ထားဝယ်လေဆိပ်တွင် ဖောက်ခွဲရေးသုံး စနက်တံများတွေ့

0
680

ထားဝယ်လေဆိပ်တွင် မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် စနက်တံများကို မတ်လ ၁၇ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ထားဝယ်မြို့မှ မြိတ်မြို့သို့ ထွက်ခွာမည့် UV Special လေကြောင်းလိုင်းကောင်တာသို့ လာရောက်အပ်နှံသည့် ပစ္စည်းထုပ်အား လေယာဉ်ပေါ်သို့တင်ရန် X-Ray စက်ဖြင့် စစ်ဆေးရာ ၀ါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် အတုံးများကို တွေ့ရှိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

မသင်္ကာသဖြင့် အဖွဲ့စုံဖြင့် ဖောက်ဖွင့်စစ်ဆေးခဲ့ရာ အရှည် ၆ ပေ ၂ လက်မရှိသော ၀ါယာကြိုးတွဲလျှက်ရှိသည့် စနက်တံ ၁၀၀ စီပါ အထုပ် ၅ ထုပ်၊ စုစုပေါင်း ၀ါယာကြိုးနှင့် စနက်တံ တွဲလျှက် ၅၀၀ ခုတို့အား တွေ့ရှိခဲ့ရကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ စနက်တံများသည် လျှပ်စစ်စနက်တံများ(Detonator) ဖြစ်ပြီး စနက်တံအရွယ်အစားမှာ အရှည် ၆ စင်တီမီတာနှင့် အချင်း ၀.၆ စင်တီမီတာ ရှိကြောင်း ယင်းရဲစခန်း၏ မှတ်တမ်းအရသိရသည်။

ပစ္စည်းထုတ်ကို လာရောက်ပို့ဆောင်သူအား ခေါ်ယူစစ်ဆေးရာ ယင်းပစ္စည်းများမှာ မော်လမြိုင်မြို့မှ မြိတ်မြို့သို့ပေးပို့ရန်ဖြစ်ပြီး စုစုပေါင်း ၁၁ ထုတ်ရှိရာတွင် ၁၀ ထုပ်မှာ မတ်လ ၁၅ ရက်နေ့က ထားဝယ်မှ မြိတ်မြို့သို့ ထွက်ခွာသည့် မြို့ရွှေထားဝယ်ကားဖြင့် ပေးပို့လိုက်ပြီးဖြစ်သည်ဟု ထွက်ဆိုကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ပစ္စည်းထုတ် ၁၁ ထုတ်တွင် ၁ ထုတ်ကျန်ခဲ့ခြင်းကြောင့် လေယာဉ်ဖြင့်လာပို့ရခြင်းဖြစ်ပြီး ပေးပို့ရမည့် လိပ်စာမှာ မြိတ်မြို့မှ ကိုနိုင်ဖြစ်ကြောင်း ပြောဆိုကာ ၎င်းအနေဖြင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ပါသည်ကို မသိရှိဟု ဖြေကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မြိတ်မြို့မှ ပစ္စည်းလက်ခံမည့် ကိုနိုင်အား စစ်ဆေးရာ ကျောက်ခွဲလုပ်ငန်းတွင် အသုံးပြုရန် မှာယူထားခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ထားဝယ်ရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် ထားဝယ်လေဆိပ်သို့ ပစ္စည်းလာရောက်ပို့ဆောင်သူနှင့် ပစ္စည့်လက်ခံမည့်သူ နှစ်ဦးအား ထားဝမြို့မ ရဲစခန်းမှ (ပ)၉၁/၂၀၁၅၊ ၁၉၀၈ ခုနစ် ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများဥပဒေပုဒ်မ-၅ အရ အမှုဖွင့်ကာ စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သိရသည်။

Dawei Watch