ခမောင်းသွယ်ဒေသတွင် သဘာဝထိန်းသိမ်းတော ဧရိယာ ၉ မျိုး သတ်မှတ်မည်

0
744
ခမောင်းသွယ်ဒေသအထက် အထက်ဆိတ်ဖြုံး ရေဝေရေလဲတော အတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနား မြင်ကွင်း / ဓါတ်ပုံ - တင့်လွင်

ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊ ခမောင်းသွယ်ဒေသတွင် သဘာဝ သစ် တောထိန်းသိမ်းရေး ဧရိယာ ၉ မျိုးကို သတ်မှတ်ကာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ခမောင်းသွယ်ဌာနေ တိုင်း ရင်းသား ဘ၀နှင့် သဘာဝရောင်ခြည် ကော်မတီမှ သိရသည်။

ခမောင်းသွယ်ဒေသအထက် အထက်ဆိတ်ဖြုံး ရေဝေရေလဲတော အတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနား မြင်ကွင်း
ခမောင်းသွယ်ဒေသအထက် အထက်ဆိတ်ဖြုံး ရေဝေရေလဲတော အတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနား မြင်ကွင်း

ကော်မတီမှ ရေဝေရေလဲတော၊ တိရိစ္ဆာန်ဘေးမဲ့တော၊ အသုံးချသစ်တော၊ စိုက်ပျိုးရေး သစ်တော၊ ပရဆေး သစ်တော၊ ချက်မြှုပ်သစ်တော(မွေးဖွား သည့်အခါ ချက်မြှုပ်သည့်တော)၊ ရိုးရာ ဓလေ့သစ်တော၊ ငါးဘေးမဲ့အိုင်နှင့် သင်္ချိုင်းမြေနေရာများကို သတ်မှတ်သွား မည်ဖြစ်ကြောင်း နော်မူးခိုဖောက ရှင်းပြ သည်။
” ထိန်းသိမ်းရေးတော တစ်ခုချင်းစီ နေရာတွေ သတ်မှတ်ပြီး ကျေးရွာတိုင်းမှာ ထိန်းသိမ်းရေးတောတွေ လုပ်သွားမယ် ” ဟု လူထုအခြေပြု ရေရှည်တည်တံ့ရေး နှင့်ဖွံ့ဖြိုးရေး ကော်မတီ (CSLD) မှ စောကဲဒိုက ပြောသည်။

ပြီးခဲ့သည့်နှစ်က ခမောင်းသွယ် ချောင်းအတွင်းရှိ ထန်းတပင် ငါးဘေး မဲ့အိုင်ကို ရေနေသတ္တဝါဘေးမဲ့ အိုင်ဖြင့် သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ဆိပ်ဖြုံး ငါးဘေးမဲ့အိုင်နှင့် အထက်ဆိတ်ဖြုံးရှိ ရေဝေရေလဲ ထိန်သိမ်းရေးတောကို ဒေသခံများဖြင့် ဖွဲ့စည်းထားသော ကော်မတီက ထပ်မံသတ်မှတ်ခဲ့သည်ဟု RKIPN ကော်မတီထံမှ သိရသည်။
RKIPN ကော်မတီတွင် ပရဆေး ပင်များအကြောင်း နားလည်သည့်အဖွဲ့၊ သစ်ပင်များအကြောင်း နားလည်သည့် အဖွဲ့၊ သဘာဝ ဟင်းသီးဟင်းရွက်များ အကြောင်း နားလည်သည့်အဖွဲ့၊ တော ရိုင်းတိရစ္ဆာန်များအကြောင်း နားလည် သည့်အဖွဲ့၊ လက်မှုပညာ တတ်ကျွမ်း သည့်အဖွဲ့၊ ရွှေ့ပြောင်းတောင်ယာ လုပ် ငန်းကို တတ်ကျွမ်းသည့်အဖွဲ့  တို့ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ယင်းအဖွဲ့များ၏ လတ်တလော သုတေသနရလာဒ်များအရ တိရစ္ဆာန် အမျိုးအစား ၅၃မျိုး၊ ဟင်းသီးဟင်းရွက် အမျိုးအစား ၁၁၇မျိုး၊ ပရဆေးပင် အမျိုးအစား ၁၁၁မျိုး နှင့် သစ်ပင်အမျိုး အစား ၁၆၂မျိုးတို့ကို ခမောင်းသွယ် ဒေသအတွင်း ရှာဖွေတွေ့ရှိထားကြောင်း နော်မူးခိုဖောက ရှင်းပြသည်။
ခမောင်းသွယ်ဒေသတွင် ကျေးရွာ ၁၂ ရွာမှ ဒေသခံများက ခမောင်းသွယ် ချောင်းမကြီးနှင့် တောတောင်များကို အမှီပြုကာ ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ သားငါးရှာဖွေ စားသောက်ခြင်း၊ သဘာဝ သစ်တောထွက်သီးနှံများကို ရှာဖွေ စားသောက်ခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလျက်ရှိသည်ဟု သိရ သည်။
ခမောင်းသွယ်ဒေသအတွင်း ယခင် က သစ်ထုတ်လုပ်ငန်းများကြောင့် သစ် ပင်များ ပြုန်းသွားခဲ့ရခြင်း၊ သဘာဝ ဘေးအန္တရာယ်များကြောင့် တော တောင်နှင့် ချောင်းကမ်းပါးပြိုခြင်း၊ မြစ် ချောင်းများ ရေနည်းလာခြင်း၊ သားငါး တိရစ္ဆာန်များရှားပါးလာခြင်းတို့ကို ကြုံ တွေ့နေရသည်ဟု (CSLD ) ကော်မတီမှ စောကဲဒိုက ပြောသည်။
ခမောင်းသွယ် ချောင်းဖျားဖက်၌ သတ္တုမိုင်းစမ်းသပ်လုပ်ကိုင်ရန် ကုမ္ပဏီ များက ကမ်းလှမ်းလာမှုကြောင့် ချောင်း ရေပျက်စီးလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ၎င်းက ပြော သည်။