသေးကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။

“မနှစ်တုန်းက ဒီအချိန်ဆိုရင်တော့ ချေးငွေက တစ်ရာရာခိုင်နူန်းပြန်ဆပ်ပြီးကြပြီပေါ့။ ချေးငွေပြန်ဆပ်ပြီးတဲ့ လယ်သမားတွေကိုတော့ အရင်ကပုံစံအတိုင်းပဲ ထုတ်ချေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်နေတယ်” ဟု ၎င်းကဆိုသည်။

လယ်သမားအများစုက ယမန်နှစ် မိုးစပါးချေးငွေများမကြေသေးသဖြင့် ယခုနှစ်ချေးငွေရရန်မှာ မသေချာသေးသည့် အနေအထားတွင် ရှိနေသည်။

ယင်းကဲ့သို့ မိုးစပါးချေးငွေမရသည့်ကြားထဲတွင် စက်သုံးဆီဈေး၊ ဓာတ်မြေဩဇာ၊ အလုပ်သမားငှားရမ်းခ စသည့် သွင်းအားစုများမှာလည်း ဈေးနူန်းမြင့်လျှက်ရှိသည်။

နေ့စားအလုပ်သမားတစ်ဦးလျှင် ကျပ်တစ်သောင်းဝန်းကျင်ပေးရပြီး ယမန်နှစ်က ကျပ်နှစ်သောင်းတန် ဓာတ်မြေဩဇာတစ်အိတ်လျှင် ယခုနှစ်တွင် သုံးသောင်းဝန်းကျင်တွင်ရှိနေကြောင်း လယ်သမားအချို့ကပြောသည်။

အလားတူ စက်သုံးဆီဈေးနူန်းမှာလည်း ၂၀၂၀ နှောင်းပိုင်းတွင် တစ်လီတာ ကျပ်ငါးရာဝန်းကျင်မှ ယခုနှစ် မေလ နောက်ဆုံးအပတ်တွင် တစ်တစ်ထောင်ကျော်သို့ မြင့်တက်လာနေသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ မန်နေဂျာတစ်ဦး၏ ပြောကြားချက်အရ လတ်တလော စက်သုံးဆီဈေးနူန်းများမှာ ၉၂ တစ်လီတာလျှင် ၁၀၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၁၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၀၃၀ ကျပ်၊ ပရီမီယာဒီဇယ် တစ်လီတာလျှင် ၁၀၅၀ ကျပ် ဝန်းကျင်တွင် အသီးသီးရှိနေကြောင်း ပြောကြားသည်။

“ဒေါ်လာဈေးတွေတက်နေတာဆိုတော့ ဆီဈေးလည်းတက်လာတာပေါ့လေ။ ဆီဈေးက ဒေါ်လာနဲ့ပေးချေရတာကိုး” ဟု ၎င်းက ဆိုသည်။

ယင်းစက်သုံးဆီဈေးနူန်းသည့် ယမန်နှစ်လယ်လုပ်ချိန်နှင့် နှိုင်းယှဉ်ပါက နှစ်ဆမြင့်တက်နေခြင်းဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။

လယ်သမားများအတွက် အခြေအနေကောင်း တစ်ရပ်တော့ ရှိသည်။ စပါး တစ်တင်းလျှင် ခုနှစ်ထောင်ကျပ်ကနေ တစ်သောင်းကျပ်ဝန်းကျင်အထိ ဈေးကောင်းရနေခြင်း ဖြစ်သည်။

ထိုကြောင့် စပါးများထုတ်ရောင်းပြီး အခက်အခဲ ဖြေရှင်းရန်မှာလည်း လယ်သမားများလက်ထဲဝယ် ထုတ်ရောင်းစရာ စပါးလက်ကျန်မရှိတော့ကြောင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမား ဦးတင်ကွိုင်က ပြောသည်။

“လယ်သမားတွေအနေနဲ့ကတော့ အပြင်မှာအတိုးကြီးကြီးနဲ့ချေးပြီးတော့ ခွန်အားရှိသလောက်တော့ လုပ်ကြရမှာပေါ့လေ။ ဥပမာ လယ်သမားတစ်ယောက်မှာ လယ်ဆယ်ဧကပိုင်မယ်ဆိုရင် ခြောက်ဧကလောက်ပဲလုပ်ပြီးတော့ လေးဧက ကတော့ ဘေးဖယ်ထားရတော့မယ့် အခြေအနေရှိနေတယ်” ဟု ဦးတင်ကွိုင်ကဆိုသည်။

ပြည်တွင်း ဘဏ်ဂယက်ကလည်း လယ်သမားများအပေါ်ရိုက်ခတ်လျှက်ရှိနေကြောင်း လယ်သမားအချို့က ပြောဆိုကြသည်။

ထိုင်း၊ မလေးရှား စသည့်နိုင်ငံအသီးသီးကိုရောက်နေသူများက မိုးစပါးထွန်ယက်စိုက်ပျိုးစရိတ်အတွက် ဘဏ်မှ တစ်ဆင့်ငွေလွှဲရန် အကန့်အသတ်ဖြစ်နေသည်။

ပြည်တွင်းဘဏ်တွင် ငွေထုတ်မရမည်ကို စိုးရိမ်ပြီး ငွေမလွှဲသူများရှိနေသလို ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ကူးစက်မှုမြင့်မားနေသည့် ကိုဗစ်ရောဂါကြောင့် ငွေကြေးမပြေလည်သဖြင့် ငွေမလွှဲနိုင်သူများလည်း ရှိနေကြောင်းလယ်သမားအချို့က ပြောသည်။

လယ်သမားတို့၏ နောက်ထပ်အခက်အခဲတစ်ခုမှာ သွားရေး၊ လာရေး ကိစ္စဖြစ်သည်။ လယ်မှ ညအချိန်အိမ်အပြန်လမ်းတွင် မသင်္ကာစိတ်ဖြင့် ဖမ်းဆီးခံရမည်ကို လယ်သမားတွေက စိုးရိမ်လျှက်ရှိသည်။ အထူးသဖြင့် ထားဝယ်မြို့ပေါ်က လယ်သမားများဖြစ်သည်။

“အခုမဖြစ်သေးပေမယ့် ဘာပဲပြောပြော ညဘက်သွားရေး၊ လာရေးက သတိထားနေရတယ်။ လယ်သမားတွေဆိုတာမျိုးက နေ့ဘက်ပဲ အလုပ်လုပ်တာမဟုတ်ဘူး။ ညဘက်မှလည်း လယ်ထဲကနေတက်လာတာမျိူးလည်းရှိတယ်လေ” ဟု ထားဝယ်မြို့ စောမိညိုကွင်းတွင် လယ်ငါးဧကပိုင်ဆိုင်သည့် လယ်သမားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့သော အထွေထွေအခက်အခဲများကြောင့် လာမယ်နှစ် စပါးပေါ်ချိန် အရှုံးပေါ်မည်ဟု လယ်သမားအချို့က ခန့်မှန်းနေကြသည်။

“အခုစပါးဈေးနဲ့တောင်မှ စပါးဆယ်တင်းတန်ဖိုးနဲ့ ဓာတ်မြေဩဇာတစ်အိတ်တန်ဖို့ ညီနေပြီ။ လာမယ့်နှစ်ဆိုရင်တော့ စပါးအထွက်တိုးကလည်း နည်းမှာဆိုတော့ ရှုံးဖို့က သေချာသလောက်ရှိတယ်” ဟု ဦးမောင်ဝင်းက ဆိုလေသည်။

(ဓာတ်ပုံမှာ ယမန်နှစ်က တွေ့ရသော လယ်ယာလုပ်ငန်းခွင်တစ်ခု ဖြစ်သည်)