မဲပေးရက်နှင့် ကျောင်းတက်ရက်ကပ်နေသဖြင့် အဝေးသင်တက္ကသိုလ် ကျောင်းသားများ အခက်ကြုံ

0
501

အထွေထွေရွေးကောက်ပွဲ မဲပေးရမည့်ရက်နှင့် အနီးကပ်သင်တန်းတက်ရောက်ရမည့်ရက် အလွန် နီးကပ်နေသဖြင့် ဆန္ဒမဲပေးရန်  အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း အဝေးသင်တက္ကသိုလ် တက်ရောက် ကြမည့် ကျောင်းသူ^ကျောင်းသားများက ပြောသည်။


ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနမှ မြန်မာစာ၊ မြန်မာမှု ရသစာပေ၊ သမိုင်း၊ စီးပွားရေး ပညာ၊ အိမ်တွင်းစီးပွားနှင့် စီးပွားစီမံ ဘာသာရပ် တက်ရောက်ဖြေကြားကြမည့် အဝေးသင်တက္ကသိုလ် ကျောင်းသားများ အနီးကပ်သင်တန်း စတင်ပို့ချမည့်ရက်ကို နိုဝင်ဘာလ ၉ ရက်အဖြစ် သတ်မှတ်လိုက်သဖြင့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် ရပ်ဝေးမှ ကျောင်းသားများ မဲပေးရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း အဝေးသင် တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။
ကျောင်းသားအများစုမှာ နယ်ဝေးမှ တက်ရောက်ကြမည့်သူများဖြစ်ကြသောကြောင့် အနီးကပ် သင်တန်းပို့ချမည့်ရက်ကို နောက်ဆုတ်ပေးစေလိုကြောင်း အဝေးသင် တက္ကသိုလ်ကျောင်းသားများက ပြောဆိုသည်။
” အနီးကပ် သင်တန်း တက် ရောက်ကြတဲ့ ကျောင်းသားတွေ အဆင်ပြေနိုင်မယ့်ရက်ကို နောက်ဆုတ် သတ်မှတ်ပေးစေချင်တယ်” လို့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ  ပြန်ကြားရေးတာဝန်ခံ ကိုကောင်းထက်ဇော်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့်တွေ့ဆုံပွဲတွင်  အဝေးသင်ကျောင်းသားများ၏ အခက်အခဲကို တင်ပြ ဆွေးနွေးရာ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်   ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် ဖြေကြားခဲ့သည်။
” ဒီကိစ္စကို အဆင့်မြင့်ပညာမှ တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီးအဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်” ဟု ဦးညွန့်တင်က ဆိုသည်။
ပညာရေးဝန်ကြီးဌာနကမူ ကျောင်းသားများ နိုဝင်ဘာ ၉ ရက်ထက် နောက်ကျပါကလည်း ပြဿနာ မရှိကြောင်း ထုတ်ပြန်ထားသည်။