ထားဝယ်တွင် တယ်လီနော ဖုန်းလိုင်းများ စတင် စမ်းသပ်

0
665
ဓါတ်ပုံ -အောင်သူ

ထားဝယ်ခရိုင်အတွင်း တချို့ မြို့နယ်များတွင် တယ်လီနော ဖုန်းလိုင်း များကို စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာမှ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းထံမှ သိရသည်။

ဓါတ်ပုံ -အောင်သူ
ဓါတ်ပုံ -အောင်သူ

မကြာမီတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း တယ်လီနော တယ်လီဖုန်းလိုင်းများကို စတင် ဝန်ဆောင်မှုပေးမည် ဖြစ်သည့်အတွက် ကွန်ယက်အဆင်သင့်ဖြစ်စေရန် တည်ဆောက် စမ်းသပ်နေကြောင်း ဦးစိုးသူထွန်းက ပြောသည်။
” တရားဝင် ကွန်ရက် ဖွင့်လှစ်မယ့်နေ့ကို ကြေညာသွားမယ် ” ဟု ၎င်း က ဆိုသည်။ ရေဖြူမြို့နယ် ရေဖြူမြို့၊ ကလိန် အောင်မြို့နယ်ခွဲ၊ ကံပေါက် ကျေးရွာနှင့် ထားဝယ်မြို့တို့ရှိ တချို့နေရာများတွင် မေလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များမှစ၍ တယ်လီနောဖုန်းများ ခေါ်ဆို အသုံးပြု နိုင်ခဲ့သည်ဟု ဒေသခံများထံမှ သိရ သည်။
” စမ်းသပ်ဆဲ ကာလဖြစ်တဲ့အတွက် အချို့သော နေရာတွေမှာ ဖုန်းလိုင်းမိ နေတာ ဖြစ်နိုင်ပါတယ်” ဟု ဦးစိုးသူထွန်း က ဆိုသည်။
သို့သော် မြိတ်မြို့နှင့် ကော့သောင်း မြို့တို့တွင် တယ်လီနောဖုန်း အသုံးပြု၍ မရရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
မြိတ်မြို့တွင် လာမည့်လ၌ တယ်လီနော ဖုန်းများကို အသုံးပြု နိုင်မည်ဟု သတင်း ထွက်နေပြီး ကော့သောင်းတွင် တယ်လီနောဖုန်း လိုင်းတိုင်များ စိုက်ထူ ထားပြီးဖြစ်သော်လည်း ကေဘယ်ကြိုးများ တပ်ဆင်နေသည်ကို မတွေ့ရသေးဟု အထက်ပါ မြို့ခံများက ပြောသည်။
ထားဝယ်မြို့နှင့် မြိတ်ရှိ အရောင်း ဆိုင်အချို့တွင် တယ်လီနော ဖုန်းကတ် များကို စတင်ရောင်းချနေပြီး ထားဝယ် မြို့တွင် ဖုန်းကတ် တစ်ကတ်လျှင် ကျပ် ၂၀၀၀ ၊ မြိတ်တွင် ကျပ် ၃၀၀၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။