မဲစာရင်း စိတ်ဝင်စားမှု အလွန် နည်း၊ ကိုယ်စားပြင်ပေးရမည့် အခြေဆိုက်

0
525

၂၀၁၅ ပြည်လုံးကျွတ် ရွေး ကောက်ပွဲအတွက် ထုတ်ပြန်သည့် မဲစာရင်းကို လူထုစိတ်ဝင်စားမှု အလွန်နည်းနေပြီး ကိုယ်စား ပြင်ပေး ရမည့် အခြေအနေပင် ရောက်နေ ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ထားဝယ်မြို့နယ် မဲစာရင်း စိစစ်ရေး အဖွဲ့ခေါင်းဆောင် ဦးဟိုပင် က ပြောကြားသည်။


မဲစာရင်း သွားကြည့်ရေးအတွက် ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door) စနစ်ဖြင့် လိုက်လံ လှုံ့ဆော် သည့် အတွေ့အကြုံများအရ ယင်းသို့  ကောက်ချက်ချခြင်း ဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။
လက်ရှိ အခြေအနေတွင် မဲ စာရင်း သွားတိုက်ရန် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း နံပါတ်စဉ်  သွားပေးသူများကိုပင် မဲစာရင်း တိုက်လာပေးရန် ပြန်မှာသည့် သူများ ရှိကြောင်း သိရသည်။
” လူတွေရဲ့ စိတ်ဝင်စားမှုက ကိုယ်စား လိုက်ပြင်ပေး ရလောက်တဲ့ အနေအထားအထိ နိမ့်ကျနေတယ်” ဟု ဦးဟိုပင်က ပြောသည်။
အင်န်အယ်လ်ဒီပါတီ၏ မဲစာရင်း စိစစ်ရေး အဖွဲ့ဝင်များက ရပ်ကွက် များတွင် ကပ်ထားသည့် မဲစာရင်းကို ဓာတ်ပုံရိုက်ပြီး မိတ္တူကူးကာ တစ်အိမ် တက် တစ်အိမ်ဆင်း အိမ်ထောင်စု စာရင်းများနှင့် တိုက်ကြည့် စစ် ဆေးခြင်း၊ မှားယွင်းသည့် အချက်များ ကို တွေ့ပါက မှတ်သားခြင်းတို့ကို ပြုလုပ်ပြီး မဲဆန္ဒရှင်များ၏ ကိုယ်စား ပြင်ဆင်ပေးနိုင်ရန် ကြိုးပမ်း လျက်ရှိ ကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက် များတွင် ကွင်းဆင်း လုပ်ဆောင် နေသည့် အင်န်အယ်လ်ဒီ ပါတီ၏ မဲစာရင်း စိစစ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။
သို့သော် နိုင်ငံရေး ပါတီများ အနေဖြင့် မဲစာရင်း ကိုယ်စားပြင်ခွင့် မရှိသည့်အတွက် အသိပေး လှုံ့ဆော် သည့် အဆင့်ထိသာ လုပ်နိုင်မည်ဖြစ် ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးထိန်လင်းဦးက ပြောကြားသည်။
” ဥပဒေအရ ခွင့်မပြုပေမယ့် မဲစာရင်း အမှားတွေ  စုစည်းပြီး ရပ် / ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တွေကို တင်မယ်၊ ပါတီ ဗဟို တင်မယ်။ ပြင်ပေး မပြင် ပေးက သူတို့အပိုင်း၊ တင်ထားတဲ့ ဟာကို လည်း အထောက်အထား ထားထား မယ်” ဟု ဦးဟိုပင်က ဆိုသည်။
မဲစာရင်းတွင် အမှားအယွင်း များရှိပါက ယင်းမဲဆန္ဒရှင် စာရင်း ပြုစုရာတွင် အခြေခံထားသည့် စာရင်း နှစ်ခုဖြစ်သည့် ပုံစံ ၁၀ နှင့် လ.၀.က တို့၏ စာရင်း မှားယွင်းမှုကြောင့် ဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲ အရာ အရှိ ဦးထိန်လင်းဦး ဆိုသည်။
ထားဝယ်မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်တွင် ကပ်ထားသည့် မဲဆန္ဒ ရှင် စာရင်းများအရ ပျမ်းမျှ ၈၀ ရာနှုန်းခန့်မှာ မှားယွင်းနေသည်ဟု ဦးဟိုပင်က ထောက်ပြသည်။
“ဒေါင်းငူ ရပ်ကွက်အုပ်စုမှာ အိမ် ၅၀ လောက်ကို သွားပြီးပြီ။ ၈၀ ရာနှုန်းလောက်က မှားနေတယ်။ မှားတဲ့သူ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း လောက်က ပုံစ ၄-ဂ နဲ့ ပြင်ရမယ့် အချက်အလက် အမှားတွေ ဖြစ်တယ်”  ဟု ဒေါင်းငူရပ်ကွက်တွင် Door To Door စနစ်ဖြင့် မဲစာရင်း စိစစ်ရေး လုပ်ဆောင်ခဲ့သည့် အင်န်အယ်လ်ဒီ ပါတီ၏ မြို့နယ်မဲစာရင်း စိစစ်ရေး အဖွဲ့ဝင် ကိုဇော်မျိုးဝင်းက ပြောသည်။
မဲစာရင်း လာရောက် ပြင်ဆင် ခြင်း ရှိမရှိနှင့် မဲစာရင်း ပြင်ဆင်မှု အနေအထားကို တင်ပြရန်နှင့် ပြင် ဆင်သူ နည်းပါက အကြောင်း အရင်းကို ရှာဖွေရန် ရပ် / ကျေး ကော်မရှင် အဖွဲ့ခွဲများထံ အကြောင်း ကြားထားကြောင်း သိရသည်။
တင်ပြချက်များအရ ကော်မရှင်၏ အားနည်းချက်များ ရှိပါက အဖြေရှာ ကာ ပြင်ဆင် သွားမည်ဖြစ်ကြောင်း  တိုင်းဒေသကြီး ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးထိန်လင်းဦးက ပြောသည်။“ ဘယ်သူပဲ တက်တက် ကိုယ့် အတွက် ဘာမှ မကျန်ခဲ့တာ။ ရှေ့ ၅ နှစ်ပြီးသွားပြီ၊ လူတွေအတွက် ဘာ လုပ်ပေးနိုင်ခဲ့လို့လဲ။ မီးခလည်း မသက်သာ၊ အခွန်လည်း မသက်သာ၊ ဘာထူးလို့လဲ၊ အဲဒါကြောင့် စိတ်မဝင် စားတာ”ဟု ပိန္နဲတော ရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
သူမ၏ အဆိုအရ မဲစာရင်း ကပ်ထားသည်ကိုပင် မသိဟု ဆိုသည်။“လူတွေက လာမကြည့်ရင် ပြည့်စုံ ကောင်းမွန်တဲ့ ရွေးကောက် ပွဲဖြစ်ဖို့ အားနည်းသွားနိုင်တယ်”ဟု ဦးထိန်လင်းဦးက ဆိုသည်။လက်ရှိ ကပ်ထားသည့် အခြေခံ မဲဆန္ဒရှင် စာရင်းကို လာရောက် ကြည့်ရှု၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်း မပြုပါက ထပ်မံ ထုတ်ပြန်မည့် မဲဆန္ဒရှင် စာရင်းတွင်လည်း ယခု ကဲ့သို့ အမှားအတိုင်းသာ ဖြစ်နေ မည်ဖြစ်ပြီး မဲပေးခွင့်ရှိသူများ လက်ရှိ အခြေခံ မဲစာရင်းတွင် မပါပါက မဲပေးခွင့် ဆုံးရှုံးခြင်း၊ မဲစာရင်းတွင် ပါဝင်သော်လည်း အချက်အလက် မှားနေပါက မဲပေးသည့်နေ့တွင် မဲရုံ တာဝန်ရှိသူက စိစစ် ရမည်ဖြစ်သည့် အတွက် ကြန့်ကြာခြင်း စသည့် အကျိုး သက်ရောက်မှုများ ရှိနိုင် သည်ဟု သိရသည်။