တိုင်းအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိလာ

0
544

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်အစမှ ဇွန်လကုန်အထိ သွေး လွန်တုပ်ကွေးဖြစ်သူ ၁၂၀၀ ဦးခန့်ရှိ ပြီး သေဆုံးသူ ၇ ဦး အထိ ရှိလာကြောင်း တိုင်းဒေသကြီး ကျန်း မာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

နှစ်စမှမေလကုန်အထိ သွေး လွန်တုပ်ကွေး လူနာနှင့် သံသယဖြစ် လူနာ ၈၆၁ ဦး အနက် ၃ ဦးသေ ဆုံးပြီး ဇွန်လတွင် လူနာ ၃၀၀ ကျော်အနက် ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုင်းအတွင်း တစ်နေ့ လူနာ ၂၀ဦး လောက် သွေးလွန်တုပ်ကွေးရောဂါနဲ့ ပုံမှန်ကုသနေရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယခင်က မြို့ပေါ်တွင်သာ ဖြစ်ပွား မှုများသော်လည်း ယခုအခါ ကျေးလက် ဒေသများသို့ပါ ပျံ့နှံ့လာသည်ဟု အထက်ပါ တာဝန်ရှိ သူက ပြောသည်။
ပုံမှန်အားဖြင့် သွေးလွန်တုပ် ကွေးရောဂါသည် ကလေးများတွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ထားဝယ် ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူသူများအနက် အသက် ၆၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ပါဝင် လာသည်ဟု တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။

” ဇူလိုင်လမှာ သွေးလွန်တုပ် ကွေးရောဂါ ပိုဖြစ်ပွားနိုင်တယ်၊ အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပိုးလောက်လန်း နှိမ်နင်းရေးကိုပိုမို အလေးထား လုပ်ဆောင်ဖို့ လိုတယ်” ဟု ယင်းတာဝန်ရှိသူက အကြံပြုသည်။
မိသားစုတွင် ဖျားနာမှုဖြစ် ပွားလျှင် ဆေးမြီးတိုဖြင့် မကုသဘဲ တတ်ကျွမ်း နားလည်သည့် ဆေးရုံ ^ ဆေးခန်းများတွင် ကုသကြရန်လိုကြောင်း ကျန်းမာရေးဦးစီး ဌာနက တိုက်တွန်းသည်။

တိုင်းအတွင်း ယခုနှစ်ဧပြီလအမှ စတင်ကာ သွေးလွန်တုပ်ကွေးဖြစ် ပွားမှုနှုန်း မြင့်တက်လာပြီး အောက် တိုဘာလမှ ပြန်ကျဖွယ်ရှိသည်ဟု အထက်ပါ တာဝန်ရှိသူက ခန့်မှန်း ထားသည်။

တနင်္သာရီတိုင်းတွင် မြို့နယ် အလိုက် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူစာရင်း

ထားဝယ်မြို့- ၂ ဦး၊
ကျွန်းစုမြို့ – ၁ ဦး၊
လောင်းလုံးမြို့ – ၁ ဦး
ရေဖြူမြို့- ၁ ဦး၊
တနင်္သာရီမြို့ – ၁ ဦး၊
ပုလောမြို့ – ၁ ဦး