ကမြောကင်းတံတားအသစ် မြေကြီးစမ်းသပ်တိုင်းတာရေးဘတ်ဂျက် ထက်ဝက်ကျော် ပြန်အပ်

0
494

ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်မြစ်ကူးတံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ချထားပေးသည့် ဘတ်ဂျက်ထက်ဝက်ကျော် ပြန်အပ်လိုက်ရကြောင်း တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၄) ထံမှ သိရသည်။


မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတားအကြားနေရာ အဆိုပြုနေရာ ၁ (Alignment-1) တွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူခြင်း၊ တံတားပုံစံထုတ်ခြင်းစသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများအတွက် လက်ရှိဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း ၅၀ဝ ခွင့်ပြုထားသည်။


လက်ရှိ ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တွင် ပြည်ထောင်စုအစိုးရကဌာနများအတွက် ခွင့်ပြုပြီးဘတ်ဂျက်အချို့ကို ပြန်အပ်ခိုင်းရာ ကမြောကင်းတံတားအသစ် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ခွင့်ပြုဘတ်ဂျက်မှ ကျပ်သိန်း ၃၀ဝ ကို ပြန်အပ်လိုက်ရကြောင်း တည် ဆောက်ရေးအဖွဲ့ ၄ မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။


“သန်းနှစ်ဆယ်က လုံလောက်ပါတယ်။ ကျွန်တော်တို့က မြေစမ်းတာနဲ့ ပုံထုတ်တာပဲလေ” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။


လက်ရှိတွင် မြေသားစမ်းသပ်သည့် လုပ်ငန်းများပြီးစီးပြီဖြစ်ပြီး ဘတ်ဂျက်ပြန်အပ်လိုက်ရသည့်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။


မြစ်ကူးတံတားအသစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ယင်းအတွက် တိုင်းအစိုးရက ကျပ်သန်း ၂၀ဝ ကို ထည့်ဝင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။


တံတားဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရက ငွေကျပ် ၁ ဘီလီယံ သို့မဟုတ် ၂ ဘီလီယံခန့်ကို လျာထားမည်ဟုထင်ကြောင်း ဦးကျော်မျိုးထွန်းက ဆိုသည်။


တံတားအသစ်တည်ဆောက်ရန် လက်ရှိသတ်မှတ်ထားသည့်နေရာတွင် တံတားအရှည် ၁၁၀ဝ ပေခန့် အရှည်မည်ဖြစ်သည်။


ထားဝယ်ဒေသခံ အများစုကမူ ထားဝယ်မြစ်ကူးတံတားအသစ်ကို ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့နေရာတွင် တည်ဆောက်ပေးရန် လိုလားကြသည်။ သို့သော် အစိုးရက ယင်းနေရာကို ရွေးချယ်ခဲ့ခြင်း မရှိပေ။


လက်ရှိထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ၁၉၇၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အရှည်ပေ ၁၁၀ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၂ ပေရှိသည်။