အိုးလုပ်မီးဘေး ကယ်ဆယ်ရေး စခန်း ဖျက်သိမ်း

0
600
ဓါတ်ပုံ - အောင်သူ

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက် မီးလောင်မှုမှ မီးဘေးသင့်သူများ အ တွက် အ.ထ.က. ၃ မီးဘေး ကယ် ဆယ်ရေးစခန်းကို မေလ ၂၉ ရက် နေ့တွင် ဖျက်သိမ်း လိုက်ပြီဖြစ် ကြောင်း ကယ်ဆယ်ရေး စခန်းစီမံ ခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

ဓါတ်ပုံ - အောင်သူ
ဓါတ်ပုံ – အောင်သူ

အစိုးရ အစီအစဉ်ဖြင့် ပြန်လည် ဆောက်လုပ်ပေးသည့် နေအိမ်များ ပြီးစီးလုနီးပါးဖြစ်နေပြီး အ.ထ.က ၃ ကျောင်းမှာ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပြန်ဖွင့်တော့မည် ဖြစ်သည့် အတွက် ကယ်ဆယ်ရေး စခန်းကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ထားဝယ် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ပြောသည်။
” ကျောင်းက နောက်တစ်ရက် နှစ်ရက်ကြာရင်ပြန်ဖွင့်တော့မှာ။ မနက်ဖြန်ကျရင် ကျောင်းသန့်ရှင်း ရေးတွေ ပြန်လုပ်ရဦးမှာ မို့လို့ပါ” ဟု ဦးသိန်းအောင်က ပြောသည်။
နေအိမ် ဆုံးရှုံးခဲ့ရသူများတွင် တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် ပေးရသည့် နေအိမ် ၂၂ လုံးသာရှိပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆောက်လုပ် မည့်သူ ၃၁ ဦးရှိကာ တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောင်လုပ်သည့် အိမ် များ ပြီးစီးပါက ကယ်ဆယ်ရေး စခန်းဖျက်သိမ်းမည်ဟု ကနဦး ထုတ်ပြန်ထားသည်။
” အိမ်က တော်တော် များများတော့ ပြီး နေပါပြီ။ မပြီးသေးတဲ့ အိမ်တွေ လည်း ရှိသေးတယ်။ နှစ်ရက် သုံးရက် လောက် ကြာရင်တော့ ပြီးလောက်ပါပြီ။ ဒီလိုပဲ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီး ကျောင်းတွေမှာ ခဏ လိုက်နေရမှာပေါ့” ဟု အိုးလုပ်ရပ်ကွက်မှ မီးဘေးသင့်သူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
လှူဒါန်းရရှိသည့် ပစ္စည်းများကို မေလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ တို့တွင် နှစ်ရက်ခွဲကာ အိမ်ထောင်စု အလိုက် ပေးအပ်လိုက်ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
၎င်းအပြင် မီးဘေးသင့် ပြည်သူ များအတွက် အလှူငွေ စုစုပေါင်း ကျပ်သိန်း ၉၈၀ ကျော် ရရှိထားပြီး ခရီးလွန်နေသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြန်ရောက်လာသည့်အခါ အချိုးကျ ခွဲဝေ ပေးအပ်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရ သည်။