ဖုန်းသရဲခြောက်သံ

0
799

ရဲတပ်ဖွဲ့၊မီးသတ်နှင့် အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်း များ  ပြဿ       နာတစ်ခုကြုံလာရသည်။
၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် လူတိုင်းနီးပါး တယ်လီဖုန်းကိုင်နိုင်လာ၊ ပေါ်လာပြီးသည့်နောက်တွင် ၎င်းတို့ရှေ့ ဆင့် နောက်ဆင့်ကြုံကြရခြင်း ဖြစ်သည်။


ငွေကြေးပြဿနာ မဟုတ်။ ဖုန်း ခေါ်ဆိုမှုများသည့် ပြဿနာမဟုတ်။ လုပ်အားနှင့် အလုပ်မလည်ပတ်နိုင် သည့် ပြဿ       နာမဟုတ်။ ပြဿနာအတုများ သတင်းအချက်အလက် အမှားများကို သယ်လာသည့် ဖုန်းသရဲ ပြဿ       နာခုနှစ်အတွင်း ထားဝယ်မြို့တွင် မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ပြီး သတင်း လိမ်ပေးသူများ ပေါ်လာသည်။ အရေးပေါ် လူနာတင် ယာဉ်များအား လိမ်လည်ပြီး ဖုန်းခေါ်သူများ ပေါ်လာသည်။မတ်လနှင့် ဧပြီလအတွင်း ဖုန်း လိမ်ခေါ်မှု ၃ ကြိမ်ကြုံခဲ့ရသည်ဟု ဇမ္ဗူသီရိမွန်မြတ်သော ကုသိုလ်ပြုအရေး ပေါ် လူနာကူညီသယ်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။
” ဆိုင်ကယ်တိုက်မှု ဖြစ်တယ်လို့ ဖုန်းခေါ်လို့ သူတို့ညွှန်တဲ့နေရာသွားတော့  ယာဉ်တိုက်မှု ဖြစ်မထားဘူး။ ဖုန်းပြန်ခေါ် တော့ စက်ပိတ်ထားတယ်” ဟု ဦးနိုင်မျိုးသွင် ကဆိုသည်။

ထားဝယ် မီးသတ်တပ်ဖွဲ့များသည် ယခင်က သတင်းအချက်အလက်မပြည့် စုံသည့် ပြဿ       နာနှင့် သာ ကြုံဖူးခဲ့သည်။ ယခုမူသတင်း လိမ်ပေးသူများ ပေါ်လာသည်။ သင်္ကြန်ကာလက တစ်ရက်တည်း သတင်းလိမ်ပေးမှု သုံးခါကြုံရသည်ဟု တနင်္သာရီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်သားတစ်ဦး ကပြောသည်။
ယင်းသို့ ဖုန်းလိမ်ဆက် သတင်းပေးသည့်အတွက် မီးမလောင်ဘဲ မီးသတ်ကား ထွက်လိုက်ရသည့်အကြိမ်များ  ရှိခဲ့သည်ဟု တိုင်း မီးသတ်ဦးစီးမှူး ဦးခင်မောင်ရီက ဧပြီလနှောင်းပိုင်းက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။
” ဒီလိုမျိုးက မလုပ်သင့်ဘူး။ ဥပမာ- ကျား…ကျား…ကျားလို့ အမြဲအော်နေရင် တကယ် ကျားလာတဲ့ အချိန်ကျရင် ဒုက္ခရောက်ကုန်တာမျိုး။ ဖုန်းလိမ်ဆက်တာတွေကြောင့် တကယ့်အရေးပေါ် ဖြစ်လာရင်အားလုံး ဒုက္ခရောက် နိုင်တယ် ” ဟု ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ ဆရာတစ်ဦးက မှတ်ချက်ပြုသည်။
နယ်မြေ မအေးချမ်းသည့် နေရာမျိုးတွင် မီးလောင်မှုဖြစ်သည်ဟု သတင်းပေးလာပါကသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်မေးမြန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အချိတ်အဆက်လုပ်ပြီးမှ သာသွားသင့်သည်ဟု ကော့သောင်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် က အကြုံပြုသည်။
” ပြီးခဲ့တဲ့ ကျောင်းသားသပိတ်နေ့က မီးလောင်နေတယ်ဆိုပြီး ဖုန်းလိမ်ပြီးဆက်တာမျိုးကလွဲပြီး အခုအချိန်ထိ လိမ်လည်ပြီး ခေါ်တာမရှိခဲ့ပါဘူး။ မီးလန့်လို့ ခေါ်တာမျိုးလောက်ပဲရှိပါတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်ဝင်း ဆိုသည်။
ယင်းသို့သတင်းပေးမှုဖြစ်စဉ်ကြောင့်ဒေသခံများက မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်လွဲသည် မျိုးကိုကြုံရသည်ဟု ဦးဖြိုးမင်းဇော်ကပြောသည်။
” ဒါက ဖုန်းလိမ်ဆက်ခြင်းရဲ့ ဆိုးကျိုးတွေပေါ့ ”
မီးသတ်တပ်ဖွဲ့ နည်းဥပဒေပုဒ်မ ၃၄ အရ မီးသတ်တပ်ဖွဲ့သို့ သတင်းလိမ်ပေးပါက ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ထားဝယ်ရဲစခန်းတွင် ယင်းကဲ့သို့ နှစ်ကြိမ်ခန့်ကြုံဖူးပြီး ကော့သောင်းနှင့် မြိတ်တို့တွင်မူ ဖုန်းသရဲ ပြဿ       နာ မစသေးဟု သိရသည်။
စနောက်ချင်သည့် စိတ်ဖြင့်ဆက်သည်ဟု ပြောနိုင်သော်လည်း အမှန်တကယ်ဖြစ်လာချိန်တွင် သတင်း မှန်မမှန် စိစစ်နေသည့် အချိန်ကြာသွားသည့်အတွက် လူထုသာလျှင် ဒုက္ခရောက်မည်ဟု ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးကပြောသည်။
” ဒါက ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲလို့ရတယ်။ ပြည်သူ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေစဉ် ဝတ္တရား နှောင့်ယှက်မှုပေါ့ ” ဟု ဒု-ရဲမှူးကဆိုသည်။
တစ်ခါတစ်ရံ ယင်းကဲ့သို့ ဖုန်းလိမ်ဆက်မှုမျိုး ကြုံရပြီး အလုပ်ပျက်သည်ဟု ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖုန်းသရဲခြောက်သံ ခပ်စိပ်စိပ်ကြားလာသည့် တစ်ဖက်တွင် ယင်းကိုဖော်ထုတ်ရာတွင်လည်း အခက်အခဲ ရှိနေသည်ဟု ဒု-ရဲမှူး မျိုးမြင့်ဦးကဖွင့်ဟသည်။
” ဥပမာ- မီးသတ်၊ ရဲစခန်း ဖုန်းတွေက (၂၁ . . . . )  နဲ့စတဲ့ ဖုန်းတွေဆိုတော့ ဆက်တဲ့သူရဲ့ နံပါတ်မပေါ်ဘူး။ ဒါကြောင့် နံပါတ်ပေါ်တဲ့ဖုန်းတွေနဲ့ လဲပေးသင့်ပြီ။ လိမ်ဆက်တဲ့ ဖုန်းနံပါတ်ကို သိရင် ဒီနံပါတ်ကတဆင့် ခြေရာခံပြီး လိုက်လို့ရတယ် ” ဟု ဒု-ရဲမှူး ဆိုသည်။
ထားဝယ်၊ မြိတ်၊ကော့သောင်း ခရိုင်သုံးခုတွင် ထားဝယ်တွင်  ဖုန်းသရဲခြောက်သံ စတင်အသံထွက်လာသည်။
မီးသတ်တပ်ဖွဲ့များကို စခြောက်သည်။
ပြီး အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းများကိုခြောက်သည်။
” အရေးပေါ် လူနာတွေ အသက်မဆုံးရှုံးအောင် အမြန်ဆုံး ပြုစုပြီး ဆေးရုံတင်ပို့နေရလို့၊ လိမ်လည်ပြီး အရေးပေါ် လူနာတင် ယာဉ်ကိုမခေါ်ဖို့မေတ္တာရပ်ခံပါတယ် ”
နှစ်လအတွင်း သုံးကြိမ်ဖုန်းသရဲခြောက်သံကြားခဲ့ရသည့်ဦးနိုင်မျိုးသွင်ကဖုန်းသရဲများကိုမေတ္တာရပ်ခံသည်။