တယ်လီဖုန်း သင်ခန်းစာ

0
589

ခုတစ်လော ဗြတ်စာတို့ ထားဝယ် မှာ ရေပန်းအစားဆုံး သတင်းကတော့ တယ်လီနော ဖုန်းသတင်းပဲ ခင်ဗျ။
မေလ မကုန်ခင် ကတည်းက ထားဝယ်မြို့တွင်းမှအပ အပြင်ဘက်မှာ တယ်လီနော ဖုန်းလိုင်းတွေမိနေပြီ ပြော လို့ရနေပြီ ဆိုတာကြောင့် စမ်းသူတွေ စမ်းကြ၊ ဖုန်းကတ်တွေ ရှာဖွေ ဝယ်သူ ဝယ်ကြနဲ့ အတော် အလုပ်များရှာသား။

ဗြတ်စာတို့ ဒေသမှာ အစိုးရ ဆက်သွယ်ရေးကချည်း နှစ်ရှည်လများ လက်ဝါးကြီးအုပ် ခြယ်လှယ် ထားရာက နိုင်ငံတကာ ဝန်ဆောင်မှုအတိုင်း ထိ တွေ့ ခွင့်ရတော့မယ် ဆိုတော့လည်း ဝမ်းသာပေသပေါ့။ ဗြတ်စာလည်း အတော် ဝမ်းသာပါသဗျ။
ဖုန်းပြောလိုက်ရင် အနီးအနား ရှိနေပါလျက်နဲ့ ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေပါသည်လို့ ပြောတာမျိုး၊ စက်ပိတ်ထားပါ သည်လို့ ပြောတာမျိုး၊ ပြောနေရင်း လိုင်းပြတ်သွားတာမျိုး..စတဲ့ ဒုက္ခတွေကို ဗြတ်စာတို့ ပြည်သူတွေ နှစ်ရှည် ခါးစည်းခံခဲ့ ရပြီးပြီကိုး။ ဒီ တော့လည်း ဆက်သွယ်ရေး ကဏ္ဍမှာ ပြည်ပ ကုမ္ပဏီတွေ ဝင်မယ်ဆိုတော့ ဗြတ်စာတို့ ဒေသကလည်း အများ နည်းတူ အကျိုးခံစားချင်တာပေါ့။
ဖုန်းလိုင်းတွေ အဆင်ပြေတော့မယ်၊ အင်တာနက်လိုင်းတွေ ကောင်းတော့မယ် ဆိုတာကြောင့် အရင်တုန်းက ဗြတ်စာ ဖြတ်သန်းခဲ့ဖူးတဲ့ ထားဝယ်ဒေသရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပြန်ပြောင်း သတိရမိပါတယ်။
telenor-myanmart
ဗြတ်စာတို့ မီတာက လက်လှည့် ဖုန်းတွေပေါ့ဗျာ။ ပြောချင်ရင် အိတ်ချိန်း ကနေ တဆင့်ခေါ်ရတယ် ခင်ဗျ။ ဒီအချိန်တုန်းကတော့ ဆက်သွယ်ရေး အိတ်ချိန်းက ဘော်ဘော်တွေ စန်းပွင့်တဲ့ ကာလတွေပေါ့။ လက်လှည့်ဖုန်းတွေနဲ့ အိတ်ချိန်းက တဆင့်ခေါ်ရပြီး ရှေ့ဆယ် အိမ် နောက်ဆယ် အိမ်ကြား ရအောင် ပြောရတဲ့ ခေတ်ကိုး။ ဒီအချိန်မှာပဲ ကိုယ်တိုင် လှည့်ခေါ်ရတဲ့ အော်တိုဖုန်း တွေ ပေါ်လာသဗျ။ ဗြတ်စာ မမှားဘူး ဆိုရင် ဒီတုန်းက အော်တိုဖုန်းအတွက် ကျပ် ၅ သိန်း သွင်းရတယ်လို့ ထင်ပါ တယ်။ အစ ကနဦးမှာ လျှောက်တဲ့ ဦးရေ အတော်နည်းတယ်ဗျ။ ရှေ့ရေး ကြိုမြင်တဲ့ စီးပွားရေးသမားတွေကတော့ ဖုန်းတွေ လျှောက်လိုက်တာ . . ဗြတ်စာ ထင်တယ် . . တစ်အိမ်တည်း မှာတင် ၁၀ လုံးလောက်ရှိ မယ်ဗျ။
ဘယ်သူရယ်လို့တော့ ဗြတ်စာ မပြောတော့ပါဘူး။ ဖုန်းနံပါတ်တောင် ဆက်တိုက် ရလိုက်သေးသဗျ။ ဒီတုန်းက ဖုန်းတွေ အများကြီး ဝယ်ထားလိုက်တာ ထားဝယ်မှာ စီးပွားရေး မိသားစုချည်း နှစ်စု၊ သုံးစု လောက်ရှိမယ် ခင်ဗျ။

နောက်ပိုင်း အော်တိုဖုန်းတွေ အဆင်ပြေ မှန်းသိလာတော့ ဆက်သွယ် ရေး ကဏ္ဍကို ဆက်သွယ်ရေးဌာနကတောင် အာဏာ မရှိတော့ဘဲ အုပ်ချုပ်ရေးပိုင်းကပဲ ခွဲတမ်းတွေ ဝင်ယူလာပြန်ရောဗျ။ ဒီလိုနဲ့ အော်တို တယ်လီဖုန်းတစ်လုံး (ကြိုးဖုန်း) ကျပ်သိန်း ၃၀ ကျော်ကျော်အထိ ပေါက် ခဲ့တာ အမှတ်ရမိတယ်ဗျ။ ခုလို ဖုန်း တစ်လုံး ကျပ် ၁၅၀၀ လောက်နဲ့ ဝယ်လို့ရတဲ့ အချိန်မှာ ဒီ ကျပ်သိန်း၃၀ ဆိုတာကို တွေးပြီး ဗြတ်စာသာဆိုရင် အိပ်မပျော်စားမဝင် ဖြစ်နေရော့မလားပဲ။
အဲ . . . မိုဘိုင်းဖုန်းလို့ခေါ်တဲ့ ဖုန်းတွေ ချပေးပြန်တော့ ဗြတ်စာတို့ ပြည်သူတွေကလည်း အားတက်သရော ပါပဲ ခင်ဗျ။ ကမ္ဘာမှာ အချမ်းသာဆုံး စာရင်းဝင်လို့ ခေါ်ရလောက်အောင် ဖုန်း တစ်လုံးကို သိန်းဆယ်ချီပေးဝယ်ပြီး ခါးချိတ် ကိုင်ကြပြန်သဗျ။ ဒီနေရာ မှာ တော့ ခုချိန်ထိ ဗြတ်စာ ရင်နာမိတာ လေးတွေ ပြောပါရစေဗျ။ ရင်နာတယ်ဆို တာက ဗြတ်စာ ကိုယ်တိုင် ခံရလို့ရယ် မဟုတ်ဘူးခင်ဗျ။ သူငယ်ချင်း မိတ်ဆွေ တွေ အဖြစ်ကို မြင်ရတွေ့ရပြီး ရင်နာတာ ဗျ။ ဘယ့်နှယ်ဗျာ . . မိုဘိုင်းဖုန်းလေး ဝယ်ကိုင်ပါတယ်။ ဖုန်းလိုင်းရဖို့တယ် က ရန်ပုံငွေနဲ့ သာသနာ့ ဗိမာန် တည် ဆောက်ဖို့ အလှူငွေပါ ရိတ်လိုက် သေးသဗျ။ ဗြတ်စာ မှတ်မိတာ ဒီတုန်း က ၁၇သိန်းခွဲ ထင်ပါရဲ့ ပေးရတာ။ ဖုန်းလိုင်းကျ သင့်ငွေက ကျပ် ၁၅ သိန်း၊ အလှူငွေက ၂သိန်းခွဲဗျ။ ဘယ့်နှယ်ဗျာ။ ဖုန်းလိုင်းလေး ရပါတယ်။ ပြည်သူထက် ဆင်းရဲတဲ့ အစိုးရက ရန်ပုံငွေနဲ့ အလှူငွေဆိုပြီး ဆက်ကြေး ကောက်တဲ့ အစိုးရမျိုးလည်း ဗြတ်စာကြုံ ခဲ့ရပါသဗျ။ ခုဆိုရင် ကြက်သံဒိုင်း စေတီနားမှာ ထီးထီးမားမား ရှိနေတဲ့ သာသနာ့ ဗိမာန်တော် တိုင်လုံးတွေ သွားထိရင် ဖုန်း ring tone လေးတောင် ကြားရ မလားပဲ။ ဒါကြောင့်လည်း ဒီဗိမာန်တော် ကြီးက ပြည်သူတွေနဲ့ ဝေးကွာသလို ဖြစ်နေသလားပဲ။
ဟော . . ခုတော့ ရွှေပြည်တံခွန်က ကျပ် ၅၀၀၀ တန်ဖုန်းဆိုပြီး စလိုက်တဲ့ ဇာတ်လမ်းကြောင့် ဗြတ်စာတို့ ပြည်သူ တွေလည်း ဖုန်းဈေးကွက် ပြိုင်ပွဲထဲ ပျော်ပျော်ကြီး ဆင်နွှဲလို့ရခဲ့ပါပြီ ခင်ဗျ။

ဒါတောင် ဇာတ်လမ်းအစမှာ အစိုးရပိုင် MPT လို့ ခေါ်တဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအပြင် ခရိုနီကြီး တွေကလည်း ပြည်သူတွေ အပေါ်မှာ ရသလောက်လေးညှစ် လိုက်သေးတယ် ခင်ဗျ။ ခုလို ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဖြစ်တဲ့ တယ်လီနောတို့ ၊ အော်ရီဒူးတို့ ဝင်လာတော့မှပဲ ဗြတ်စာတို့ လည်း ဖုန်းကတ်တွေ လမ်းဘေးချ ရောင်းတာ မြင်ဖူးတော့တာ။ ခုလော လောဆယ် ဗြတ်စာတို့ ထားဝယ်မှာ တယ်လီနောက စဝင်မယ်။ အော်ရီဒူး ကတော့ ဒီနှစ်မကုန်ခင် ဝင်နိုင်တယ်လို့ သိရပါသဗျ။ ထားဝယ်မြို့နား တစ်ဝိုက် နဲ့ ရေဖြူ၊ ကလိန်အောင် လမ်းပိုင်း တွေဘက်မှာ တယ်လီနော ဖုန်းတွေ ပြောရနေပြီ ဆိုတာကြောင့် တယ်လီနော ဖုန်းဆင်းကတ်တွေ တစ်ပတ်အတွင်း သောင်းဂဏန်း ရောင်းချလိုက်ရတယ်လို့ သိရသဗျ။ ဗြတ်စာတို့ ပြည်သူတွေက လည်း စိတ်နာနာနဲ့ အတိုးချ အားပေး မယ့်ပုံရတယ် ခင်ဗျ။

ကဲ..ဗြတ်စာ ပြောချင်တာက အစ ကနဦးက နည်းမျိုးစုံနဲ့ ခွင်ဖန်ခဲ့၊ ညစ်ခဲ့၊ ရစ်ခဲ့ပေမယ့် အချိန်တန် တော့ လည်း ခေတ်ရေစီး အတိုင်း မလွန်ဆန်နိုင်ဘဲ ပြည်သူတွေလိုလား တောင့်တတဲ့အတိုင်း ဖြစ်လာခဲ့ရတယ် ဆိုတာပါ။
ဒီလိုဖြစ်လာတော့ ဘာတွေ သံဝေဂ ရလိုက်လဲဆိုတော့ စေတနာ မမှန်ရင် ညစ်ခဲ့၊ ရစ်ခဲ့တာတွေ တစ်ချိန်ချိန်မှာ ကွင်းကွင်း ကွက်ကွက်ကို ပြန် ပေါ်လာ ရတယ်ဆိုတာပါပဲ။ ဒီလို အတွေးတွေနဲ့ အတူ ဗြတ်စာလည်း ပြည်ပအားကိုးပြီး ဝန်ဆောင်မှု ကောင်းမယ်ထင်ရတဲ့ ဖုန်း တွေကိုပဲ ခါးမှာတန်းစီချိတ်လို့ ပျော်ပျော် ကြီး အားပေးလိုက်ဦးမယ်ခင်ဗျ။