ကော့သောင်းတွင် တစ်လအတွင်း လူခြောက်ဦးတွင် ကိုဗစ်ပိုးတွေ့

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကော့သောင်းမြို့တွင် မေလအတွင်း ကိုဗစ်ပိုးတွေ့လူနာခြောက်ဦးရှိပြီး တစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောသည်။

ကော့သောင်းမြို့တွင် အချုပ်ကျနေသော အမျိုးသားတစ်ဦးတွင် မေလ ၁၇ ရက်က ပထမဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်ကပြောသည်။

ယင်းအမျိုးသားနှင့် ထိတွေ့သူများတွင် ပိုးမတွေ့ရကြောင်း ၎င်းကပြောကြားသည်။

မေလ ၂၁ ရက်တွင် နောက်ထပ်အမျိုးသမီးတစ်ဦးတတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းအမျိုးသမီးနှင့် ထိတွေ့ခဲ့သူ ခုနှစ်ဦးတွင်လည်း ပိုးမတွေ့ရကြောင်း ဒေါက်တာလင်းထိုက်ကပြောသည်။

မေလ ၂၈ ရက် အနံ့မရသည့်အမျိုးသမီး ဆေးရုံလာပြရာမှ စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြန်သည်။ ၎င်းအမျိုးသမီးနှင့် အတူနေမိသားစုဝင်သုံးဦးတွင်လည်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းကပြောသည်။

ယင်းအတွက်ကြောင့် မေလအတွင်း ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့သူ ‌အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးရှိပြီး ပထမဆုံး ကိုဗစ်ပိုးတွေ့သည့် အချုပ်သားမှာ ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ယင်းလူနာအားလုံးမှာ ကော့သောင်းမြို့ပေါ်မှဖြစ်သည်။

“ကျန်းမာရေးအခြေအနေကောင်းပါတယ်အားလုံး” ဟု ဒေါက်တာလင်းထိုက်ကဆိုသည်။

ကိုဗစ်လူနာနှင့် ထိတွေ့ခဲ့ပြီး လတ်တလော ရောဂါမတွေ့ရသူများကို အသွားအလာကန့်သတ်ထားပြီး ‌နောက်တစ်ကြိမ်စစ်ဆေးမည်ဖြစ်ကြောင်း ဆိုသည်။

ကော့သောင်းမြို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစပြီး ကိုဗစ်လူနာအသစ်များမတွေ့ရှိခဲ့ဘဲ မေလရောက်မှ လူနာအသစ်များတွေ့ရှိလာခြင်း ဖြစ်ကြောင်း ကော့သောင်းဆေးရုံထံမှ သိရသည်။