အဖြေထွက်ပြီးသားဖြစ်သည့် ပုစ္ဆာ- ဆက်နီမည့် တနင်္သာရီ

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပါတီအရေအတွက်နှင့် ကိုယ်စား လှယ်လောင်းအရေအတွက်တို့များ လာသော်လည်း တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ရွေးကောက်ပွဲအခင်း အကျင်းမှာ လက်ရှိ အာဏာရပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကသာ အသာစီးရယူထားပြီး ပြီးခဲ့သည့် ငါးနှစ်ကလိုပင် ဆက်လက် အောင်ပွဲပန်ဆင်မည့်အနေအထားတွင် ရှိနေသည်။ ယင်းကား နိုင်ငံရေးရလဒ်အားဖြင့် အပြောင်းအလဲမရှိ ဆက်သွားမည့်အသွင်ကို ဆောင်နေသည်။

“မျှော်လင့်ချက်ကတော့ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ညီညွတ်စွာ ပါတီအစုံက လွှတ်တော်ကိုယ်စားလှယ် အစုံဖြစ်စေချင်တယ်။ အခုက တစ်ပါတီတည်းဖြစ်နေတယ်”
တနင်္သာရီတိုင်းဒေသကြီး၏ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း လည်းဖြစ်၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ယင်းဝန်ကြီးနေရာအတွက် ပါဝင် ယှဉ်ပြိုင်မည့်သူလည်းဖြစ်သည့် ဦးစောဟာဗီ၏ ပြောစကား ဖြစ်သည်။

NLD ပါတီသည် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူပင် တနင်္သာရီတိုင်းဒေသ ကြီးတွင်လည်း ကြီးမားသည့် လွှမ်းမိုးမှု ရှိနေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာအားလုံး၌ အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိသည့်အနက် NLD က ရာနှုန်း ပြည့်အနိုင်ရရှိသည့် ဒေသနှစ်ခုမှာ တနင်္သာရီနှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြုလိုက်သည့် စက်တင်ဘာလ ၈ ရက်နေ့မှာပင် မြို့တော်ထားဝယ်အပါအဝင် တိုင်းအတွင်းရှိ မြို့နယ်များတွင် ပါတီအချို့က မဲဆွယ်ရေးလှုပ်ရှားမှုများကို ကိုဗစ်-၁၉ ကပ်ဘေးကို အန်တုကာ စတင်ခဲ့ကြသည်။

တိုင်းအတွင်း နေရာအများအပြားတွင် ခွပ်ဒေါင်းပုံပါ အနီရောင်အလံများကသာ တဖျပ်ဖျပ် လွင့်နေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

Facebook လူမှုကွန်ရက်ပေါ်တွင် တွေ့ရသည့် အခြားဒေသများ၏ မြင်ကွင်းများနည်းတူ ထားဝယ်မြို့ရှိ ရပ်ကွက်များ၊ လမ်းများတွင် နိုင်ငံရေး ပါတီများ၏ အလံများကို လွှင့်ထူကြသည်များ ရှိသော်လည်း အများစုမှာ NLDအလံများသာ။ ထို့အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် သုံးဘီးယာဉ်အချို့ပင် ယင်းအလံများ တလူလူဖြင့်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မည်သို့ပင် ရှိခဲ့သည်ဆိုစေကာမူ ၎င်း တို့အနေနှင့် NLDပါတီကို ပေါ်ပေါ် ထင်ထင် ထောက်ခံရသည်ကို ဂုဏ်ယူ ကျေနပ်လျက်ပင် ရှိနေကြသေးသည်ကို ပြသနေကြခြင်း ဖြစ်သည်။

ယင်းအခြေအနေတို့မှာ မြို့များ တွင်သာမဟုတ်ဘဲ လူသူအရောက် အပေါက်နည်းပါးလှသည့် တနင်္သာရီ တောင်တန်းများ၏အခြေက ကျေးရွာများ၌တွင်ပင် တွေ့နိုင်သည်။

“ကျွန်တော့် နယ်နိမိတ်ထဲမှာတော့ နဂိုမူလပုံစံတိုင်းပဲ သွားမယ်ဆိုတာကို မြင်ရတယ်” ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းက ပြောဆိုသည်။
အထက်ပါအခြေအနေတို့မှာ မဲဆွယ်ကာလ အစဦးတွင် မြင်တွေ့ရသည့် အခင်းအကျင်းများအပေါ် သုံးသပ်ခန့် မှန်းခြင်း ဖြစ်သည်။

လက်ရှိတွင် ရွေးကောက်ပွဲမှာ ကျင်းပနေပြီဖြစ်သည်။ ယခုဆောင်းပါးရေးချိန် နိုဝင်ဘာလ ၆ ရက်နေ့တွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေးခြင်းလုပ်ငန်းများလည်း ပြီးဆုံးခဲ့ပြီဖြစ်သည်။

ယင်းအချိန်အတွင်း မြင်တွေ့ရသည့် အခြေအနေတို့မှာ တိုင်းအတွင်း အနီရောင်ဆက်လွှမ်းမည့် အသွင်ကို ဖော်ပြနေပါသည်။

အချိန်နှစ်လတာ ခွင့်ပြုခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလတွင် လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အား ထောက်ခံမှုသည် အုံနှင့်ကျင်းနှင့် ရှိနေ သေးကြောင်း တွေ့ရသည်။ ထို့အတူ မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံးလူမှုမီဒီယာတစ်ခုဖြစ်သည့် ဖေ့ဘုတ်ပေါ်တွင်လည်း ယင်းပါတီကို ဝန်းရံထောက်ခံမှုမှာ အခြားပါတီများထက် ပိုမိုများပြားနေကြောင်းကို တွေ့ရမည် ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ငါးဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၂၇၃ ဦးက ရွေးကောက်ပွဲကော်မရှင်ထံသို့ အမည် စာရင်းတင်သွင်းခဲ့ကြသည်။ သို့သော် ထိုအထဲမှ လေးဦးသည် ဥပဒေသတ် မှတ်ချက်တို့နှင့် မညီညွတ်သည်များရှိ သဖြင့် ပယ်ချခံခဲ့ရရာ ၂၆၉ ဦး ကျန်ရှိသည်။ ယင်းတို့ထဲမှ နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ် ပါတီ (UDP) မှာ ဖျက်သိမ်းခြင်းခံလိုက်ရသဖြင့် စုစုပေါင်း ၂၂၆ ဦးသာ ကျန်ရှိတော့ သည်။ ယင်းအရေအတွက်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကထက် ကိုယ်စားလှယ်လောင်းအရေအတွက် ၄၅ ဦး တိုးလာခြင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် စုစုပေါင်း ၁၈၁ ဦးဝင်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပါတီအရေအတွက်လည်း ပိုများလာခဲ့သည်။ ၂၀၁၅ ခုနှစ်က ပါတီအရေအတွက်မှာ ၁၂ ပါတီသာ ရှိခဲ့ ပြီး ယခုမူ ၁၃ ပါတီဖြစ်သည်။ ထိုအထဲတွင် ယခုမှ တိုင်းအတွင်းသို့ ဝင်ရောက် လာသည့် မျက်နှာသစ်ပါတီ ခြောက်ပါတီပါဝင်သည်။ အချို့ပါတီများက ယခုအကြိမ်တွင် ပါမလာတော့ပေ။

တိုင်းအတွင်း အင်အားကြီးပါတီများအဖြစ် NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)တို့က နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ တိုင်းရင်းသားပါတီများအဖြစ် ကရင်ပြည်သူ့ပါတီ(KPP)၊ မွန် ညီညွတ်ရေးပါတီ(MUP)နှင့် ထားဝယ် တိုင်းရင်းသားများပါတီ (DNP)တို့ သုံးခုသာ ပါဝင်ခဲ့သည်။

တနင်္သာရီတိုင်းအတွင်းတွင် ပြည်သူ့လွှတ်တော်နေရာ ၁၀ နေရာ၊ အမျိုးသားလွှတ်တော်နေရာ ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၂၀ နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ တစ်နေရာ၊ စုစုပေါင်း ၄၃ နေရာ ရှိသည်။

တိုင်းရင်းသားပါတီတို့အနေနှင့် နေရာအနည်းစုတွင်သာ ဝင်ရောက်ယှဉ် ပြိုင်နိုင်ခြင်းဖြစ်သည်။ တိုင်းအတွင်း အခြေစိုက်ပြီး တစ်ခုတည်းသော ပါတီဖြစ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီဆိုလျှင် နေရာရှစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်သည်။ ယင်း နေရာ တို့သည်လည်း တိုင်းဒေသကြီးလွှတ်တော်နေရာများသာဖြစ်ပြီး ပြည်ထောင်စုအဆင့်လွှတ်တော်နေရာများ မဟုတ်ပေ။ တိုင်းအခြေစိုက် တစ်ခုတည်းသော တိုင်းရင်းသားပါတီဖြစ် သော်လည်း ထားဝယ်ပါတီသည် ၂၀၁၃ ခုနှစ်ကမှ တည်ထောင်ခဲ့သည်ဖြစ်ရာ အခြားဒေသများရှိ တိုင်းရင်းသားပါတီများနှင့် နှိုင်းစာလျှင် သက်တမ်းနုနယ် သေးသည်။ ထို့အတူ ကရင်ပြည်သူ့ ပါတီ(KPP) က ၁၅ ဦး၊ မွန်ညီညွတ်ရေး ပါတီ (MUP) က ၁၁ ဦးသာ ဝင်ရောက် ယှဉ် ပြိုင်သည်။

အဆိုပါအခြေအနေများတွင် လက်ရှိအာဏာရပါတီ၏ လွှမ်းမိုးနေမှုအား ရပ်တန့်နိုင်မည့် အားကောင်း မောင်းသန် ပြိုင်ဘက်များ မရှိခြင်းကလည်း အနီရောင်ဆက်လွှမ်းသည့် အခြေ အနေကို တွန်းပို့နေသည်။

သို့သော်၊ ပြီးခဲ့သည့်ငါးနှစ်တာအတွင်း NLDအစိုးရ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခံခဲ့ရာ တနင်္သာရီတိုင်းတွင်လည်း ရာနှုန်း ပြည့်အောင်ပွဲခံရန်မှာမူ မသေချာသည့် အနေအထားဖြစ်သည်။

“နိုင်တော့ နိုင်နိုင်တယ်။ သို့သော် အနိုင်သည် အရင်လိုမလှနိုင်ဘူးခင်ဗျား” ဟု ဦးသန်းဝင်းက ဆိုသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့သူ ဖြစ်သည်။
NLD၏ အနိုင်ရလဒ်နှင့်ပတ်သက်၍ ၎င်းက ဘောလုံးစကားဖြင့် ဥပမာပြသည်။

“အရင်တုန်းက ငါးဂိုးတစ်ဂိုးနိုင်ချိန်မှာ အခုတော့ ငါးဂိုး နှစ်ဂိုးတွေ ငါးဂိုး သုံးဂိုးတွေ ဖြစ်လာမှာပေါ့ဗျာ”

အခြားတစ်ဖက်တွင် တိုင်းရင်းသား ပါတီများက ယခင်ထက် ပို၍ မျှော်လင့်ချက်ရှိနေသောကြောင့် ဖြစ်သည်။ ဒေသအရေးကို ဒေသနှင့် နီးကပ်သည့် ပါတီများကသာ ထိထိမိမိဆောင်ရွက်နိုင်လိမ့်မည်ဆိုသော အမြင်သဘော ထားများသည် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် ပညာရှင်များမှတစ်ဆင့် လူထုထံသို့ အတိုင်းအတာတစ်ခု စိမ့်ဝင်လာခဲ့ရာ ယင်းကပင် ဒေသခံပါတီများ ပို၍အားကောင်း လာစေသည်။

ထို့အပြင် ပါတီငယ်များအနေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင် ခြင်းမရှိသည်ဖြစ်ရာ ၎င်းတို့၏ ရည်မှန်းချက်များထဲမှ တစ်ခုအဖြစ် တိုင်းဒေသ ကြီးလွှတ်တော်အပေါ် ပိုမိုအာရုံစိုက်လာ ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်အတွက် ၎င်းတို့အား မဲပေးခြင်းကြောင့် ပြည် ထောင်စုအစိုးရဖွဲ့စည်းခြင်းအား ထိခိုက်စေမည်မဟုတ်ကြောင်း မဲဆန္ဒရှင်များအား ရှင်းပြနိုင်ခဲ့ကြသည်။

ဆိုလိုသည်မှာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့အတွက် NLDသို့မဟုတ် အခြားအင်အားကြီးပါတီတို့အား မဲပေး နိုင်သည်။ တိုင်းဒေသကြီးလွှတ်တော် အတွက်ကိုမူ တိုင်းရင်းသားပါတီများအား မဲပေးစေရန် တိုက်တွန်းခြင်း ဖြစ်သည်။ ထိုသို့မဲပေးခြင်းဖြင့် တိုင်းဒေသကြီး လွှတ်တော်အနေနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအား ပိုမိုထိန်းကျောင်းတည့် မတ်နိုင်လိမ့်မည်ဟုလည်း ၎င်းတို့က သုံးသပ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာသည့် လက်ရှိတိုင်းအစိုးရနှင့် လွှတ်တော်သည် ပါတီတစ်ခုတည်းသာ ဖြစ်ခဲ့သည့်အတွက် အပြန်အလှန်ထိန်းညှိနိုင်မှု အားနည်းခဲ့သည်ကို ၎င်းတို့က ထောက် ပြကြသည်။

မဲသုံးပြားတွင် တစ်ပြားကို တိုင်းရင်းသားပါတီများအား ပေးမည်ဆိုပါက ဗဟိုအဆင့်တွင် မဲမကွဲနိုင်သလို တိုင်းအဆင့်တွင်လည်း အပြန်အလှန်ထိန်း ကျောင်းနိုင်စွမ်း ပိုအားကောင်းလာပြီး ဒေသအကျိုးစီးပွားကို ပိုမိုဖော်ဆောင် လာနိုင်မည်ဟု ပြောဆိုလာကြသည်။

ပါတီတစ်ခုတည်းက ကြီးစိုးနေခြင်းသည် သူ့စိတ်ကြိုက် လုပ်ဆောင်ရန် အခွင့်အရေးရစေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သဘော ပေါက်ထားကြသည်။ အထူးသဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူထုအတွက် ဆိုလျှင် ဗဟိုချုပ်ကိုင်မှုတင်းကျပ်နေခြင်းမှ လွတ်မြောက်ရန်လိုအပ်သည်။ ထိုအမြင်များအား လူထုထံတွင် ကိန်းဝပ် စေရန် ပါတီအချို့က ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့်ပင် တိုင်းအဆင့်လွှတ်တော်တွင် NLDအပြင် အခြားပါတီများကိုလည်း အနိုင်ရစေလိုသည်တို့လည်း ရှိနေသည်။

“တိုင်းဒေသကြီးမှာတော့ ပါတီ အစုံပါလာရင် တစ်မျိုးကောင်းမလားပေါ့” ဟု မြိတ်မြို့မှ နိုင်ငံရေးလေ့လာသူ ဦးထွန်းထွန်းဦးက ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်းတွင် ကျွန်းကိစ္စ၊ ကမ်းခြေကိစ္စ စသည့် မြေယာကိစ္စများ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများကိစ္စ၊ သတ္တုတူးဖော်မှုနှင့် သယံဇာတများကိစ္စ၊ ဆလုံလူနည်းစု များအရေး၊ ရွှေ့ပြောင်းအလုပ်သမားများ အရေး၊ လျှပ်စစ်မီးအရေး စသည့် ပြဿနာများ ရှိနေပြီး ပြီးခဲ့သည့်အစိုးရများက မဖြေရှင်းနိုင်ခဲ့ပေ။ ယင်းတို့ကို ဖြေရှင်း ရန်မှာ အရည်အချင်းပြည့်ဝသော အစိုးရ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်ပါသည်။

ထိုအခြေနေများကြောင့် လက်ရှိ ရွေးကောက်ပွဲရလဒ်မှာ အနည်းငယ် အပြောင်းလဲ ဖြစ်ဖွယ်ရာ ရှိနေသည်။

လက်ရှိတွင် ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များ၌ ရွေးကောက်ပွဲကော် မရှင်၏ စီမံခန့်ခွဲမှု အားနည်းချက်များစွာ ပေါ်ပေါက်ခဲ့သည်။ အဆိုပါအချက်များကလည်း မဲရလဒ်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုစေလိမ့်မည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းများကလည်း ရှုပ်ထွေးစွာ ဖြစ်ပေါ်နေသည်။
တိုင်းဒေသကြီးလွှတ်တော်အတွက် လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ်၂ မှ ဝင်ပြိုင်သည့် NLDပါတီကိုယ်စား လှယ်လောင်း ဦးဗိုလ်ထွေးနှင့် မောင်းမကန်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲတို့အကြား ကြိုတင်မဲပေးသည့် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြ သည်။

ကြိုတင်မဲပေးရာတွင် မဲဆန္ဒရှင်အနေဖြင့် အကူခေါ်ခွင့်ပြုခြင်း/ မပြု ခြင်းအပေါ်တွင် ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးနှင့် ရပ်ကျေးကော်မရှင်တို့အကြား အငြင်းပွားခဲ့ခြင်းဖြစ်သည်။

အငြင်းပွားမှုနှင့် ပတ်သက်၍ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားခဲ့ပြီးနောက် NLDကိုယ်စားလှယ်လောင်းက တောင်းပန်လိုက်ရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် လွဲမှားစွာဆောင်ရွက်နေသည်ဟုဆိုကာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲအချို့ကိုလည်း ကိုယ်စားလှယ်လောင်းက တိုင်ကြားသည့် ဖြစ်စဉ်များရှိခဲ့သည်။

ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာ အသက် ၆၀ ကျော် မဲဆန္ဒရှင်နှစ်ဦး၏ ဆန္ဒမဲလက်မှတ်များကို ကာယကံရှင် ၏ ဆန္ဒမပါဘဲ မဲရုံးအဖွဲ့ဝင်တစ်ဦးနှင့် မဲရုံမှူးဖြစ်သူတို့က တံဆိပ်တုံးထုပေးခဲ့ သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးနိုင်ဦးက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့သည်။

ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးနှင့် မဲရုံမှူးတစ်ဦးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကော်မရှင်သည် ဘယ်ဘက်ကိုမှ ဘက်မလိုက်နဲ့၊ မဲရုံမှူးလည်း ဘယ် ဘက်ကိုမလိုက်နဲ့ အလယ်မှာနေ။ ရှုံးရှုံး၊ နိုင်နိုင် အဓိကမဟုတ်ဘူး။ အဓိကက သမာသမတ်ကျဖို့ အရေးကြီးဆုံးပဲ” ဟု ဦးနိုင်ဦးက ဆိုသည်။

သို့ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြားဝင်ညှိနှိုင်းပေးသဖြင့် ပြေလည် သွားခဲ့သည်။

ယင်းအပြင် ပါတီဝင်အချို့က ဘာသာရေးအကြောင်းပြုပြီး မဲဆွယ် စည်းရုံးသည့်သဘော သက်ရောက် သည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြားမှုဖြစ်စဉ်တစ်ခုလည်းရှိခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က သံဃာအပါး ၂၀ဝ အား ဆွမ်းခြောက်လောင်းလှူခဲ့ခြင်း ဖြစ်သည်။ ဆွမ်းခြောက်လောင်းပွဲဆိုင်း ဘုတ်တွင် ကနက်သီရိကျေးရွာ NLDမိသားစုမှ ဆွမ်းခြောက်နှင့် ဆီဆွမ်း လောင်းလှူပွဲ အခမ်းအနားဟု ရေးသားထားသည်။