သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များ ဖမ်းမည်

0
747

တနင်္သာရီတိုင်းတွင် ယာဉ် လိုင်စင်၊ ယာဉ်မောင်း လိုင်စင်နှင့် လုပ်ငန်းလိုင်စင်မရှိသည့် မော်တော် ယာဉ်များကို သင်္ကြန်မတိုင်မီ လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ စီမံချက် ဖြင့် စစ်ဆေး အရေးယူသွားမည် ဖြစ် ကြောင်း အမှတ်(၈) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး(တနင်္သာရီ) ထံမှ သိရသည်။

2015-tg-cycle
ယင်းသို့ အရေးယူမှုများ စတင် မည့်အကြောင်းကို လူထုကို အကြောင်း ကြားခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် အထက်ပါ လိုင်စင် များ တစ်ပါတည်း ယူဆောင်လာရန် အသိပညာပေးခြင်းကိုမတ်လ ၂၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” ပုံမှန်တော့ အရေးယူနေတာပဲ။ သင်္ကြန်ကာလအတွက် အရေးကြီးတယ် ထင်လို့ပါ ” ဟု ၎င်းကဆိုသည်။
စစ်ဆေး အရေးယူမှုများကို သင်္ကြန်ကာလအတွင်း ပြုလုပ်မည် မဟုတ်ဘဲ မတ်လ ၁ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့ထိနှင့် သင်္ကြန်ကာလ နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အထက်ပါရုံးထံ မှ သိရသည်။

အများပြည်သူ သွားလာရာလမ်း ပေါ်တွင် မောင်းနှင်သည့် ဆိုင်ကယ်၊ မော်တော်ကား၊ ထော်လာဂျီနှင့်သုံးဘီး ဆိုင်ကယ်များ အားလုံး ယာဉ်မောင်း လိုင်စင်၊ ယာဉ်လိုင်စင်နှင့် အငှား ယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်များ ပါရှိရမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန် ထားသည်။

” ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနေသူတွေက မကျွမ်းကျင် ရင် အများပြည်သူအတွက် အန္တရာယ်ရှိနိုင်တယ် ” ဟု အမှတ်(၈) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးစိုးဝင်းက ပြောသည်။
ယာဉ်ထိန်းရဲများက လမ်းဆုံလမ်းခွများတွင်သာ အဓိက ဖမ်းဆီးလေ့ရှိသဖြင့် အထောက်အထား မပြည့်စုံသည့် ယာဉ် မောင်းသူအများစုမှာ လမ်းဆုံလမ်းခွများကို ရှောင်ကွင်းသွားလာလေ့ ရှိကြောင်း ထားဝယ်မြို့ခံ ဆိုင်ကယ်စီး လူငယ်တချို့က ပြောသည်။
ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များမပါရှိသူများသည် မော်တော်ယာဉ် ဥပဒေ ၂၂ အရ တရားရုံးသို့ တရားစွဲတင်ခံရမည် ဖြစ်ပြီး ဒဏ်ငွေကျပ် ၁၅၀၀ ပေးဆောင်ရနိုင်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။