ဆူနာမီ အန္တရာယ် ဇာတ်တိုက် လေ့ကျင့်မှုလုပ်

0
640

လောင်းလုံးမြို့နယ် သင်္ဘောဆိပ် ကျေးရွာတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် ဆူနာမီလှိုင်းသက် ရောက်မှုကို ကြိုတင်ကာကွယ်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုသည် ဘာရင် ကျွန်း မီးတောင် ပေါက်ကွဲမှုနှင့် မသက် ဆိုင်ဟု တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းက ပြောကြားသည်။


ဆူနာမီနှင့်ပက်သက်၍  ကြိုတင် ကာကွယ်နိုင်ရန် ၂၀၀၉ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့က လေ့ကျင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ထပ်မံ စမ်းသပ် လေ့ကျင့်ရ ခြင်းဖြစ်ကာ ဘာရင်ကျွန်းမီးတောင်ကြောင့် လေ့ကျင့် ခြင်းမဟုတ်ကြောင်း ဦးနေမျိုးထွန်းက ပြောဆိုသည်။
လာမည့် ဇွန်လတွင် စမ်းသပ်လေ့ ကျင့်ရန် တင်ပြထားသော်လည်း ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ရုံးချုပ်မှ ယခုလတွင် ပြု လုပ်ရန် ညွှန်ကြားလာသည်အတွက် ပင်လယ် ကမ်းခြေ ကျေးရွာများအနက် ဆူနာမီ ရေလှိုင်း အန္တရာယ်ရှိနိုင်ပြီး စမ်းသပ် လေကျင့်ရန် အဆင်ပြေသော သင်္ဘောဆိပ် ကျေးရွာတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးနေမျိုးထွန်းက ပြောသည်။
” လာမယ့် လမှာ ကော့သောင်းက ပလုံးတုံတုံး ကမ်းခြေက  ရွာတစ်ရွာမှာစမ်းသပ်လေ့ကျင်မှုပြုလုပ်ဖို့ လျာထား တယ်”ဟု ၎င်း က ဆိုသည်။
ကပ္ပလီပင်လယ်ပြင်အတွင်းရှိ ဘာရင်ကျွန်း (Barren Island)မီးတောင် သည် ပြာမှုန့်နှင့် ချော်ရည်ပူများ မှုတ်ထုတ် လျက် ရှိပြီး ယင်းမီးတောင်သည် အင်အား ပြင်းထန်စွာပေါက် ကွဲခဲ့ပါက မြေငလျင်လှုပ်ခတ် ခြင်းနှင့် ဆူနာမီရေလှိုင်းအန္တရာယ်ကို မြန်မာနိုင်ငံတွင် ကြိုတွေ့နိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က The Voice နေ့စဉ်သတင်း စာအား မေလ ၁၂ရက်နေ့က ပြောဆိုထားသည်။
အန်ဒမန်ကျွန်းများသည် ဆူနာမီရေ လှိုင်းဖြစ်ခဲ့လျှင် အနီးဆုံးနေရာဖြစ်ပြီး မြန်မာ ကမ်းရိုးတန်းများဖြစ်သည့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစုဒေသတို့သည် ဆူနာမီ အန္တရာယ်ကို ကြုံတွေ့နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးထားသည်။
ဘာရင်ကျွန်းနှင့် မြန်မာကမ်းရိုး တန်းသည် ကီလိုမီတာ ၄၀၀(မိုင် ၂၅၀ ခန့်) ဝေးသည့်အတွက် ဆူနာမီရေလှိုင်း ဖြစ်ပွားလျှင်  မိနစ် ၃၀ မှ တစ်နာရီအထိ ပြင်ဆင်ချိန်ရပြီး ကုန်းမြင့်ရှိ တနင်္သာရီ ကမ်းရိုးတန်းများက လှိုင်းလွတ်အောင် ရှောင်နိုင်သော်လည်း  ကမ်းနိမ့်ဒေသဖြစ် သည့် ဧရာဝတီက လွတ်ရာလွတ်ကြောင်း များအား ပြထားရန်လိုကြောင်း မြေငလျင် ကော်မတီက ပြောဆိုထားသည်။
ဘာရင်ကျွန်းသည် ကပ္ပလီကျွန်းစု အတွင်းရှိ အိန္ဒိယနိုင်ငံပိုင်ကျွန်းဖြစ်ပြီး ကပ္ပလီကျွန်းစုတွင် ပါဝင်သော Port Blair မြို့၏ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာ အကွာတွင်တည်ရှိသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့ အ နောက်ယွန်းယွန်း ၃၂၀မိုင်ခန့် မြိတ်မြို့ အနောက်ဘက် ၃၁ မိုင်ခန့်၊ ကော့သောင်း မြို့ အနောက်မြောက်ဘက် ၃၆၀ မိုင်ခန့် ကွာဝေးပြီး ထိုင်းနိုင်ငံအနောက်ပိုင်းရှိ ရနောင်းပြည်နယ်နှင့် ကီလိုမီတာ ၇၀၀ ခန့် ကွာဝေးသည်။
ဘာရင်ကျွန်း မီးတောင်ပေါက်ကွဲမှု  စိုးရိမ်မှုမလွန်ကဲရန် ပညာရှင်များက သတိပေးထားသည်။
သဘာဝ ဘေးအန္တရာယ်နှင့် ပတ် သက်၍ ပညာပေးခြင်းလုပ်ငန်းများ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင် ရေးလုပ်ငန်းများကို သဘာဝဘေး အန္တရာယ်ပညာပေး လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း သင်တန်းဆင်းပြီးသူ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့နှင့် ပူးပေါင်းကာ လုပ်ဆောင် လျက်ရှိသည်ဟု အထက်ပါဌာနထံမှ သိရ သည်။
သင်္ဘောဆိပ်ကျေးရွာတွင် ဆူနာမီ စမ်းသပ်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင် ၇၁ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၈ ဦးနှင့် ကျောက် ဆင်ကျေးရွာအုပ်စု ရွာသူ^သားများ၊ သင်္ဘော့ ဆိပ်ကျေးရွာသူ^သားများ ဖြင့် ပြုလုပ်ခဲ့ သည်ဟု သိရသည်။