ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် ဒိုးပတ်ပြိုင်ပွဲ ထည့်သွင်း ကျင်းပမည်

0
563

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက်၌ ယခုနှစ်ပြုလုပ်မည့် ထားဝယ်ရိုးရာ သပိတ်မျှော ပွဲတော်တွင် ဒိုးပတ်ပြိုင်ပွဲကိုထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းပွဲတော် ကျင်းပရေးကော်မတီထံမှသိရသည်။

ယင်းဒိုးပတ်ပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ရက်နေ့၊ ည ၉နာရီခန့်အချိန်တွင် ထားဝယ်ရိုးရာသပိတ်မျှောကွင်း၌ကျင်းပမည်ဟု သိရသည်။
ပြိုင်ပွဲတွင် ထားဝယ်ရိုးရာ သီချင်း၊ သပိတ်မျှောသီချင်းနှင့်သံချပ်များကိုစပ်ဆိုကာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သီဆိုသူအကသမားအပါအဝင် အများဆုံး အဖွဲ့ဝင် ၈ ဦး ပါဝင်နိုင်ကြောင်း ယင်းပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်မည့် ဦးအောင်မြင့်က ပြောသည်။

” လက်ရှိ ပြိုင်ပွဲဝင်ဖို့ သတင်းပို့ထားတာတစ်ဖွဲ့ပဲရှိသေးတယ်၊ အနည်းဆုံး ၅ဖွဲ့လောက် ပါဝင် ယှဉ်ပြိုင်လိမ့်မယ်” ဟု ဦး အောင်မြင့်ကခန့်မှန်းသည်။
၂၀၁၃ခုနှစ်က ထားဝယ်ရိုးရာသပိတ်မျှောပွဲတွင် ဒိုးပတ်ပြိုင်ပွဲကိုထည့်သွင်းကျင်းပခဲ့ပြီး ယမန်နှစ်ကဘဏ္ဍာရေး အခက်အခဲကြောင့် ဒိုးပတ်ပြိုင်ပွဲကိုမကျင်းပနိုင်ခဲ့ပေ။ ယှဉ်ပြိုင်မည့်သံချပ်၊ သီချင်းများတွင်ပါတီနိုင်ငံရေးစည်းရုံးမှုမပါဘဲ ထား ဝယ်ရိုးရာယဉ်ကျေးမှုအကြောင်းအရာများသာထည့်သွင်း ဖျော်ဖြေပေးရန် ပွဲတော် ကျင်းပရေး ကော်မတီကမေတ္တာရပ်ခံထားကြောင်း ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်မည့် အားသစ်လူငယ် အဖွဲ့ဝင်များက ပြောသည်။

၂၀၁၃ခုနှစ် ဒိုးပတ်ပြိုင်ပွဲတွင်ကြက်စားပြင် ရွှေဒိုးမောင်မောင်အိုး စည်ဒိုးပတ်အဖွဲ့၊ ကြက်စားပြင်အားသစ်လူငယ်အိုးစည် ဒိုးပတ်အဖွဲ့၊ ဒေါင်းငူလူငယ်အိုးစည်ဒိုး ပတ်အဖွဲ့နှင့် ဆန်းချီလူငယ်အိုးစည်ဒိုးပတ်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။