စောင့်ကြည့်စခန်းပို့နေသည့်ကိစ္စ ညွှန်ကြားချက်လိုက်နာရန် တိုင်းအစိုးရ မေတ္တာရပ်ခံ

0
466

အခြားတိုင်းနှင့်ပြည်နယ်မှ လာရောက်သူများကို စောင့်ကြည့်စခန်းသို့ ပို့ဆောင်နေသည့်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက်အတိုင်းလိုက်နာကြရန် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံလိုက်သည်။


အခြားတိုင်း/ ပြည်နယ်ရှိ ကိုရိုနာရောဂါပိုးမတွေ့သေးသည့်မြို့နယ်မှ လာရောက်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း တိုင်းအစိုးရက မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။


နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်ပါရမည်ဟု ဖော်ပြသည်။


ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးကာ လိုအပ်မှသာ စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


သို့သော် ထားဝယ်ခရိုင်ရှိ ရပ်ကျေးအချို့နှင့် ထားဝယ်လေယာဉ်ကွင်းတို့တွင်မူ ရန်ကုန်တိုင်းသို့ အခြားတိုင်းနှင့် ပြည်နယ်မှလာရောက်ပါက မည်သည့်မြို့နယ်ဖြစ်စေ စောင့်ကြည့်စခန်းတွင်နေရမည်ဟုဆိုကာ စခန်းသို့ပို့ဆောင် နေသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကျေးတာဝန်ရှိသူများက စေတနာလွန်ကဲကာ အစိုးရလမ်းညွှန်ချက်နှင့် မကိုက်ညီဘဲ လုပ်ဆောင်နေသည့် အနေအထားဖြစ်သွားသည်ကိုတွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


“အစိုးရရဲ့ လမ်းညွှန်ချက်ကိုတော့ သေသေချာချာလေး လိုက်နာပေးဖို့တော့ လိုအပ်ပါတယ်ဗျ။ အတတ်နိုင်ဆုံးလည်းပဲ လိုက်နာပေးဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။


ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တိုင်းအစိုးရညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်ပြီး ကွဲလွဲလုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။


“ညွှန်ကြားချက်အတိုင်း မလိုက်နာနိုင်ရင်တော့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူမှာပေါ့” ဟု ဦးအောင်စိုးမိုးက ပြောသည်။


ထိုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တိုင်းအစိုးရညွှန်ကြားချက်ကိုလိုက်နာကြရန် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ညွှန်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


အစိုးရထုတ်ပြန်ချက်ကို တွေ့ရသည့်အတွက် လိုအပ်သည့် ထောက်ခံချက်များယူဆောင်ပြီး လာသော်လည်း ထားဝယ်သို့ရောက်ချိန်တွင် စောင့်ကြည့်စခန်းတွင် နေခိုင်းသည့်အတွက် အခက်အခဲများစွာကြုံတွေ့ရကြောင်း ပဲခူးမြို့မှ ထားဝယ်သို့လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။


ထားဝယ်လေယာဉ်ကွင်းတွင်မူ မေလ ၂၀ ရက်နေ့မှစကာ ရောဂါပိုးမတွေ့သေးသည့် မြို့နယ်မှထောက်ခံချက်ဖြင့် လာသူများကို စောင့်ကြည့်စခန်းသို့မပို့တော့ကြောင်း သိရသည်။


တိုင်းအစိုးရညွှန်ကြားချက်တွင် ရောဂါပိုးမတွေ့သေးသည့် မြို့နယ်မှပြန်လာပြီး ကျန်းမာရေးကောင်းပါက စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်သော်လည်း ပြည်ပပြန်များနှင့် ရောဂါပိုးတွေ့ထားသည့် မြို့နယ်များမှပြန်လာပါက စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်း နေထိုင်ရမည်ဟု ဖော်ပြထားသည်။