ပါတီ အမှတ်တံဆိပ်ပါ ယာဉ်များအား တပ်ဝင်းအတွင်း ဝင်ခွင့်မပြု

0
406

ပါတီအမှတ်တံဆိပ်(logo) တပ် ဆင်ထားသောယာဉ်များကို ထားဝယ် တပ်နယ်အတွင်းရှိ တပ်ဝင်းအတွင်း ဝင်ရောက် ခွင့်မပြုခဲ့ကြောင်း ထားဝယ် မြို့ခံ ယာဉ်မောင်းတစ်ချို့ထံမှ သိရသည်။

ပါတီအမှတ်တံဆိပ် စတေကာ ကပ်ထားသော ယာဉ်များကို ထားဝယ် တပ်နယ်အတွင်းရှိ ကုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံဝင်းအတွင်း ဝင်ရောက် ရာတွင် ကပ်ထားသော ပါတီ အမှတ် တံဆိပ်များကို ဖြုတ်ခိုင်းပြီးမှ တပ်ဝင်း အတွင်း ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သုံးဘီး ယာဉ်မောင်းတစ်ဦးက ပြောသည်။
” သုံးဘီးနဲ့ ပစ္စည်းသွားပို့တာ ပါတီ စတစ်ကာတွေ ခွာပြီးမှ ဝင်ရောက်ခွင့် ပေးတယ်” ဟု စည်ပင်သာယာဈေး ကြီးအနီးမှ သုံးဘီး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စ သက်ဆိုင်ရာ တပ်မ တော် တပ်ရင်းရုံးတွင် သွားရောက်မေး မြန်းခဲ့သော်လည်း တာဝန်ကျအရာရှိမှ ဖြေဆိုခွင့်မရှိဟု ပြန်လည်ပြောဆိုသည်။
ယင်းကဲ့သို့ တပ်ဝင်းအတွင်း ဝင် ရောက်သည့် ယာဉ်များမှ ပါတီလို ဂိုများ ဖြုတ်ခိုင်းခြင်းမှာ သက်ဆိုင်ရာ တပ်မ တော် တပ်ရင်း၊ တပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထု အထင်လွဲမှားမှာစိုး၍ ဖြစ်နိုင်ကြောင်း (အငြိမ်းစား)တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်။
” ဘယ်ပါတီရဲ့တံဆိပ်ကပ်ပြီး ဝင် ဝင်လေ။ ဒါကို ပြည်သူတွေက မြင်သွား ရင် တပ်မတော်က ဘယ်ပါတီကိုထောက် ခံနေပါတယ်ဆိုပြီး အထင်လွဲသွားမှာ စိုးလို့ ဖြစ်မယ်” ဟု အဆိုပါ အငြိမ်းစား တပ်မတော်အရာရှိက ဆိုသည်။

ထားဝယ်မြို့နယ်တွင် ဆန္ဒမဲပေး ခွင့်ရှိသည့် တပ်မတော်သားဦးရေမှာ ၂၈၅၀ ဦး ရှိကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်စာရင်းများအရ သိရသည်။
ယင်းသို့ တပ်ဝင်းအတွင်း ပါတီ အမှတ်တံဆိပ် စတေကာများ ယူဆောင် ခွင့်နှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော် မရှင်အနေနဲ့ သီးသန့်ညွှန်ကြားထားခြင်း မရှိဟု တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
” တပ်မတော်ဆိုတော့ သူတို့စည်း ကမ်းနဲ့သူတို့ ဖြစ်မှာပေါ့” ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် တိုင်းဒေသ ကြီး ဦးစီးမှူး ဦးထွန်းကြည်က ဆိုသည်။
၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း တပ်မတော်သား မဲဆန္ဒရှင်များ မဲပေးနိုင်ရန် တပ်တွင်းမဲရုံ ၈၀ ခန့် ထားရှိသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။