ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်း ခင်းမည်

0
822

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့မှ မိုင် ၅၀ ခန့်ဝေးသည့် သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်း မကြီးကို ၁၈ ပေ လမ်းခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။


ပြီးခဲ့သည့် နှစ်များက ရေဖြူမြို့ နယ် မလွှဲတောင်မှ ဘုတ်တောင် အထိ ၁၈ ပေအကျယ် လမ်းကို ဖောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခု ဘဏ္ဍာ ရေးနှစ် တွင် ဘုတ်တောင်မှ ကော့သောင်းအထိ ခင်းပြီးပါက တနင်္သာရီတိုင်းဒေသ ကြီး၏ မြောက်ပိုင်းမှ တောင်ပိုင်းစွန်း အထိ ၁၈ ပေ အကျယ် ပြည်ထောင်စု လမ်းမကြီး ဖြစ်လာမည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။
” အနိမ့်ဆုံးကတော့ ကတ္တရာလမ်း ပေါ့။ ကွန်ကရစ် လမ်းပိုင်းတွေလည်း ပါမယ် ”  ဟု ဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။
ယခု ဘဏ္ဍာရေးနှစ်တွင် လမ်း တံတားပြင်ဆင် တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ ကျပ် ၁၀၁ ဘီလီယံကျော် ရရှိထား ကြောင်းသိရသည်။
ယခုနှစ် ဖောက်လုပ်မည့် လမ်းတစ်လျှောက်တွင် မြိတ်မြို့၊ ပုလောမြို့ အပါအဝင် အချို့လမ်းပိုင်း များတွင် ၁၈ ပေလမ်း၊ ၂၄ ပေ လမ်းအချို့ရှိပြီး ကျန်လမ်းများမှာကျောက်ခင်းလမ်းများ ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။သို့သော် လက်ရှိ အနေအထားတွင် မြိတ်နှင့် ကော့သောင်း အကြားရှိ လေညာ-ပြည်ကြီးမဏ္ဍိုင်-ဘုတ်ပြင်း လမ်းပိုင်း တွင် မြေနီလမ်းများသာ ဖြစ်ပြီး လမ်းခရီးကြမ်းတမ်းသည်ဟု မြိတ်-ကော့သောင်း ပြေးဆွဲသည့် ယာဉ်လိုင်း အသိုင်းအဝိုင်း က ပြောသည်။မြို့နှင့် အနီး ပတ်ဝန်းကျင်တွင်သာ ကတ္တရာလမ်းများ ရှိပြီး ကျန်နေရာ အများစုမှာ မြေနီလမ်းများဖြစ်သည်ဟု ယင်းယာဉ်လိုင်း အသိုင်းအဝိုင်းက ဆိုသည်။
” ၁၀၂၀ တောင်နားမှာ အဆိုးဆုံး ပဲ ”  ဟု ငွေဖြိုးခိုင် ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။လမ်းခရီး ကြမ်းတမ်းသည့်အတွက် ကော့သောင်း-မြိတ် ခရီးစဉ်ကို ယာဉ် အဟောင်းများဖြင့်သာ ပြေးဆွဲလျက်ရှိပြီး လေအိတ်ကားများ၊ အဆင့်မြင့် မှန်လုံကား မပြေးဆွဲနိုင် သေးဟု ၎င်းတို့က ပြောသည်။ မြိတ် – ကော့သောင်း လမ်းပိုင်းကို အချို့ယာဉ်လိုင်းများက လေအိတ်ကားများဖြင့် ခရီးသည်မပါဘဲ စမ်းသပ်မောင်းနှင်ဖူးကြောင်း သိရသည်။
မြိတ်-ထားဝယ် လမ်းသည်လည်း ပွင့်လင်းရာသီတွင် သွား လာရ အဆင် ပြေသော်လည်း တချို့ နေရာများတွင် မြေနီလမ်းများဖြစ်သောကြောင့် မိုးရာသီတွင် သွားလာ ရ ခက်ခဲသည်ဟု အထက်ပါ ယာဉ်မောင်းက ဆိုသည်။
ယာဉ်လိုင်း အများစုမှာ ခရီးစဉ်ကို မြိတ်မြို့အထိသာ ပြေးဆွဲကြပြီး မြိတ် မှ ကော့သောင်းသို့မူ ကားကြီး ယာဉ် လိုင်း ၆ လိုင်းနှင့် ကားငယ် ယာဉ်လိုင်း ၂ လိုင်း တို့သာ ပြေးဆွဲကြ ကြောင်း မြိတ်-ကော့သောင်း ပြေးဆွဲ သည့် ယာဉ်လိုင်း များထံမှ သိရသည်။
မြိတ်-ကော့သောင်း လမ်းပိုင်းကို ၁၈ ပေအကျယ် ကွန်ကရစ် လမ်းခင်း ပြီးပါက မြိတ်မြို့မှ ကော့သောင်းမြို့သို့ ပြေးဆွဲရန် ယာဉ်လိုင်းအများစုက စိတ် ဝင်စားလျက်ရှိသည်။
ဘုတ်တောင်မှ ကော့သောင်းအထိ ၁၈ ပေ လမ်းဖောက်လုပ်ရန်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ် နေပြီဖြစ်ကြောင်း ဝန်ကြီးဒေါက်တာကျော်ဆန်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လည်း ပြည်ထောင်စုလမ်းမကြီးအတွက် ဘတ်ဂျက်အများဆုံး အသုံးပြုခဲ့ပြီး အကွေ့အကောက်များဖြင့် အန္တရာယ်များသည့် မလွှဲတောင်လမ်းပိုင်းကို လမ်းဖြောင့်နီးပါးဖြစ်အောင် ဖောက်လုပ်ခဲ့သည်။