ဈေးကွက်လုရင်း ဆန်တစ်အိတ် ကီလိုလေးဆယ်အထိ လျှော့လာ

0
844

ထားဝယ်တွင် ဆန်ရောင်းသူများ ဈေးကွက်လုရာက ဒေသထွက်ဆန် တစ်အိတ်လျှင် ကီလို ၄၀ အထိ လျှော့ ကျလာကြောင်း ထားဝယ်ခရိုင် ဆန်စပါး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဆန်တစ်အိတ်တွင် ပုံမှန်အားဖြင့် ၁၀၈ပေါင် (၄၉ ကီလိုခန့်) ရှိသော်လည်း ဆန်ရောင်းသူများ အချင်းချင်း ဈေးကွက် ပြိုင်လုရာမှ တဖြည်းဖြည်း လျှော့ကျလာ ကာ ယခုနှစ်တွင် ၄၁ ကီလို၊ ၄၀ ကီလို အထိ လျှော့ကျလာခြင်းဖြစ်ကြောင်း ခရိုင်ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။
” ဒါက မတရားတဲ့နည်းနဲ့ ဈေးကွက် ပြိုင်ပြီး အလေးချိန်လျှော့၊ ဈေးလျှော့နဲ့ ရောင်းလာကြတာ” ဟု ဦးနိုင်လွင်လတ်က ဆိုသည်။
ယင်းသို့ အလေးချိန်လျှော့၊ ဈေး လျှော့ ဈေးကွက်လုခြင်းမှာ ယခင်နှစ် ပေါင်း များစွာကတည်းက လုပ်ဆောင် လာကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ၄၃ ကီလို၊ ၄၂ ကီလိုတို့ဖြင့် ရောင်းချခဲ့ကြ သော်လည်း ယခုနှစ်တွင် ၄၁ ကီလို၊ ၄၀ ကီလိုအထိ လျှော့ချလာခြင်း ဖြစ်ကြောင်း ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းထံ မှ သိရသည်။
” ဆန်အရည်အသွေးအပေါ် မူတည် ပြီး ဈေးလျှော့တာမျိုးပဲ ဖြစ်သင့်တယ်။ အလေးချိန်ကို မူတည်ပြီး ဈေးလျှော့ တာမျိုးမဖြစ်သင့်ဘူး။ ဒါက စားသုံးသူ တွေကို နစ်နာစေတယ်” ဟု ဦးနိုင်လွင်လတ် က ဆိုသည်။

ဧရာဝတီ၊ ရန်ကုန်စသည့် အထက် ဖက်မှ တင်သွင်းသည့် ဆန်များမှာ အလေး အချိန်ပြည့် ၁၀၈ပေါင် (၄၉ ပေါင်ခန့်) ရှိသော်လည်း ထားဝယ်ဒေသရှိ အချို့ ဆန်ဆိုင်များတွင် ဒေသဆန်များအပြင် အထက်ဖက်မှ တင်သွင်းသည့် ဆန်များ ကိုပင် အလေးချိန်လျှော့၊ ဈေးလျှော့ရောင်း ချမှုများ ရှိနေကြောင်း အထက်ပါ အသင်း ထံမှ သိရသည်။

ဈေးကွက်ပြိုင်ရာမှ အလေးချိန် လျှော့၊ ဈေးလျှော့ရောင်းချခြင်း ဖြစ်သည့် အတွက် စားသုံးသူအတွက်မူ အလေးချိန် မပြည့်သည့် ဆန်အိတ်ကို ဝယ်ယူရသော် လည်း ဈေးလျှော့သည့်အတွက် ထိခိုက် မှုမရှိဘဲ စားသုံးသူများ အလိမ်ခံနေရသည့် သဘော ဖြစ်နေသည်ဟု ထားဝယ်မြို့ပေါ် ဆန်ဆိုင်တချို့က ဆိုသည်။
” ဆန်ကဒီလိုပဲ တစ်အိတ်ပြီး တစ်အိတ် ဝယ်စား နေရတာပဲ။ အလေးချိန် မပြည့် ဘူးဆိုတာက တိုင်းလို့မှ မရတာ။ ဝယ်နေ ကျ ဆိုင်မှာပဲ ဝယ်ဖြစ်တယ်” ဟု မြို့တွင်း ရပ်ကွက်မှ အသက် ၄၀ နှစ်အရွယ် အိမ် ထောင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဒေသဆန် အလေးချိန်လျှော့ရောင်း ချခြင်းသည် ရောင်းသည့်ဆိုင်များက ဆန်စက်များကို ၎င်းတို့ အလိုရှိသည့် အလေးချိန်အတိုင်း ထည့်ခိုင်းသည်များ ရှိသကဲ့သို့ ဆန်စက်များကလည်း လက်ရှိ အနေအထားအရ အရောင်းအဝယ် ဖြစ်နေ သည့် အလေးချိန်အတိုင်း ထည့်ပေးသူများ ရှိသည့်အတွက် ဆန်စက်နှင့် ရောင်းသူ မည်သူကြောင့်ဖြစ်သည်ဟု အတိအကျ မပြောနိုင်ဟု ခရိုင်ဆန်စပါး လုပ်ငန်းရှင် များအသင်းနှင့် ဆန်ဆိုင်တချို့ထံမှ သိရ သည်။
ခရိုင် ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ ဆန်စက်လုပ်ငန်းရှင်များ အသင်း နှင့် ဆန်ကုန်သည်များအသင်းတို့ကို ခေါ်ယူညှိနှိုင်းကာ ဆန်အိတ် အလေးချိန် လျှော့ ရောင်းချခြင်းကိစ္စကို ဖြေရှင်းသွား မည်ဖြစ်ပြီး မပြေလည်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားသွားမည် ဖြစ်ကြောင်း ဦးနိုင်လွင်လတ်က ပြော ကြားသည်။

ထားဝယ်ဒေသ၏ အဓိကဒေသ ထွက်ဆန်များမှာ ဧည့်မထ(အကြမ်း)၊ ကမာကြည်(အလတ်)၊ ပေါ်ဆန်းမွှေး (အချော)နှင့် ဆန်ကွဲတို့ဖြစ်ကြောင်း သိရ သည်။