တီဇစ် ကမ်းခြေနေရာအချို့တွင် ငါးဖမ်းသည့် ဒေသခံ ရေလုပ်သားများ နှင်ထုတ်ခံနေရ

0
563
ညောပြင်ကျေးရွာရှိ ကင်းမွန်မြှုံးလုပ်ငန်း

လောင်းလုံးမြို့နယ်၊ တီဇစ်ကမ်း ခြေရှိ နေရာအချို့တွင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဝယ်ယူထားသည့် ဧရိယာဖြစ်သည်ဟုဆိုကာ ယင်းဧရိယာ ရှေ့ကမ်းခြေရေပြင်တစ်ဝိုက်တွင် ငါး ဖမ်းသည့် ဒေသခံရေလုပ်သားများ နှင်ထုတ်ခံနေရကြောင်း ဒေသခံများက ပြောသည်။

တီဇစ်ကျေးရွာရှိ၊ ဖိုးလမော် ကမ်း ခြေတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဝယ်ယူထားသည်ဆိုသည့် ကမ်းခြေ မြေကွက်ဧရိယာ ဝန်းကျင်တွင် မည်သူမျှ ငါးဖမ်းဆီးခွင့်မပြုဘဲ နှင်ထုတ်နေခြင်း ကြောင့် ရေလုပ်ငန်းလုပ်ကိုင်သည့် ဒေ သခံများ အခက်အခဲ ကြုံတွေ့ နေရ သည်ဟု တီဇစ်ကျေးရွာ ဒေသခံ များက ပြောသည်။

ညောပြင်ကျေးရွာရှိ ကင်းမွန်မြှုံးလုပ်ငန်း
ညောပြင်ကျေးရွာရှိ ကင်းမွန်မြှုံးလုပ်ငန်း

” ဒီမြေကွက်ရှေ့မှာ ငါးသွားဖမ်းလို့ မရဘူး။ လာမဖမ်းနဲ့လို့ပြောတယ်။ သူ တို့ ဝယ်ယူထားတဲ့ မြေကွက် ဧရိယာကို ရှင်းရှင်းလင်းလင်းတိုင်းတာ သတ်မှတ် ပေးစေချင်တယ်” ဟု တီဇစ်ကျေးရွာနေ အသက်၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပင်လယ်ရေလုပ်သား အများစု နေထိုင်သည့် ယင်းရွာတွင် မိုးတွင်း ကာလနှင့် လှိုင်းလေကြီး သည့်အချိန် များတွင် ပင်လယ်ပြင် မထွက်နိုင်သည့် အခါ ယင်းစီးပွားရေးလုပ်ငန်းရှင် ဝယ်ယူထားသည်ဆိုသည့် မြေကွက်ရှေ့ ပင်လယ်ကမ်းစပ်၌ ငါးဖမ်းပိုက်ချကာ ငါးဖမ်းသည့် အချိန်မျိုးတွင် နှင်ထုတ် ခံနေရကြောင်း တီဇစ်ရွာသားများက ဆိုသည်။

တီဇစ်ကျေးရွာ ကမ်းခြေတစ် လျှောက်ရှိ မြေကွက်အများအပြားကို အရောင်းအဝယ် ပြုလုပ်ထားကြပြီး လာ ရောက်ဝယ်ယူရင်းနှီးမြှပ်နှံ ထားကြ သူများအနေဖြင့် ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူပြု စေချင်သည် ဟု အထက်ပါ တီဇစ်ကျေးရွာမှ ဒေသခံ အမျိုးသားက ဆိုသည်။
၎င်းအပြင် ယင်းစီးပွားရေး လုပ် ငန်းရှင် ဝယ်ယူထားသည်ဆိုသည့် မြေ ကွက်ရှေ့ ပင်လယ်ကမ်းစပ်တစ် လျှောက် တွင် အုန်းပင်၁၀၀၀ ခန့် စိုက်ပျိုးထားကာ ” အပြင်လူ လုံးဝမဝင်ရ ” စာတမ်းပါ ဆိုင်းဘုတ်ချိတ်ထားပြီး မြေကွက်အတွင်း ဝင်ရောက်မိပါက အမြဲစောင့်ကြည့် နေသည့် စကားပြောစက် ကိုင်ထားသော လုံခြုံရေးဝန်ထမ်းများက နှင်ထုတ်လေ့ရှိ သည်ဟု အသက် ၅၀ အရွယ် ဒေသခံ တစ်ဦးက ဆိုသည်။
“နိုင်ငံခြားသား သူဌေးတစ် ယောက် က ဝယ်ယူထားတယ်လို့ ကြားရတယ်။ စည်းကမ်းရှိတဲ့ နိုင်ငံခြားသားဆိုရင် မြန်မာနိုင်ငံမှာလည်း ထင်သလိုမလုပ်ဘဲ စည်းကမ်းတကျ လုပ်စေချင်တယ်” ဟု ယင်းဒေသခံက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပိုင်ရှင် ဟု ဆိုသူအား သွားရောက်မေးမြန်း ခဲ့သော်လည်း အစည်းအဝေးပြုလုပ် နေသဖြင့် မအားလပ် ကြောင်း အလုပ် သမားခေါင်းဆောင် ကိုမိုက်ဟု ဆိုသူက ပြန်လည် ဖြေကြားခဲ့သည်။
စီမံကိန်း မြေကွက်အနီး ဒေသခံ များ ငါးဖမ်းပိုက်ချ ငါးဖမ်းနေကြ သော်လည်း တားဆီး ပိတ်ပင်ခြင်းမရှိဘဲ ကိုယ့်ခြံစည်းရိုး လုံခြုံရေးအတွက်သာ လုံခြုံရေး ချထားခဲ့ခြင်းဖြစ်ပြီး ဒေသခံ များက နားလည်မှုလွဲမှားခြင်းသာ ဖြစ် သည်ဟု ယင်းလုပ်ငန်း အလုပ်သမား ခေါင်းဆောင် ကိုမိုက်က ဆိုသည်။
” အုန်းပင်တွေ ပင်လယ်ကမ်းစပ် အထိ စိုက်တာက ငွေဆောင်၊ ချောင်းသာ ကမ်းခြေတို့လို လှပစေချင်လို့ပါ” ဟု အလုပ်သမား ခေါင်းဆောင် ကိုမိုက်က ပြောသည်။

ကမ်းခြေ သာယာလှပစေရန် သဲသောင် ပြင်တွင် အုန်းပင် စိုက်ပျိုး၍ရသော်လည်း နေရာတိုးချဲ့သည့်သဘောဖြစ်စိုက်ပျိုး ပါက ခွင့်မပြုနိုင်ကြောင်း လောင်းလုံး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
ယင်းအပြင် မိသားစု ဝမ်းစာရေး အတွက် ပင်လယ်ကမ်းစပ်တွင် တစ်နိုင် တစ်ပိုင် ပိုက်ချပြီး ငါးဖမ်းလုပ်ငန်း လုပ် ကိုင်နေကြသည့် ပြည်သူများကိုလည်း တားဆီးခွင့် မရှိကြောင်း ၎င်းက ဆက် ပြောသည်။

ယင်းစီးပွားရေး လုပ်ငန်းရှင်ဝယ်ယူ ထားသည့် ဧရိယာမှာ ၁၀ ဧကကျော်ရှိ သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း ယင်းလယ်ယာမြေအား သီးနှံစိုက်ပျိုးရန်မဟုတ်ဘဲ အခြားနည်း အသုံးပြုခွင့်အတွက် ၅.၂၇ ဧကကို လာလျှောက်ထားသည်ဟု လောင်းလုံး မြို့နယ်မြေစာရင်းဦးစီးဌာနထံမှ သိရ သည်။