တနင်္သာရီတိုင်း ဆယ်တန်းအောင်ချက် ထိုးကျ

0
504

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း အောင်ချက်ထိုးကျခဲ့ပြီး တိုင်းနှင့် ပြည်နယ်အလိုက်အောင်ချက်အဆင့် ၉ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။


ဇွန်လ ၆ ရက်ကထုတ်ပြန်သည့်တိုင်း နှင့်ပြည်နယ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအရ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၂၉၄၄ ဦး မှ ၄၅၁၆ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၃၄.၈၉ ရာခိုင်နှုန်းသာ ရရှိခဲ့ ကြောင်း အထက်ပါရုံးထံ သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ – ၂၀၁၄ ပညာသင်နှစ် က တနင်္သာရီတိုင်းဒေသကြီးသည် အောင်ချက် ၄၀.၉၂ ရာခိုင်နှုန်းဖြင့်တိုင်းနှင့်ပြည်နယ်အလိုက်အောင်ချက်အဆင့် ၃ ချိတ်ခဲ့ပြီး ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ် တွင် အောင်ချက် ၃၇.၅၇ ရာခိုင်နှုန်း     ဖြင့် တိုင်းနှင့်ပြည်နယ်အလိုက်အောင်ချက် အဆင့် ၅ ရရှိခဲ့သည်။
” အခုနှစ် ပညာသင်နှစ်အစမှ အားနည်းချက်၊ အားသာချက်များကို ရှာဖွေပြီး လာမယ့်နှစ်မှာအောင်ချက် မြင့်မား လာရေးအတွက်လုပ်ဆောင်သွား မယ်” ဟု အထက်ပါ ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောဆိုသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကို ယခုနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးမှ ၅၁.၇၈ရာခိုင်နှုန်း ဖြင့်အောင်ချက်အများဆုံး ရရှိပြီး၊ ခြောက်နှစ် ဆက်တိုက်အောင်ချက်အများဆုံးရရှိခဲ့သော မွန်ပြည်နယ်မှ၄၃.၄၈ ရာခိုင်နှုန်းဖြင့်အဆင့် ၂၊မကွေးတိုင်းဒေသကြီးမှ ၄၀.၈၆ ရာခိုင်နှုန်းဖြင့်အဆင့် ၃ ရရှိခဲ့သည်ဟု သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၊ လောင်းလုံးမြို့နယ်မှ ၄၁.၃၈ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်ဆုံးရရှိပြီး၊ ထားဝယ်မြို့နယ်မှ ၃၉.၉၄ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ သရက်ချောင်းမြို့နယ်မှ ၃၇.၅၂ရာခိုင်နှုန်းဖြင့်တတိယ၊ မြိတ်မြို့နယ်မှ ၃၇.၁၂ ရာခိုင်နှုန်း ဖြင့် စတုတ္ထအောင်ချက်အများဆုံးရရှိခဲ့ကာ ဘုတ်ပြင်းမြို့နယ်မှ ၁၉.၅၈ ရာခိုင်နှုန်းဖြင့် အောင်ချက်အနိမ့်ဆုံးရရှိခဲ့သည်။
တိုင်းအတွင်း ဘာသာရပ်အလိုက်ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၈၁၇ဦးရှိပြီး မြန်မာဘာသာတွင် ဂုဏ်ထူး ရရှိသူ ၈ဦး၊ အင်္ဂလိပ်ဘာသာတွင် ၄ဦး၊ သင်္ချာဘာသာတွင် ၁၁၉ ဦး၊ ဓာတုဗေဒဘာသာရပ်တွင် ၁၈၃ ဦး၊ ရူပဗေဒဘာသာတွင် ၃၀၄ ဦး၊ ဇီဝဗေဒဘာသာတွင် ၂၁၄ဦး၊ ပထဝီဝင်ဘာသာတွင် ၄ ဦး၊သမိုင်းဘာသာတွင် ၄ ဦး၊ ဘောဂဘာသာတွင် ၉၇၇ ဦးအသီသီးရရှိခဲ့သည်။