တိုင်းအတွင်း ကလေး ၃၀၀၀၀ ခန့် ပိုလီယိုဆေးထိုးမည်

0
447

ပိုလီယိုရောဂါ လုံးဝပပျောက်စေရန် ရည်ရွယ်ပြီး  ပိုလီယိုကာကွယ်အစက်ချ ဆေးအပြင် ပိုလီယို ကာကွယ်ထိုးဆေး အသစ်ထိုးနှံသည့် အစီအစဉ်ကို ဒီဇင်ဘာလ တွင် စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။


ယင်းပိုလီယို ကာကွယ်ထိုးဆေး အသစ် ထည့်သွင်းထိုးနှံခြင်း အစီအစဉ် ကို နိုင်ငံတဝန်း ဒီဇင်ဘာလတွင် တစ်ပြိုင်တည်း စတင် လုပ်ဆောင်မည် ဖြစ်ပြီး တိုင်းအတွင်း အသက် ၄နှစ် အရွယ်ကလေးဦးရေ သုံးသောင်းခန့်ကို ထိုးနှံမည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေး တိုက်ခြင်း အစီအစဉ်မှာ ထည့်သွင်း ထိုးနှံပေးသွားမယ်၊ အသက် ၄ နှစ် အရွယ်ရှိ ကလေးတိုင်းကို တစ်နှစ် အတွင်း တစ်ကြိမ် ပိုလီယိုကာကွယ် ဆေးထိုးနှံပေး မယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆို သည်။
အဆိုပါ ပိုလီယိုရောဂါပိုးသည် ပိုလီယိုဗိုင်းရပ်ကြောင့် ဖြစ်ပွား၍ အလွန် ကူးစက်ပျံနှံ့လွယ်ပြီး ရောဂါပိုးရှိလူနာ၏ မစင်မှတစ်ဆင့် အစာနှင့်ရေများသို့ ရောက်ရှိကာ ထို့မှတစ်ဆင့် အခြား တစ်ယောက်ထံရောဂါ ကူးစက်တတ် သည်ဟု သိရသည်။
ယင်းရောဂါရှိသူသည် ဖျားခြင်း၊ အန်ခြင်း၊ ဇက်တောင့်ခြင်း၊ လက်ခြေများ နာကျင်ခြင်း၊ အားနည်းခြင်းနှင့် အကြော သေ၍ မသန်စွမ်းခြင်း လက္ခဏာများ ဖြစ်ပွားပြီး ကာကွယ်ဆေး အပြည့်အဝ မတိုက်ထားသော ၅ နှစ်အောက် ကလေး ငယ်များတွင် ပိုမိုဖြစ်ပွားတတ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေ သောလက်ကမ်းစာစောင်၌ ရေးသားထား သည်။
ပိုလီယို ကာကွယ်ဆေး ထိုးဆေးနှင့် ပိုလီယိုအစက်ချကာကွယ်ဆေးတို့သည် ရောဂါကာကွယ်မှု နည်းလမ်းမတူသော ကြောင့် နှစ်မျိုးစလုံး၏ အာနိသင်များ ပေါင်းစပ်လျက် ရောဂါကာကွယ်မှု ပိုမိုအားကောင်းစေသည်ဟု လက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။