ထားဝယ်လူမှုရေးအဖွဲ့များ ဒေသမျိုးရင်းပင်နှင့် ဒီရေတောပေါက်အပင် ၂၀၀၀ ခန့်စိုက်ပျိုး

0
630

ထားဝယ်အခြေစိုက် လူမှုရေး အဖွဲ့ အစည်းများက ဒေသမျိုးရင်းအပင်နှင့် ဒီရေတောပေါက်အပင် ၂၀၀၀ ခန့်ကို ဇွန်လ ၅ ရက်နေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင်စိုက်ပျိုးခဲ့ကြောင်း အထက်ပါ အဖွဲ့အစည်းများထံမှသိရ သည်။


လောင်းလုံးမြို့နယ် ကမ်းပနီ ကျေးရွာ ( မျှော်ရစ်ဘုရားအနီး) ပင်လယ် ကမ်းခြေတွင် ဒီရေတောပေါက်အပင် ၁၀၀၀ ခန့်နှင့်မေတ္တာမြို့နယ်ခွဲ၊ ခမောင်းသွယ်ဒေသရှိသစ်တောအတွင်း ဒေသမျိုးရင်းပင် ၁၀၀၀ခန့်ကို စိုက်ထည့် ခဲ့ကြောင်း သိရသည်။
ကမ်းပနီကျေးရွာ၊ ဒီရေတောအတွင်း ရှိ အပင်ကြပ်များကို နုတ်ယူပြီး ယင်းကျေးရွာ ကမ်းခြေရှိ ဒီရေတောမရှိ သောနေရာတွင် သမက်ဖြူနှင့် သမက်မဲအပင် များကိုအများဆုံး စိုက်ပျိုးခဲ့ကြောင်း ထားဝယ် လူငယ်မိတ်သဟာယအဖွဲ့မှကိုဘိုဘိုအောင်က ပြောသည်။
” ကိုယ်ပတ်ဝန်းကျင်ကို ကိုယ်နိုင်တဲ့ နည်းနဲ့ စောင့်ရှောက်လို့ရတယ်ဆိုတာကို  ဒီနားက ရွာတွေကို အသိပေးချင်တာပါ” ဟု ကိုဘိုဘိုအောင်ကဆိုသည်။
ဒေသအတွင်း ဒီရေတောများစွာရှိ သော်လည်း ဒီရေတောများ တဖြည်းဖြည်း နည်းပါးလာခြင်းကြောင့်ထပ်ပြီး ဆိုးရွား မလာစေရန်၊  ကမ်းပါးပြိုခြင်းကို ကာကွယ်နိုင်ရန်၊ ဒီရေတောတွင် ပေါက်ဖွားလေ့ရှိသော သားငါး၊ ပုဇွန်၊ ဂဏန်းစသော ရေသတ္တဝါများကို ဒေသခံများက စားဝတ်နေရေးအတွက် ရှာဖွေရာ၌ အထောက်အကူဖြစ်စေရန် အတွက် ဒီရေတော ပေါက်အပင်များ ကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။