ငါးအိမ်သယ်သော်လည်း ဈေးကောက်ပေးရဟု သဘော့ဆိပ် ငါးဖမ်းသမားများပြော

0
520

မောင်းမကန်ကမ်းခြေအနီး ပင်လယ်ငါးဖမ်းဈေးကွက် တည်ရှိရာ သဘော့ဆိပ်ကျေးရွာရှိ ပင်လယ်ကမ်းစပ်တွင် နေထိုင်သော ငါးဖမ်း သမားများသည် ဖမ်းဆီးရမိသော ငါးများကို နေအိမ်သို့ သယ်သွား သော်လည်း ဈေးကောက်ပေးနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

ဈေးကောက် ကန်ထရိုက်ဆွဲထားသူက ကမ်းခြေတစ်ခုလုံး ဈေး ကောက်ကောက်ရန် လေလံဆွဲထားသည်ဟု ဆိုသဖြင့် ကမ်းခြေရှိ နေအိမ်များသို့ ငါးသယ်သွားခြင်း၊ ကမ်းခြေ သဲသောင်ပြင်နှင့် ငါး အဝယ်ဒိုင်များတွင် ရောင်းချခြင်းတို့အတွက်လည်း ဈေးကောက်ပေး နေရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“လှေရှင်တွေရဲ့အိမ်က ပင်လယ်ကမ်းစပ်မှာနေတာ။ ရလာတဲ့ ငါးတွေကို အိမ်သယ်သွားလည်း ဈေးကောက်ပေးရ။ အဝယ်ဒိုင်မှာ သွားရောင်းလည်းပေးနေရတာ” ဟု လှေရှင်တစ်ဦးဖြစ်သည့် ကိုသန်းအောင် က ပြောသည်။
ငါးဖမ်းလှေများမှ ပင်လယ်ပြင်တွင် ဖမ်းဆီးရရှိသည့် ငါးများကို ကော်ပုံး အတွင်း ထည့်သွင်းသယ်ယူလာကြပြီး သဘော့ဆိပ်ကျေးရွာရှိ ဈေးနှင့် ငါးအဝယ်ဒိုင်များတွင် လာရောက်ရောင်းချကြရာ သဘော့ဆိပ် ဈေး ကန်ထရိုက်မှ ၂၀၀ လီတာဆံ့ ကော်ပုံးတစ်လုံးကို ၁၅၀၀ ကျပ် ကောက်ခံနေကြောင်း လှေပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဈေးကောင်းရနိုင်တဲ့ ငါးပါရင် အဆမတန်ကောက်တာ။ ၄၀၀ လီတာပုံး နှစ်လုံးနှင့် ၈၀၀ လီတာပုံး နှစ်လုံးကို ငါးသောင်းအထိ တောင်းဖူးတယ်” ဟု လှေရှင် မဇင်မာအေးက ပြောသည်။

ထိုသို့ ဈေးတွင် ဈေးကောက် အဆမတန် ကောက်ခံနေသောကြောင့် အခက်တွေ့နေရကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။
လှေငယ်လေးများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်ရန် စရိတ် သုံးသိန်းကျော်ခန့် ကုန်ကျပြီး အလုပ်သမားခ၊ လောင်စာဆီဖိုးနှင့် ဖမ်းဆီး ရမိလာသည့် ငါးများ ပြန်လည်ရောင်းချရာတွင် ဈေးကောက် အဆမတန်ပေးဆောင်နေရသဖြင့် မိသားစု စားဝတ်နေရေး ခက်ခဲရ ကြောင်း လှေရှင်တစ်ဦးက ပြောသည်။
“လှေသေးသေးလေးတွေနဲ့ ငါးဖမ်းထွက်တဲ့သူတွေက အရင်းအနှီး ငွေကို အတိုးကြီးကြီး ချေးငှားပြီး ပင်လယ်ထွက်နေရတာ” ဟု ၎င်းက ပြောသည်။

ငါးခြောက်ဖြစ်စေ၊ ငါးအစိုဖြစ်စေ တစ်ပိဿာကို ဈေးကောက် ငါးဆယ် ကျပ် သတ်မှတ်ပေးထားပြီး ဈေးအတွင်း ရောင်းချခြင်းအပြင် ဈေးဧရိယာအတွင်း ရောင်းချရင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးထွန်း မြင့်က ပြောသည်။
“ဈေးထဲမှာသာမဟုတ်ဘူး၊ ဈေးပတ်ဝန်းကျင်မှာ ရောင်းချရင် လည်းပေးရမှာပေါ့” ဟု ၎င်းကဆိုသည်။
သဘော့ဆိပ်ကမ်းခြေတွင် ဝယ်ယူစုဆောင်းရရှိသော ရေထွက် ပစ္စည်းများကို ရန်ကုန်မြို့သို့ အအေးခန်းကားဖြင့် တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိသည်။