မောင်းမကန်နှင့် ဆက်စပ် ကမ်းခြေတလျှောက် ငါးအသေများ များလာ

0
571

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေနှင့် တဆက်စပ် တည်းရှိသော ကျောက်ဆင်ချောင်းမှ မျှော်ရစ်ဘုရား အကြား ပင်လယ်ကမ်းခြေ တလျှောက်တွင် ဇွန်လ ၅ရက်မှ ၇ရက် နေ့အထိ ငါးသေမျာ မျောလာသည်ကို တွေ့ရကြောင်း ယင်းကမ်းခြေများ၌ နေထိုင်သူများက ပြောကြားသည်။

ငါးများ မည်သည့်အကြောင်း ကြောင့် သေဆုံးပြီး မျောပါလာသည်ကို မသိဘဲ ပထမရက်က ခန့်မှန်း ငါးကောင်ရေ တစ်သောင်းကျော်အထိ သေဆုံးကာ နောက်ပိုင်း ရက်များတွင် တဖြည်းဖြည်း ငါးသေဆုံးမှု နည်းလာ သည်ဟု ၎င်းတို့ က ပြောသည်။
ပင်လယ် ဖောက်ပြန်လျှင် ယင်း ကဲ့သို့ ငါးများ သေဆုံးသကဲ့သို့ လူဆင်း လျှင် လူပါရေညှပ်၍ သေဆုံး တတ် ကြောင်း ရေလုပ်ငန်း အတွေ့ အကြုံ ၂၅ နှစ်ရှိသော သင်္ဘောဆိပ် ကျေးရွာမှ ဦးကျော်သိန်းက မှတ် ချက်ပြုသည်။
” အခု ပင်လယ်ထဲမှာ ရေဆူ (ပင်လယ်ပြင် အခြေအနေ ကြမ်းတမ်း) နေတယ်လို့ ကြားတယ်” ဟု ဦးကျော် သိန်းက ဆိုသည်။
အဆိုပါ ကမ်းခြေများတွင် ယခင်က ငါးသေမျောပါလာသည်များ ရှိခဲ့ဖူးသော် လည်း ယခုကဲ့သို့ ငါးသေ အများအပြား သေဆုံးမှုကို မကြုံဖူးဟု သင်္ဘောဆိပ် ကျေးရွာမှ ရေလုပ်သားများထံမှ သိရသည်။

သေဆုံးခဲ့သော ငါးများမှာ ငါးနီ၊ ငါးပုတ်သင်၊ ငါးထီး၊ ငါးပုလွေ၊ ငါးတံခွန် စသော ရေအပေါ် ငါးအမျိုး အစားများ ဖြစ်ပြီး ယင်းငါးသေများကို လိုက်လံ ကောက်ယူသူများက ပြန်လည် ရောင်းချ၊ ချက်စား၊ အခြောက် လှန်းခဲ့ ကြသည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ ငါးသေဆုံးရခြင်းမှာ ဇွန် ၅ ရက် အစောပိုင်း ရက်များတွင် မိုးရွာသွန်းမှုများပြီး တောင်ကျချောင်း များမှ ချောင်းရေများ စီးဆင်းလာ၍ ရေငန်နှုန်းကျကာ အပူချိန် အတက် အကျဖြစ်ခြင်း၊ ငါးများမှ ရေတွင် ပျော်ဝင်သည့် အောက်ဆီဂျင်လုံ လောက်စွာ မရရှိ၍ သေဆုံးရခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကောက်ချက်ချသည်။

သေဆုံးသည့် ငါးအများစုမှာ အရွယ်အစား ၄လက်မမှ ၆လက် မရှိ သော ငါးများဖြစ်ပြီး တနေ့လျှင် ပိဿာ ၅၀မှ ၆၀ခန့် သေဆုံးခဲ့ကြောင်း အထက် ပါ ငါးလုပ်ငန်းဦးစီးဌာနက သတင်း ထုတ်ပြန်သည်။ပြီးခဲ့သည့်နှစ် ဩဂုတ်လက ဘုတ်ပြင်းမြို့နယ်၊ နို့ဗွားကျေးရွာတွင် ရေအေး စီးကြောင်းနှင့် ရေနွေး စီးကြောင်း ပြောင်းလဲမှု ဖြစ်ပွား၍ ရေအောက် ကျောက်ပုံတွင် နေထိုင်သော ကျောက်ပုံ ငါးများ သေဆုံးခဲ့ဖူးသည်ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။