ဇဟာသုသာန်ပတ်လမ်းအတွက် ရွှေ့ပေးရမည့် အုတ်ဂူတချို့၏ ပိုင်ရှင် မိသားစုဝင်များကို မဆက်သွယ်နိုင်သေး

0
441

ထားဝယ်မြို့နယ်ရှိ ဇဟာသုသာန် အတွင်း ဖောက်လုပ်ထားသည့် သုသာန် ပတ်လမ်းနံဘေး မြောင်းဖောက်ရန် ရွှေ့ ပေးရမည့် အုတ်ဂူတချို့၏ ပိုင်ရှင်မိသား စုဝင်များကို မဆက်သွယ် နိုင်သေးကြောင်း ထားဝယ်မြို့ စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

ကားအဝင်အထွက် အဆင်ပြေစေရန် ဖောက်လုပ်ထားသည့် သုဿန်ပတ်လမ်း နံဘေးတစ်လျှောက်တွင် ရေမြောင်း တူး ဖော်ရန်အတွက် ရွှေ့ပေးရန်လိုသည့် အုတ်ဂူ ဟောင်း ၃၄ ခု၏မိသားစုနှင့် တွေ့ဆုံ ညှိနှိုင်းရန်အတွက် ယင်းအုတ်ဂူ များရှိ သေဆုံးသူများ၏ မိသားစုဝင်တို့ကို ဆက်သွယ်လျက်ရှိသည်ဟု ထားဝယ် စည်ပင်ထံမှ သိရ သည်။

” အုတ်ဂူတွေက အရမ်းဟောင်း နေပြီ။ ဒီအုတ်ဂူတွေက မိသားစုဝင် တွေနဲ့ ညှိနှိုင်းဖို့ လိုအပ်နေတယ်။ ဒီမိသားစုဝင် တွေ ကိုလည်း တတ်နိုင် သမျှ ဆက်သွယ် ဖို့ ကြိုးစားနေပါတယ်” ဟု ထားဝယ် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးအောင် ကျော်မျိုးက ပြောသည်။
လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် အုတ်ဂူပိုင်ရှင် မိသားစုဝင်များနှင့် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး ယင်း တွေ့ဆုံပွဲ သို့ လာရောက်ရန် အုပ်ဂူပိုင်ရှင် မိသားစု များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိတ်ခေါ်ထားသည့်အပြင် ဒေသ တွင်း ရုပ်သံလိုင်းနှင့် ဂျာနယ်တို့မှ တဆင့် လည်း ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အုတ်ဂူပိုင်ရှင် မိသားစုဝင်များနှင့် တွေ့ဆုံညှိနှိုင်းကာ အုတ်ဂူများကို ၂ ပေပတ်လည် ကမ္ဗည်းတိုင်ပါ အုတ်ဂူငယ် များအဖြစ် လမ်း၊ ရေမြောင်းနှင့် လွတ် သည့်နေရာတို့ကို ထားဝယ်နာရေးကူညီမှု အသင်း အကူအညီဖြင့် ရွှေ့ပြောင်း ပေးမည်ဟု ဦးအောင်ကျော်မျိုးက ဆို သည်။
လက်ရှိတွင် အကျယ် ၂၆ ပေရှိ သည့် ကျောက်ခင်းလမ်းပြီးစီးနေပြီ ဖြစ်ပြီး သုသာန်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်း များတူးဖော်ရန်အတွက် ယင်းအုတ်ဂူ ဟောင်း ၃၄ ဂူကို ဖယ်ရှားရန် လိုအပ် လျက်ရှိကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။