ထားဝယ်တွင် ဆိုင်ကယ်စတန့် ခေတ်ထ

0
472

ထားဝယ်မြို့၊ လေယာဉ်ကွင်း လမ်းပေါ်ရှိ နေရာအချို့တွင် မြို့နေ လူငယ်တစ်စုက ဆိုင်ကယ် စတန့်ထွင် စီးလာကြောင်း မြို့ခံတချို့နှင့် ဆိုင်ကယ် စတန့်စီး လူငယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ကုန်ပိုင်း ကတည်းက ယာဉ်အသွားအလာ နည်း သည့် လမ်းမအချို့တွင် ဆိုင်ကယ် စတန့် စီး လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး ယခုအချိန် တွင် အတော်အတန် လူသိများလာသည်ဟု ဆိုင်ကယ်စတန့်စီး လူငယ်များက ပြော သည်။
“ဝါသနာတူတွေစုပြီး စီးကြတာပါ။ လူရှင်းတဲ့ နေရာတွေမှာပဲ စီးဖြစ်ပါတယ်။ ရဲလိုက်လို့လည်း ခဏခဏပြေးရဖူးတယ်”ဟု ဆိုင်ကယ်စတန့်စီးသူ လူငယ်တစ် ဦးက ဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ လေယာဉ်ကွင်း လမ်းနေရာ အချို့တွင် နေ့တိုင်းနီးပါး စီးဖြစ်ပြီး တစ်ခါတစ်ရံတွင် မောင်းမကန် ကမ်းခြေ၌ သွားစီးလေ့ရှိသည်ဟု ၎င်းက ရှင်းပြသည်။၎င်းတို့ အုပ်စုတွင် ဆိုင်ကယ် စတန့်စီးသူ ၅ဦးခန့်က ပုံမှန်စီးနင်းလေ့ ရှိပြီး အခြား သူငယ်ချင်းများလည်း ဆိုင် ကယ် စတန့်စီးသည့် နေရာသို့ လာကြည့် လေ့ရှိသည်ဟု ဆိုင်ကယ်စတန့်စီး လူငယ်များက ပြောသည်။
cycle-stant-2
ဆိုင်ကယ်စတန့်စီးခြင်းနှင့် ပတ် သက်၍ ထားဝယ်မြို့ခံများအကြား လက်ခံသူများရှိသကဲ့သို့ ဝေဖန်မှုများ လည်း ရှိသည်။
“မလုပ်သင့်ဘူးလို့ ထင်တယ်။ အန္တရာယ်အရမ်းများတယ်” ဟု ထားဝယ် မြို့ခံလူငယ်တစ်ဦးက ဝေဖန်သည်။
ဆိုင်ကယ် စတန့်စီးသည့် လူငယ် များကမူ ၎င်းတို့အား မြို့တွင်း လူသွား လူလာ ရှုပ်ထွေးသည့်လမ်းမကြီးများပေါ် တွင် ဆိုင်ကယ်ကိုစည်းကမ်းမဲ့ အရှိန်ပြင်း မောင်းနှင်သူများနှင့် ခွဲခြားရှုမြင် ပေးစေ လိုကြောင်း ပြောသည်။

“ကျွန်တော်တို့လည်း လမ်းပေါ်မှာ မစီးချင်ပါဘူး။ ဝါသနာပါလွန်းလို့သာ စီးနေရတာ။ ဖြစ်နိုင်ရင် ဆိုင်ကယ် စတန့် စီးလို့ရမယ့် နေရာမျိုး သီးသန့်လုပ်ပေး စေချင်တယ်”ဟု အထက်ပါ ဆိုင်ကယ် စတန့်စီး သူလူငယ်က ဆိုသည်။
ဆိုင်ကယ် စတန့်စီးသူများကို လိုက်ဖမ်းဖူးပြီး မိသည့်အချိန်တွင် နောင် မစီးရန် ပညာပေးသော်လည်း နောက်ပိုင်း ပြန်စီးကြသည် ဟု အမှတ် ၈ ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး(တနင်္သာရီ)မှ ရဲမှူး စိုးဝင်းက ပြောသည်။

“ဒဏ်ငွေက ၁၅၀၀ ပဲမို့လို့ ကလေး တွေက သိပ်မလိုက်နာကြဘူး။ ဒါပေမယ့် နောက်ထွက်လာမယ့် ဥပဒေမှာတော့ ပြစ်ဒဏ် ဒီထက် ပိုကြီးတယ်”ဟု ရဲမှူး စိုးဝင်း ဆိုသည်။ဆိုင်ကယ် စတန့်စီးခြင်းကို ထိုင်း နိုင်ငံက ပြန်လာသည့် သူငယ်ချင်းများ စတင်စီးနင်းကြရာက အစပြုကာ ထားဝယ်မြို့တွင် စတန့်စီးသူများ ပေါ် ပေါက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။