သတ္တုမိုင်းတွင်းကြောင့် ချောင်းကော၊ ခြံပျက်သည်ကိစ္စ သုံးလကြာမှစစ်

0
228
Dawei Watch, Dawei News, Dawei News Media

တောင်ပိုင်းကမ္ဘာ သတ္တုမိုင်း၏ ကျောက်တုံး၊ ကျောက်ခဲများနှင့် စွန့်ပစ် မြေစာတို့ကြောင့် ချောင်းကော၊ ခြံပျက် ခဲ့မှုအပေါ် ဒေသခံများကတိုင်ကြားထားသည်ကို သက်ဆိုင်သည့် ဌာနဆိုင်ရာများ စုပေါင်းပြီး နိုဝင်ဘာလ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့သည်။

မိုးတွင်းကာလဖြစ်သည့် သြဂုတ်လအတွင်းက တောင်ပိုင်းကမ္ဘာ ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇော်ဖိုးလလုပ်ကွက်မှ ကျောက်တုံး၊ ကျောက်ခဲနှင့် စွန့်ပစ် မြေစာတို့သည် တောင်ကျရေနှင့်အတူ ဖွတ်လက်တိုချောင်းအတွင်း စီးဝင်ခဲ့ သည်။

ယင်းသို့ စီးဝင်သဖြင့် ချောင်းရေစီကြောင်းပြောင်းသွားပြီး ဒေသခံတို့၏ ဥယျာဉ်ခြံအတွင်း စီးဝင်သဖြင့် ခြံပါပျက်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကိစ္စဖြစ်ပြီးသည်ကို ဒေသခံများက သက်ဆိုင်ဌာနဆိုင်ရာတို့ထံ တိုင်ကြားခဲ့ပြီးနောက် ယခုလ တတိယပတ်တွင် သတ္တုတွင်း ဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံး၊ သစ်တောဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စသည်တို့က ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချက်အစီရင် ခံစာကို နိုဝင်ဘာလ ၂၃ ရက်နေ့နောက် ဆုံးထား၍ ဝန်ကြီးဌာန ရုံးချုပ်သို့ တင်ပြမည်ဖြစ်ကြောင်း တိုင်းသတ္တုတွင်းဦးစီး ဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“အခုအစီရင်ခံစာရေးနေပြီ” ဟု ၎င်းက ပြောသည်။

စစ်ဆေးချက်အရ မြေစာဖုံးသွားသည့် ချောင်းအား ပြန်ဖော်ထားသော်လည်း လိုအပ်ချက်ရှိနေသေးခြင်း၊ ချောင်းရေကြည်လင်မှုမရှိခြင်း၊ အနံ့ထွက်ခြင်း တို့ကို တွေ့ခဲ့ရကြောင်း ၎င်းက ပြောသည်။

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်ကို အမှန်တိုင်းတင်ပြပေးစေလိုကြောင်း ဒေသခံ ကြက်ပေါင်ချောင်းရွာသား စောရှဲဒေက ပြောသည်။

“တွေ့တဲ့အတိုင်း တင်ပြရင်တော့ ကောင်းတာပေါ့နော်။ မတင်ပြဘူးဆိုရင်တော့ ကျွန်တော်တို့ကတော့ သေမှပဲရ တော့မယ်” ဟု စောရှဲဒေက ဆိုသည်။

ယင်းကဲ့သို့ သတ္တုမိုင်းကကျောက်ခဲ၊ ကျောက်တုံးများ‌ ချောင်းရေနှင့်အတူကျ လာခြင်းကြောင့် ဖွတ်လက်တိုချောင်း ပျက်ခဲ့ရသည့်အပြင် ဥယျာဉ်ခြံ အနည်းဆုံး ၁၀ ခြံပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပိုင်းကမ္ဘာကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် အသေးစားသတ္တုတူးဖော်ခွင့် တစ်နှစ်ရရှိပြီး သက်တမ်းကုန်ချိန် သတ္တုဆက်တူးနေသဖြင့် ဒေသခံတို့ က တိုင်ကြားခဲ့ဖူးသည်။

၂၀၁၉ ခုနှစ်တွင် အလတ်စားတူးဖော်ခွင့် နှစ်သုံးဆယ်ကို အစိုးရက ထပ်မံ ခွင့်ပြုပေးခဲ့သည်။

ကျော်သူစိုး