ပဲ့စင်ကျွန်းကိစ္စ လျှို့ဝှက်စရာကိစ္စမဟုတ်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော

0
634

ပဲ့စင်ကျွန်းလျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ကပေးခဲ့သည့် သဘောထားမှတ်ချက်မှာ လျှို့ဝှက်စရာကိစ္စမဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောကြားသည်။

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စအတွက် ကျိုးပေါက်စေမည့်ကိစ္စမှလွဲ၍ ပြည်သူများသိသင့်သိထိုက်သည့် အခြားကိစ္စမှန်သမျှကို လျှို့ဝှက်စရာအကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း ဧက ၁၄၀ ရှိ ပဲ့စင်ကျွန်းကို ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည်။

အဆိုပါကျွန်းပေါ်တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ် ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါကုမ္ပဏီက ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရက ဗဟိုမြေလွတ်၊ မြေလပ် ကော်မတီထံ သဘောထားမှတ် ချက်ပေးရသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

ဗဟိုမြေလွတ်၊ မြေလပ် ကော်မတီထံပေးခဲ့သည့် သဘောထားမှတ်ချက်က တိုင်းအစိုးရအဖွဲ့ အစည်းအဝေး၏ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေသည့်အတွက် ထုတ်ပြန်၍ မရကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောဆိုထားသည်။

ထိုသို့ ထိပ်တန်းလျှို့ဝှက်ဖြစ်နေသည့်အတွက် အများပြည်သူကို ထုတ်ပြန်၍မရကြောင်းပြောဆိုချက်မှာ ရွေးကောက်ပွဲကြေညာစာတမ်းနှင့်လည်း မကိုက်ညီကြောင်း တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးကြည်စိုးက ဆိုသည်။

ကျွန်းတိုက်ပွဲ

“ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပေးထားတဲ့ ကတိအတိုင်းပဲ တည်အောင် ကြိုးစားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်” ဟု ဦးကြည်စိုးက ပြောသည်။

NLDပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲကတိတွင် နိုင်ငံနှင့် အစိုးရအခြေအနေကို လူတိုင်းသိခွင့်ရှိပြီး ပွင့်လင်းမြင်သာတဲ့ စနစ်ဖြစ်အောင် လုပ်ဆောင်မည်ဟု ပါရှိသည်။

ပဲ့စင်ကျွန်းကို လုပ်ပိုင်ခွင့်လျှောက်ထားသည့် ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီ အမည်များဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေနေရာငါးခုတွင် မြေအကျယ် အဝန်းဧက ၇၀ဝ နီးပါးကို မြေလွတ် မြေလပ်လုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည်။

ထို့အပြင် ယင်းမြို့နယ်အတွင်းရှိ အခြားနေရာ ၂ ခုတွင်လည်း လုပ်ပိုင်ခွင့် လျှောက်ထားရန် ပြင်ဆင်နေသည်ဟု တိုင်းမြေစာရင်းဌာနထံမှ သိရသည်။

အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုကလည်း ထားဝယ်ခရိုင်အတွင်းရှိ ပဲ့စင်ကျွန်း အပါအဝင် ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက် လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် တောင်းဆိုထားသည်။