ထားဝယ် လယ်သမားတစ်ဦးကို နေအိမ်တွင် ညဘက် ဝင်ဖမ်း

0
477

ထားဝယ်မြို့တွင် အကောင်အထည် ဖော်နေသည့် မြို့ပြစီမံကိန်းဧရိယာ အတွင်းမှ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမားတစ်ဦး ကို ဇူလိုင်လ ၁၃ ရက် နေ့ ည ၈ နာရီ ဝန်းကျင်က နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွား ကြောင်း ကာယကံရှင်၊ လယ်သမားများ နှင့် မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူသည် ယင်းမြို့ပြစီမံ ကိန်း အကောင်အထည်ဖော်မည့် လယ်ယာ မြေကိစ္စ အငြင်းပွားမှုကြောင့် ထောင်ချခံ ခဲ့ဖူးသည့် လယ်သမား ၉ ဦးတွင် ပါဝင် သူ ဦးသောင်းညွန့်ဖြစ်ပြီး မည့်သည့် ပုဒ်မဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ကိုမူ မသိရှိဘဲ ရဲစခန်းတွင်တစ်ညချုပ်ထားကာ မနက်ပိုင်းတွင် ထားဝယ်မြို့နယ် တရားရုံး သို့ အချုပ်ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း ကာယကံရှင်နှင့် မိသားစုဝင်များထံမှ သိရသည်။

” လိုက်ခဲ့ပါလို့ ပြောပြီး ခေါ်သွား တယ်။ ရဲစခန်းရောက်တာနဲ့ အချုပ်ထဲ ထည့်ထားလိုက်တာ” ဟု ကာယကံရှင် ဖြစ်သူ ဦးသောင်းညွန့်က ထားဝယ် ခရိုင် တရားရုံးအတွင်းရှိ အချုပ်ခန်းတွင် မီဒီ ယာ များကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသကြီး) ၏ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေ သည်ကို ဦးသောင်းညွန့်နှင့် သမီးနှစ်ဦး က ဟန့်တားနှောက်ယှက် ဆဲဆိုသည်ဟု ဆိုကာ မြန်မာ့စီးပွားရေးဘဏ်၏ တိုင်းမန်နေဂျာက ပိုင်နက် ကျူးလွန်မှု ပုဒ်မ၄၄၇၊ အကျိုးဖျက် ဆီးမှုပုဒ်မ ၄၂၇၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ တို့ဖြင့် အမှုဖွင့်ခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

အမှုဖွင့်ပြီးနောက် ဦးသောင်းညွန့် က တစ်ကြိမ် လာရောက် အစစ်ခံခဲ့ဖူးပြီး ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားစွဲပြီး နောက်ဆင့်ခေါ်သည်ကို ရောက်မလာသဖြင့် ထားဝယ်မြို့နယ် တရားရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောသည်။
” သူနဲ့ သူ့သမီးနှစ်ယောက်ကို တရား စွဲထားတာ ပြေးနေတဲ့အတွက် တရားခံ ပြေး ပုဒ်မထုတ်ထားတာ တစ်ပတ်လောက် ရှိပြီ။ ဖမ်းပြီးတော့ တရားရုံးကို ဒီမနက် ပို့ပေး လိုက်တယ်” ဟု စခန်းမှူး ဦးမျိုးမြင့်ဦး က ပြောသည်။

ဦးသောင်းညွန့်နှင့်အတူ တရားစွဲ ခံထားရသည့် သမီးဖြစ်သူ နှစ်ဦးမှာ ရှောင် ပြေးနေဆဲဖြစ်သည့်အတွက် မဖမ်းမိသေး ဟု ၎င်းက ဆိုသည်။
သို့သော် ဦးသောင်းညွန့်ကမူ ၎င်းတို့ သည် ရှောင်ပြေးခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့များ နေအိမ် ရောက်လာချိန်တွင် အိမ်တွင် မရှိသည့် အချိန်နှင့် တိုက်ဆိုင်၍ ဖြစ်နိုင် သည်ဟု ဆို သည်။

” ကိုယ့်မြေမှာ လာလုပ်နေလို့ ပါးစပ်နဲ့ ပဲ အော် တားတာပါ။ ဆဲ လည်း မဆဲဘူး။ ဘာမှ ထိခိုက်အောင်လည်း မလုပ်ဘူး။ ကိုယ့်ပစ္စည်းနဲ့ကိုယ် သူတို့ပေးတဲ့ အပြစ် ခံရဖို့ပဲ ရှိတယ်” ဟု ဦးသောင်းညွန့်က ဆိုသည်။
ဦးသောင်းညွန့်အား ထိုနေ့ညနေ တွင်ပင် အာမခံဖြင့် ပြန်လွှတ်လိုက်ပြီး လာမည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံးမှ ရုံးချိန်း ခေါ် ထားကြောင်း သိရသည်။

ဦးသောင်းညွန့်သည် ၂၀၁၄ ခုနှစ် ဇူလိုင်လက လယ်သမား ၈ ဦးနှင့်အတူ မြို့ပြစီမံကိန်းဧရိယာ မြေအပြင်းပွားမှုတွင် တရားစွဲခံရကာ အလုပ်ကြမ်းနှင့် ထောင် ဒဏ်သုံးလနှင့် တစ်ဆယ့်ငါးရက် ကျခံခဲ့ ရဖူးသည်။