တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ရေပြင်အတွင်း ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်မှ ယခုလအထိ တရားမ၀င် ငါးဖမ်းလှေများ အပါအ၀င် ငါးဖမ်းလှေ ၄၀ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
ဖမ်းဆီးရမိသော တရားမ၀င် လိုင်စင်မဲ့ ငါးဖမ်းရေယာဉ်များနှင့် ငါးဗုံးခွဲလှေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး စည်း
ပျက်ငါးဖမ်းရေယာဉ် ၂၉စီးကို ငွေဒဏ် ၇၈၀သိန်းကျပ် ပေးဆောင်စေပြီး လုပ်ငန်းလုပ်ခွင့် တစ်နှစ်ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အင်ဒိုနီးရှား ကျူးနာ ငါးမျှား တန်းစည်းပျက်ရေယာဉ် ၂စီးကိုလည်း ဒဏ်ငွေ အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။
“ရေယာဉ်ပေါ်ပါတဲ့ ရေလုပ်သားများကိုလည်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ၊ တည်ဆဲဥပဒေများနဲ့ အရေးယူခဲ့တယ် ” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။
ယခင်က ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီးရေပြင်သို့ ၀င်ရောက်ဖမ်းဆီးပါက စည်းပျက်ဒဏ်အဖြစ် ငွေဒဏ် ၂၀သိန်းနှင့် ငါးဖမ်းဆီးခွင့် ၃လ ပိတ်ပြီး အရေးယူခဲ့သည်။
ယခုနှစ်တွင် ငွေဒဏ်ကျပ် ၃၀သိန်း၊ ငါးဖမ်းဆီးခွင့် တစ်နှစ်ပိတ်ခြင်နှင့် နှစ်ကြိမ်ဆက် ကျူးလွန်သော ရေယာဉ်များအား ပြည်သူ
ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူသည့် ပြစ်ဒဏ်ကို တိုးမြှင့် အရေးယူလျက်ရှိသည်ဟု အထက်ပါ ငါးလုပ်ငန်းဦးစီးဌာနက ပြော သည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း တရာမ၀င် လိုင်စင်မဲ့ငါးဖမ်းလှေ ၂စီး၊ ငါးဗုံးခွဲလှေ ၆ စီး၊ တရားမ၀င် ယိုးဒယားငါးခိုးလှေ ၇စီး၊ စည်းပျက်ငါးဖမ်းလှေ ၇စီး စုစုပေါင်း ၂၂စီးအား အရေးယူခဲ့သည်ဟု အထက်ပါ ဌာန၏ မှတ်တမ်းအရ သိရသည်။
တနင်္သာရီတိုင်းအတွင်း ကမ်းဝေးလှေများ ငါးနီး ၀င်ဖမ်းသည့် ကိစ္စအပါအ၀င် ငါးမိုင်းခွဲလှေများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရေတပ်နှင့် ငါးလုပ်ငန်း၏ လုပ်နိုင်စွမ်းအားအပေါ် မေးခွန်းထုတ်ခံနေရသည်။