အဝီစိတွင်း တူးရာမှ လူနှစ်ဦး ဓာတ်လိုက် သေဆုံး

0
523

ထားဝယ်မြို့တွင် ဇွန်လ ၂၇ ရက် နေ့က အဝီစိတွင်း တူးရာမှ သံပိုက်နှင့် လမ်းဘေးဓာတ်တိုင်တွင် သွယ်တန်း ထားသည့် ဓာတ်ကြိုးထိကာ တွင်းတူး လုပ်သားနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ ကြောင်း ထားဝယ် ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ မြစံပယ် လမ်းအတွင်းရှိ နေအိမ်ရှေ့တွင် အဝီစိ တွင်း တူးဖော်ရာ တွင်းတူးရာတွင် အသုံးပြုသည့် ပေ ၂၀ အရှည်ရှိ သံပိုက်လုံးအား အပေါ်သို့ ဆွဲတင်စဉ် လမ်းဘေးဓာတ်တိုင်မှ သွယ်တန်းထား သော ဓာတ်ကြိုးနှင့် ထိကာ နှစ်ဦးစလုံး ဓာက်လိုက် သေဆုံးသွားကြောင်း အထက်ပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရေတွင်း (တူးနေသည့် အဝိစိ တွင်း) ဘေးမှာ သူတို့နှစ် ယောက်လဲနေ တာတွေ့လို့ မေ့နေတာထင်ပြီး သွားလှုပ်နှိုးတယ်။ ခေါ်မရလို့ ဘေးနား က လူတွေကို အကူအညီ တောင်းတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာ မမြင် လိုက်ရဘူး” ဟု အဝီစိတွင်း တူးသည့် အိမ်ရှင် အဘွားအိုက ပြောသည်။
သေဆုံးသည့် အဝီစိရေတွင်းတူးလုပ်သားနှစ်ဦးမှာ အသက် ၂၄ နှစ်နှင့် ၂၉ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး ဒေါင်းငူ ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့က ထားဝယ်-ရေးလမ်းပိုင်း မိုင်တိုင်အမှတ် ၃၂ မိုင်အနီး မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ကံပေါက်-ထားဝယ် ဓာတ်အားလိုင်းပေါ် ကွမ်းပင်လဲကျရာမှ ကွမ်းပင်နှင့် ပေ ၅၀ အကွာတွင်ရှိသည့် ဘုန်းကြီးတစ်ပါး လျှပ်စစ်စက်ကွင်း မိပြီး ဓာတ်လိုက်ကာ သတိလစ်မေ့မြော ခဲ့သောကြောင့် ထားဝယ် ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟု တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းလျှပ်စစ် အင်ဂျင်နီယာမှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ ကလည်း ဝဲကျွန်း ထိန်သစ်ရပ်ကွက်၊ ရေးလမ်းမပေါ်တွင် ဓာတ်မီးတိုင် တစ်တိုင်ကို ကားဖြင့် ဝင်တိုက်မိရာက ဓာတ်တိုင်အောက်ပိုင်း ကျိုးကျပြီး ကားပေါ် လိုက်ပါလာသူနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ဖူးသည်။