ကံပေါက်လျှပ်စစ်မီး သင်္ကြန်မတိုင်မီစမ်းသပ်နိုင်ရန် စီစဉ်နေဟု ဆို

0
722

ထားဝယ်ဒေသအတွင်း သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး နိုင်ရေးအတွက် သင်္ကြန်မတိုင်မီလျှပ်စစ် မီးစတင် စမ်းသပ်နိုင်ရန်စီစဉ်လျက်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုကပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ထားဝယ်မြို့တော်ခန်းမတွင် ကျင်းပ သော ဗစနထ လေကြောင်းလိုင်းစတင် ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က တိုင်းအတွင်း လျှပ်စစ် မီးရရှိရေးနှင့် ပတ်သက်၍ရှင်းလင်း ပြောဆိုရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းအတွက်လျှပ်စစ် ပစ္စည်းများ ပြည့်စုံရောက်ရှိနေပြီး ဓာတ် အားခွဲရုံး တည်ဆောက်ခြင်း လုပ်ငန်း မှာလည်း နောက်ဆုံးအဆင့်သို့ရောက် ရှိနေပြီးဖြစ်၍ လျှပ်စစ်မီးစမ်းသပ်ပြီးလျှင်  သဘာဝဓာတ်ငွေဖြင့် ထားဝယ် ဒေသ အတွင်း လျှပ်စစ်မီး ရရှိတော့မည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
” ဂက်စ်ကတစ်ယူနစ်ကို ၆၀ ကျော် လောက်ကျပါတယ်၊ အင်ဂျင်ဌားခက တစ်ယူနစ်ကို ၆၀ ကျတော့အရင်း နှုန်းက ၁၂၀ လောက်ကျတော့ လိုင်းဘောက်နဲ့ ဆားဗစ်ခနဲ့ဆိုရင် ဈေးတစ်ခုသတ်မှတ်ပြီး ကောက်ခံသွား ပါမယ် ” ဟု ဝန်ကြီးချုပ် က ဆိုသည်။
ယင်း လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရန် ထားဝယ်ဒေသအတွင်းရှိ မြို့ချင်းဆက် ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး အသေးစိတ်လုပ်ငန်းများ လုပ်ဆောင် လျက်ရှိ၍ သင်္ကြန်မတိုင်မီ လျှပ်စစ်မီး စမ်းသပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဓါတ် အား ဖြန့်ဖြူးရေး လုပ်ငန်းမှတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးက ပြောသည်။
” သင်္ကြန်မတိုင်မီမပြီးရင် သင်္ကြန် ပြီးမှာ ပြီးစီးနိုင်အောင်သင်္ကြန်ရက် အတွင်းမှာ နိုင်ငံခြားသား ပညာရှင်တွေနဲ့ ဝန်ထမ်းတွေ သင်္ကြန်ပိတ်ရက်မှာ မနားပဲ  လုပ်ဆင်းမယ်” ဟု တိုင်းလျှပ်စစ် အင်ဂျင်နီယာမှူးက ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်ဒေသ အတွင်း နေ့ခင်းအချိန်တွင်လျှပ်စစ်မီး သုံးစွဲနှုန်းသည် ၁.၁ မဂ္ဂါဝပ်ခန့် ရှိပြီး ညပိုင်းအချိန်တွင် ၄.၅ မဂ္ဂဝပ်ခန့် ရှိ သည်ဟု သိရသည်။