၀န်ထမ်းအိမ်ရာအခန်း တစ်ရာနီးပါး ဆောက်မည်

0
562
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်း အိမ်ရာအခန်းပေါင်း တစ်ရာနီးပါး အသစ်ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(အိုး/အိမ်) ထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံလေးလုံးကို တည်ဆောက်မည် ဖြစ်သည်။ ထားဝယ်မြို့တွင် အဆောက်အအုံ နှစ်လုံး၊ မြိတ်နှင့် ကော့ သောင်းတို့တွင် တစ်လုံးစီတည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိတွင် ယင်းအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် တင်ဒါ အောင်ကုမ္ပဏီများ ရွေးချယ်ထုတ်ပြန် ပြီးဖြစ်ကြောင်း အိုးအိမ်ဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ အတည်ပြုပြီးလို့ တင်ဒါအောင် ကုမ္ပဏီတွေကိုလည်း အကြောင်းကြား ထားပြီးပြီ” ဟု အဆိုပါ တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဝန်ထမ်း အိမ်ရာ လိုအပ်ချက် အခန်းပေါင်း ၃၅၀ဝ ခန့် ရှိနေကြောင်း ယင်းဌာနထံမှ သိရသည်။ လက်ရှိတွင် ခရိုင်သုံးခု၌ ဝန်ထမ်းအိမ်ရာ ၈၈၆ ခန်းရှိပြီး အခန်းလိုအပ်ချက် များနေဆဲပင်ဖြစ်သည်။

ထိုကြောင့် ဝန်ထမ်းအချို့မှာ ပြင်ပရှိ အိမ်ခန်းများကို ငှားရမ်းနေထိုင်ရသည်။ အဆိုပါအခန်းခမှာ ထားဝယ်မြို့တွင် တစ်လလျှင် ကျပ်ရှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိသည်။

ထားဝယ်မှာပင် ဝန်ထမ်းအိမ်ရာ အခန်းလျှောက်ထားသူ ၂၀ဝ ကျော်ရှိနေကြောင်း အိုးအိမ်ဌာန တိုင်းဒေသကြီးဦးစီး မှူးက ဆိုသည်။

“လိုအပ်ချက်ကတော့ ရှိနေဦးမှာပါ” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် တည်ဆောက်ထားသည့် ပင်လုံအငှားအိမ်ရာတွင် နိုင်ငံ့ ဝန်ထမ်းအချို့က တစ်လလျှင် ငွေကျပ် ၃၂၀ဝ၀ နှုန်းဖြင့် ငှားရမ်းနေထိုင်ကြသည်။

ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများအတွက် တိုင်းဒေသကြီးဘတ်ဂျက်မှ ငွေကျပ်သန်း ၁၉၀ဝ ကျော် အသုံးပြုမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။