ငါးပူတင်းစားမိရာမှ အဆိပ်သင့်ကာ လူနှစ်ဦး သေဆုံး

0
550

ရေဖြူမြို့နယ်၊ (က) ရပ်ကွက်တွင် ငါးပူတင်းစားမိရာမှ အဆိပ်သင့်ကာ လူနှစ်ဦးသေဆုံးပြီး ၂ ဦး ဆေးဝါး ကုသခံယူနေရကြောင်း ထားဝယ်ဆေး ရုံးကြီးမှ သိရသည်။

နိုဝင်ဘာလ ၂၂ရက် ညနေပိုင်းတွင် ငါးပူတင်း ကလီစာအား ချက်ပြုတ် စားသောက်မိရာမှ ရေဖြူမြို့နယ်တွင် တစ်ဦးသေဆုံးကာ နောက်တစ်ဦးမှာ ထားဝယ်ဆေးရုံကြီးတွင် သေဆုံးသွား ခဲ့ပြီး ဆေးကုသခံယူနေရသည့် ကျန်နှစ် ဦးမှာမူ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ထားဝယ် ဆေးရုံအုပ်ကြီးက ပြောသည်။
” များများ စားတဲ့သူတွေကိုတော့ ဘာမှ လုပ်လို့ မရတော့ဘူး” ဟု ဆေးရုံ အုပ်ကြီးက ပြောသည်။

အဆိုပါ လူသေဆုံးစေသည့် အစာ အဆိပ်သင့်မှုအား ဓာတုဗေဒ ဝန်ရုံးသို့ စစ်ဆေးရန် ပို့ဆောင်ထားပြီး အဖြေ ထွက်လာမှသာ မည်သည့် အဆိပ်အ မျိုးအစားဖြစ်သည်ကို သိရှိနိုင်မည်ဟု သိရသည်။

ငါးပူတင်းသည် စားကောင်းသည့် ငါးတစ်မျိုးဖြစ်သော်လည်း ခုတ်ထစ် ကိုင်တွယ်တတ်မှသာ စားသင့်သည့် ငါးအမျိုးအစားဖြစ်ကာ နောက်ကျော သားတစ်နေရာသာ စားနိုင်သည်ဟု ငါးပူတင်းအား စားသောက်ဖူးသူ ဆန်း ချီရပ်ကွက်မှ ကိုလတ်က ပြောသည်။
” သည်းခြေအိတ်ပေါက်သွားရင် စားတဲ့သူ အဆိပ်ဖြစ်တော့တာပဲ” ဟု ကိုလတ်က ဆိုသည်။

အဆိုပါ ငါးအားပင်လယ်ပြင် ငါး ဖမ်းလှေများတွင် အမြဲတမ်းဖမ်း ဆီးရမိ ကာ ရောင်းမရသည့်အတွက် အမြဲလွှင့် ပစ်ရလေ့ရှိသည်ဟု သိရသည်။
ငါးပူတင်းနှစ်မျိုးရှိကာ အဝါရောင် ရှိသည့် ငါးပူတင်းမှာ စား၍ရပြီး အစိမ်း ရောင်ရှိသည့် ငါးပူတင်းမှာ စားသုံးရန် မသင့်ကြောင်း နှစ်ပေါင်း ၂၀ခန့် ပင် လယ်ပြင် ငါးဖမ်းလှေ ပဲ့နင်းလုပ် ခဲ့ဖူးသူ ကိုကျော်ဝင်းက ပြောသည်။

” အဲဒီ ငါးကို စားဖို့ “ကိုင်” ရင် အရမ်း သတိထားရတယ်။ တစ်ခါနှစ်ခါ ပဲစားဖူးတယ်” ဟု ပဲ့နင်း ကိုကျော်ဝင်း က ပြောသည်။
အဆိုပါ ငါးပူတင်း ငါးစားသုံးပြီး အဆိပ်ဖြစ်မှုမှာ ငါးအား များများ စားသုံး မိပါက မည်သို့မျှ မကယ်ဆယ် နိုင်ဘဲ နည်းနည်းသာ စားသုံးမိသူအား ဆေးရုံ မရောက်မီ အစာအိမ်ထဲ ဘာမျှမကျန် အောင် အန်စေခြင်း၊ ဝမ်းသွားအောင် လုပ်ခြင်းစသည့် ရှေးဦးသူနာပြု နည်း ဖြင့် ပြုစုထားနိုင်ကြောင်း ထားဝယ် ဆေးရုံ အုပ်ကြီးက အကြံပြု ပြောကြားသည်။