ထားဝယ်ဆေးရုံကြီးတွင် တိုးချဲ့ လူနာဆောင် စဆောက်

0
482

ထားဝယ်မြို့ရှိ အထွေထွေ ရောဂါ ကု ဆေးရုံကြီးဝင်းအတွင်း တိုးချဲ့ နှစ်ထပ် လူနာဆောင်ကို စတင်ဆောက်လုပ်နေ ပြီး လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်အကုန်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း တိုင်းကုသရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်ခိုင်က ပြောသည်။


ယခုနှစ် စက်တင်ဘာလဆန်းက စတင် ဆောက်လုပ်ခဲ့ပြီး ယင်းလူနာ ဆောင်အပြင် ၄ ခန်းတွဲ၊ ၃ထပ် ဝန် ထမ်း အိမ်ယာတို့ကိုလည်း တည်ဆောက်သွား မည်ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ဘတ်ဂျက် ငွေကျပ် သိန်း ၃၅၀၀ လျာထားကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်ထံမှ သိရသည်။
” ကုတင် ၅၀၀ဆံ့ ဆေးရုံ တိုးမြှင့် ဖို့ရှိတယ်၊ နောက်လာမယ့် နှစ်တွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ၎င်း က ဆိုသည်။
ထားဝယ်မြို့၊ ဆေးရုံလမ်းနဘေးရှိ ကုတင် ၂၀၀ဆံ့  ထားဝယ် အထွေထွေ ရောဂါကု ဆေးရုံကြီး၌ တစ်ရက် ပျမ်း မျှလူနာ ၃၅၀ဦးဝန်းကျင် ဆေးဝါးကုသမှု ခံလျက်ရှိကြောင်း တိုင်းကုသရေးဦးစီး ဌာနထံမှ သိရသည်။
ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးသည် ထားဝယ်ခရိုင် ၄ မြို့ နယ်အတွင်း နေထိုင်သည့်ဒေသခံများ အဓိက အားထားရသော ဆေးရုံတစ်ခု ဖြစ်သည်။
ယင်းဆေးရုံကြီး၌ အတွင်း လူနာ များသည့်အချိန်တွင် ဆေးရုံ၏ လူသွား စင်္ကြန်များ၌ ထိုင်ခုံနှစ်လုံးကိုခင်းကာ လူနာအိပ်ကုတင် ပြုလုပ်၍ ဆေးဝါး ကုသမှု ခံယူရသည်များကို ဒေသခံ များက ကြုံတွေ့ရလေ့ရှိ၍ လူမှုကွန် ယက် စာမျက်နှာများ၌ မကြာခဏ ဝေဖန်ခံရလေ့ ရှိသည်။
ထားဝယ်ဆေးရုံကြီးကို ၁၉၁၈ ခုနှစ်က ပြင်ပလူနာဌာနအဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၃၉ ခုနှစ်တွင် ကုတင် ၁၀၀ဆံ့ ဆေးရုံ၊ ၁၉၈၁ခုနှစ်တွင် သားဖွားဆောင် တိုးချဲ့ပြီး ကုတင် ၁၅၀ ဆံ့ဆေးရုံ၊ ၁၉၉၁ခုနှစ်တွင် ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်ဟု ထားဝယ် ဆေးရုံမှတ်တမ်းအရ သိရသည်။