ရှင်မော်သွားတောလား

0
998

နှစ်သစ်မကူးခင် ရုတ်တရက် အကြောင်းဖန်လာလို့ ရှင်မော်ကို ကျွန်မ ရောက်ဖြစ်ခဲ့တယ်။ ရှင်မော်ဆိုတာ ဘယ်လိုဘယ်ပုံလို့ တခါမှမကြားဖူးတာမို့ များများစားစားတော့လည်း မမျှော်လင့်ထားပါဘူး။ အတူသွားမယ့် သူငယ်ချင်းက ခရီးလမ်းဝေးတာမို့ ညအိပ်ရမယ်ဆိုတာရယ်၊ ညအိပ်ဖို့တဲလေးတွေရှိတယ် ပြောတာကြောင့် အဝတ်ပိုတစ်စုံ ထည့်ခဲ့ပါတယ်။ ဒါနဲ့ပဲ မနက် ၈ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့ ကျွန်မတို့ ၃ ယောက် ထားဝယ်ကနေ ရှင်မော်ကို ခရီးစခဲ့တယ်။

 

IMG_1038

လမ်းတစ်လျှောက် လမ်းခင်းနေတာမို့ သုံးယောက်သား ဖုန်တစ်လုံးလုံး ဖြစ်တာကလွဲပြီး မွန်ပြည်နယ်သူဖြစ်တဲ့ ကျွန်မအတွက် ဘာမှထူးထူးခြားခြား မရှိတာကြောင့် ဇာမချဲ့တော့ပါဘူး။ ၃ နာရီကြာဆိုင်ကယ်ခရီး အပြီးမှာတော့ ကျွန်မတို့ ရှင်မော်တောင်ခြေကို ရောက်ခဲ့ပါတယ်။

တောင်ခြေက စားသောက်ဆိုင်မှာ အအေးသောက် ခရီးတစ်ထောက်နားပြီးတာနဲ့တောင်တက်လမ်းကိုတက်ရပါတယ်။ မြေနီလမ်းတလျှောက် တောင်ပတ်လမ်းကို မြေသား ထပ်ဖို့ထားပြီး အပင်တွေလဲ ရှင်းလင်းထားလို့ တောင်ပေါ်လမ်းဟာ မအေးမြတော့။ ရင်သပ်အံ့မောစရာတခုကတော့ တောင်ပတ်လမ်းဘေး ဆိုင်ကယ်ဖြတ်မောင်းရင်း တွေ့နေရတဲ့ ရှုမညီးစရာ ပင်လယ်ပြာ။

တကိုယ်လုံး တောင့်တင်းတဲ့အထိ ဆိုင်ကယ်စီးခဲ့ရတဲ့ အမောတွေပြေစေတဲ့ အဲဒီရှုခင်းလေးကြောင့် အမောမပြေခင်မှာဘဲ ဆိုင်ကယ်နား အမျိုးသမီးတစ်ဦး အပြေးလာပြီး “မိုင်းခွဲနေလို့အန္တရာယ်ရှိတာကြောင့်ခဏစောင့်ပါ”ဆိုပြီး ကျွန်မတို့ဆိုင်ကယ်နှစ်စီးကို ခဏရပ်ခိုင်းပါတယ်။

နေရာကရှင်မော်အနား ရောက်ခါနီးလေး။

ဒါနဲ့ အနားကအလုပ်သမား တဲထဲ ခဏဝင်ထိုင်တုန်းမှာပဲ ‘အုန်း’ ခနဲ မိုင်းခွဲသံကို ကြားလိုက်ရပါတယ်။ “ဒီအသံတွေကြောင့် အနားက တောရိုင်းတိရစ္ဆာန်လေးတွေ လန့်ပြေးကြတော့မှာပဲ”လို့လိုက်ပို့တဲ့ သူငယ်ချင်းကစိုးရိမ်စွာနဲ့ ပြောရှာပါတယ်။

တောင်ပတ်လမ်းတလျှောက်ဆိုင်ကယ်နဲ့တက်လာတော့လည်း လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင် သူတို့တက္ကသိုလ်တက်တုန်းက ရှင်မော်ကိုကားနဲ့ တည အိပ်လာရတဲ့အကြောင်း၊ တောင်ခြေမှာ တောထူလွန်းပြီး လမ်းလျှောက်တက်ရတဲ့အကြောင်း နှမြောတသသ ပြောပြပါတယ်။ သူပြောတာကို မျက်စိထဲ မြင်ယောင် ကြည့်မိပေမယ့် လက်ရှိမှာတော့ အဲဒီအခြေအနေ မရှိတော့ပါဘူး။

ရှေ့ဆက်လာတော့ ဘုရားဖူးယာဉ်တချို့နဲ့ စားသောက်ဆိုင်တဆိုင်ကို ဘွားခနဲ တွေ့လိုက်ရပြီး အပင်ကြီးတပင်အောက် ဆိုင်ကယ်နားပါတယ်။

“ဒါရှင်မော်ပါပဲ”တဲ့။

ကျွန်မတွေ့နေရတာ မွန်ပြည်နယ်၊ မုဒုံမြို့က ကန်တော်ကြီး စားသောက်ဆိုင်တန်းလောက်တောင် မစည်တဲ့နေရာတခုပါ။ ရှင်မော်ရဲ့ ရင်ပြင်လို မြေကွက်လပ်ရဲ့ အောက်ဘက်မှာတော့ ဘုန်းကြီးကျောင်းတကျောင်းကို တွေ့ရပါတယ်။ တောင်ပတ်လမ်းကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ကြီးဆီ ဆင်းဖို့ လမ်းရှိတယ်လို့ သူငယ်ချင်းကပြောပေမယ့် သူလည်း ဘယ်လိုသွားရမှန်း မသိပါဘူး။ တကယ်တမ်း တောင်ပတ်လမ်းပေါ်က ပင်လယ်ကိုမြင်ခဲ့ရတုန်းက ရှင်မော်မှာ ဘုရားလည်း ဖူးလို့ရပြီး ပင်လယ်ထဲလည်း ရေဆင်းကူးလို့ရမယ်လို့ ကျွန်မထင်ခဲ့တာပါ။ အဲဒီအချိန်အထိ ကျွန်မစိတ်ထဲ ဇဝေဇဝါဖြစ်နေတာက ထားဝယ်သူ၊ ထားဝယ်သားတွေ အတွက် တန်ဖိုးတခုရှိတဲ့ ရှင်မော်ဟာဒါပဲလားပေါ့။

အတူလိုက်ပါလာတဲ့ သူငယ်ချင်းနှစ်ယောက် ကတော့ ရှင်မော်တောင်အပေါ်ထိ ဆိုင်ကယ်တွေ၊ ကားတွေတက်ဖို့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။ သူတို့ပြောနေတာက သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ ခရီးသွားလာရေးကို ဦးတည်စေပေမယ့် ရှင်မော်တောင်ထိပ်ထိ လမ်းဖောက်ခဲ့တဲ့တနင်္သာရီတိုင်းအစိုးရ (သို့) တာဝန်ရှိသူတွေကတော့ ဘယ်လို စဉ်းစားနေတယ်ဆိုတာ ကျွန်မ မတွေးတတ်ပါဘူး။

စူးစမ်းမိသလောက် ဒေသထွက် အမှတ်တရပစ္စည်းတွေ ရောင်းတဲ့နေရာလည်း မရှိပါဘူး။

သုံးယောက်သား ညအိပ်မယ်လို့ စီစဉ်ထားလို့ စိတ်ထဲမယ် ကျိုက်ထီးရိုးတောင်ပေါ်ကလို တည်းခိုစရာထမင်းဆိုင်က အခန်းကျဉ်းလေးတောင် မရှိရှာပါ။ ကျွန်မတို့ တွေ့လိုက်ရတာက ဟင်းလင်းပြင် ဇရပ်တဆောင်မို့ စောင်တောင် မသယ်လာတဲ့ ကျွန်မတို့ သုံးယောက် စိတ်လျှော့လိုက်ကြပါတယ်။

သစ်ပင်ရိပ်အောက် ခဏနား၊ ဖုန်တွေသုတ်ပြီးတော့မှ ဘုရားတက်ဖူးတော့ ဘုရားပြုပြင်နေတာ တွေ့ရပါတယ်။ ဘုရားဖူးပြီးတာနဲ့ ဘုရားဘေးက ပင်လယ်ဘက် ဆင်းတဲ့လမ်းဘက်ကို ဆင်းသွားတဲ့အချိန်မှာ နေ့လယ် ၁၁ ခွဲလောက်ရှိပြီမို့ နေတော်တော် ပြင်းနေပါပြီ။ ဘုရားကနေ ဆင်းတဲ့လမ်းကို ကြွေပြားကပ်ထားတာမို့ ပိုကောင်းနေတယ် ထင်ရပေမယ့် သူငယ်ချင်းတယောက်ကတော့ တောလမ်းလေးအတိုင်းထားရင် အဲလောက်မတ်မယ် မထင်ဘူး လို့ပြောပါတယ်။ ကျွန်မတို့လည်း လှေကားအဆုံးထိ ဆက်ဆင်းခဲ့ပါတယ်။

IMG_1030

အဲအောက်မှာတော့ လူလုပ်လှေကားမရှိဘဲ မြေသားလမ်းလေးအတိုင်းမို့ ပိုကျေနပ်ရပါတယ်။ လမ်းကျဉ်းလေးအတိုင်း ဆက်လျှောက်တော့ ကျောက်ခဲပြားပြားလေးတွေကို ကြီးစဉ်ငယ်လိုက် ဆင့်ထားတာကို တွေ့ရလို့ ယုံကြည်မှုတွေအကြောင်း တွေးမိပြီး ကျွန်မတို့ ရယ်မိပါတယ်။ လမ်းအဆုံးမှာတော့ ကျောက်ဆောင်တခု ကြားညှပ်ပြီး ထုထားတဲ့ လျောင်းတော်မူ ဘုရားတဆူကို တွေ့ရပါတယ်။ ထူးထူးခြားခြား ဘုရားကို ကျောက်ဆောင်ကြားမပိအောင်လို့ အမွှေးတိုင်လေးတွေနဲ့ ကျောက်ဆောင်ကို ပင့်ထောက်ထားတာကို အများအပြားတွေ့ရတော့ မကြာသေးမီက ကြည့်ခဲ့တဲ့ အိန္ဒိယကားထဲက ဇာတ်လိုက် PK (ပီကေ) ရဲ့ စမ်းသပ်မှုအကြောင်း သတိရမိစေပါတယ်။ ပီကေက လူတွေရဲ့ ယုံကြည်လွယ်မှုကို ကျောက်ခဲတလုံးကို ကွမ်းတံတွေး အနီရောင်ဆိုးပြီး ပိုက်ဆံနည်းနည်းကျဲပြီး လက်တွေ့ပြခဲ့တာပါ။ သူချထားတဲ့နေရာမှာ ကျောင်းသားတွေ တန်းစီပြီး လာရှိခိုး၊ ပိုက်ဆံထည့်ကြတယ်။ ဘုရားဆိုတာနဲ့ ဘာမှမဆိုင်ဘဲ လူတွေရဲ့ ကြောက်တတ် ယုံကြည်လွယ်တတ်တဲ့အကြောင်းကိုတွေးမိစေပါတယ်။

အခြားနေရာတွေနဲ့မတူဘဲ ကျောက်ဆောင်တွေဆီ ပင်လယ်လှိုင်းပုတ်သံကို ဒီနေရာကနေပဲ ခံစားနိုင်တယ်လို့ သူငယ်ချင်းကပြောနေပေမယ့် ကျွန်မ မခံစားရတာအမှန်ပါ။ မျှော်ရစ်ထက် နေရာကျယ်ပါလျက်၊ ရှုခင်းကောင်းပါလျက် သဘာဝကို လူလုပ် အဆောက်အအုံတွေ ဖျက်တာမို့ သဘာဝကိုခံစားဖို့ အခွင့်မရှိတော့ပါဘူး။

ဘုရားပေါ် ပြန်အတက် ရင်ပြင်အောက်က ကွန်ကရစ် ထိုင်ခုံမှာ ပင်လယ်ပြင်ကို ထိုင်ကြည့်ရင်း ကျွန်မတို့ သုံးဦး စီမံခန့်ခွဲမှု အလွဲတွေ အကြောင်း ပြောဖြစ်ကြတယ်။ လူကြီးတွေကတော့ တောင်ပေါ် ဘုရားကျောင်းကန် အဆောက်အအုံ ဆောက်ဖို့ ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံလေးတွေ အားတက်သရောထည့်ပြီး ကုသိုလ်ယူနေတယ်။ ဒါပေမယ့် လူငယ်ဖြစ်တဲ့ ကျွန်မတို့အတွေးထဲမှာတော့ သမိုင်းဝင်ဘုရားလောက်သာ ထားပြီး သဘာဝအခြေပြု ခရီးသွားလာရေး လုပ်ငန်းလုပ်ရင်း သဘာဝလည်းထိန်း၊ ကုသိုလ်လည်းရ၊ ဝင်ငွေလည်းရပြီး အပန်းပြေမယ့် အစီအမံမျိုးကိုပဲ စဉ်းစားနေမိပါတယ်။

IMG_1028

တကယ်က သဘာဝအခြေခံ ခရီးသွားလာရေးဆိုတာ သဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ငွေကြေးအကုန်အကျလည်း နည်းပါတယ်။ ရှင်မော်အစစ်ကို လာဖူးလှည့်လို့ သူငယ်ချင်းခေါ်လို့ အလယ်ဆင့်ထဲ ဘုရားဖူးဖို့ ဆင်းလာပေမယ့် ဘယ်ဆင်းတုက ရှင်မော်အစစ်မှန်း မသိခဲ့ရပါဘူး။

အင်္ဂလိပ်တွေ တွေ့ရင် ပြုံးစိစိ ဖြစ်လောက်စရာ ‘No Enter Women’ ‘မိန်းကလေးမဝင်ရ’လို့ ပြောချင်ပုံရတဲ့ သဒ္ဒါလွဲနေတဲ့ အင်္ဂလိပ်စာတမ်းတွေ တွေ့လို့ ကျွန်မတို့တတွေ ရယ်မိပါသေးတယ်။

ရှင်မော်ဆိုတာ တောကြီးတောင်ကြီး၊ ပင်လယ်လှိုင်းပုတ်သံတွေနဲ့ ရင်သပ်ရှုမောဖွယ်နေရာလို့ သူငယ်ချင်းတွေက ပြောခဲ့ပေမယ့် အခုအချိန်မှာ ပြရင်တော့ ဘယ်လိုမှ မယုံနိုင်လောက်အောင်ပါပဲ။

ဒါနဲ့ပဲ အပြန်ကျတော့ ဘုရားအလှူခံဂေါပက ရှေ့နားကပ်ထားတဲ့ မြေပုံထဲ ဟိုကြည့်ဒီကြည့်လုပ်ရင်း မြင်းခွာအော် ဆိုတာကိုတွေ့လို့ အဲဒီကိုထပ်သွားကြမယ်ဆိုပြီး ပြန်လှည့်လာပါတယ်။ ဘုရားဘက်ကအထွက်မှာ သစ်တုံးကြီးကို ထွင်းထားတဲ့ မသုံးတော့လောက်တဲ့ အုံးမောင်းအကြီးကြီးတခုကို ဆောက်လုပ်ပြုပြင်ရေးအတွက် ပုံထားတဲ့ သဲပုံကြားနစ်နေတာကို တွေ့ရတော့ ကျွန်မတို့နိုင်ငံက လူတွေအသစ်ကိုမှ ကောင်းတယ်ထင်၊ အဟောင်းကို စွန့်တတ်ကြတဲ့စိတ်လေးကို သတိထားမိပါတယ်။

နောက်တစ်ခု ပြောစရာက အိမ်သာကိစ္စ။ ရှင်မော်တောင်ပေါ်မှာ အိမ်သာတွေ ရေချိုးခန်းတွေ တော်တော်သန့်ပြီး ကောင်းတာ တွေ့ရတယ်။ ထားဝယ်လူမှုရေးအသင်း (မန္တလေး) က လှူထားတာဆိုပြီး စာတမ်းကပ်ထားတော့ အဝေးရောက် ထားဝယ်တွေရဲ့ ကုသိုလ်အတွက် သာဓုခေါ်ရတယ်။

ဒါပေမယ့် အိမ်သာနှစ်ခါ သွားတက်ဖြစ်တဲ့ သူငယ်ချင်းကတော့ ရေမလောင်းထားတာနဲ့ပဲ ကြုံခဲ့သတဲ့။ “အိမ်သာဆေးရတာ ပြဿနာ မဟုတ်ပေမယ့် အခြားဒေသက ဧည့်သည်တွေ၊ နိုင်ငံခြားသား ဧည့်သည်တွေလာရင် ရှက်စရာကြီး”တဲ့လေ။ ဟုတ်ပါရဲ့……။ ရှင်မော်လာကြတာ ကားကြီးကားငယ်နဲ့ အထက်မြန်မာပြည်ကကော၊ နိုင်ငံခြားသားဧည့်သည်တွေရော။

ဘုရား ရင်ပြင်တော်ပေါ်နေရင်း တခါခါ သာသနာ့ဧရိယာနားကပ်ရပ်ကို ကျောက်မိုင်းခွဲသံတွေ ကြားနေရတော့ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလှပုံ၊ ခရီးသွားလုပ်ငန်း စီးပွားရေး စိတ်ကူးစိတ်သန်းနဲ့ ဝေးလှပုံကိုတွေးမိပါတယ်။

ဘုရားပေါ်ကပြန်ဆင်းပြီး တောင်ခြေနားအရောက် ကျွန်မတို့တထောက် နားခဲ့တဲ့ဆိုင်မှာ နာမယ်ကြီးနေတဲ့ မြင်းခွာအော်ဘယ်မှာလဲ မေးတော့မှ ဆိုင်ထဲက ဦးလေးတယောက်က “ဒါမြင်းခွာအော်ပဲ ဒါပေမယ့် မြင်းခွာရဲ့ ပြောင်းပြန်ပုံ ဖြစ်နေတာလို့” ထားဝယ်လိုပြောပြီး ‘မြင်းခွာအော်’ လို့ တပ်ထားတဲ့ ဆိုင်ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြောတော့မှ ပင်လယ်ကမ်းခြေကို ကျောပေးထားတဲ့ မြင်းခွာအော်ဆိုတာ ဒါပါလားလို့ သိလိုက်ရပါတယ်။

နောက်က ပင်လယ်ကို မြင်လိုက်ရတော့ ဒီတခါတော့ တကယ် ပင်လယ်အရသာ ခံစားရပြီဆိုပြီး ပျော်မိပါတယ်။

ထမင်းစားလို့ရလား ဆိုတော့ ရတယ် ဆိုပြီး စားသောက်ဖွယ်ရာတွေမှာပေါ့။ ဘန်ဂလိုတွေဆောက်နေတာ တွေ့လို့ မေးတော့ အဲဒီနားသွားစားလို့ရတယ် ဆိုင်ထဲက လူတွေက ပြောပါတယ်။ နည်းနည်း စူစမ်းကြည့်တော့ မြင်းခွာအော်စားသောက်ဆိုင်ဟာ ဖက်မိုး၊ ယိုင်ကာ ဘန်ဂလိုနဲ့ ဘာမှမဆိုင်တာ သိလိုက်ရပါတယ်။

ဟိုကြည့်ဒီကြည့်နဲ့ ကမ်းစပ်ထိရောက်သွားတော့ အစွန်ဆုံးဘန်ဂလိုမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိုင်နေတာကို တွေ့ရပြီးမေးမယ် ကြံတော့မှ ထိုင်းက အလုပ်ကြမ်းဝတ်စုံတွေ ဝတ်ထားတာကို ကြည့်ပြီး ထိုင်းတွေမှန်း သိရပါတယ်။ ဒါနဲ့ ပင်လယ်ကဗွီးပင်လိုလို အပင်ငယ်လေးအောက်က ဝါးကွပ်ပျစ်အဟောင်းလေး တွေ့လို့ သုံးယောက်သား ဝမ်းသာအားရ သွားထိုင်ရင်း ထမင်း၊ ဟင်းတွေ ရောက်လာဖို့ စောင့်ကြပါတယ်။

စားပြီး သောက်ပြီးကျမှပဲ ဘာကြောင့် ထိုင်းတွေ ဘန်ဂလိုပုံစံတဲလေးတွေ ကမ်းခြေမှာ လာဆောက်နေတာလဲဆိုတာကို ပြောဖြစ်ကြတယ်။ မကျေမချမ်းဖြစ်တာလည်း ပါတာပေါ့။ ကနဦးထင်လိုက်တာကတော့ ထားဝယ်သားစားသောက်ဆိုင်ပိုင်ရှင်က အစားအသောက်ရောင်းပြီး ထိုင်းတွေက ဘန်ဂလိုငှားစားမယ်ပေါ့။

ဒါဆို ရှင်မော်က ဇရပ်မှာ မတည်းချင်တဲ့ ရပ်ဝေးဧည့်သည်တွေ ညအိပ်တည်း၊ ကမ်းခြေမှာ အပန်းဖြေလို့ရပြီပေါ့။ ကိုယ့်တွက်ကိန်းနဲ့ ကိုယ်ပျော်သွားပေမယ့် ကျွန်မတို့ထိုင်နေတဲ့ ကွပ်ပျစ်နား ထိုင်းတွေ အမှိုက်မီးရှို့၊ အမှိုက်တွေ ရှင်းလုပ်နေတာကိုတော့ ကြည့်မရပါဘူး။

နောက်တော့မှပဲ တနေ့ငါးထောင်နဲ့ ဘန်ဂလိုဆောက်ဖို့ ထိုင်းတွေ ရွာက ခေါ်ခိုင်းတဲ့ ကောင်လေးတွေပြောပြလို့ ထိုင်းလင်မယား မြင်းခွာအော်ကို အပိုင်သိမ်းထားတဲ့အကြံကို သိလိုက်ရတော့ ရင်ထုမနာဖြစ်ရပါတယ်။

မြင်းခွာအော်ရှိတဲ့ ကြက်လွှတ်ရွာပိုင်မြေဖြစ်တဲ့ မြင်းခွာအော် စားသောက်ဆိုင်အစပ်ကနေ သချိုင်းထိမြေကို တစ်နှစ်ငါးသိန်းနဲ့ ရွာရန်ပုံငွေရအောင်ဆိုပြီး ထိုင်းတွေကို ၅ နှစ်စာ ငှားထားပါသတဲ့။ ပြီးတော့ သူတို့ ကိုယ်ပိုင်စားသောက်ဆိုင်ပါ ဆောက်ပြီး ရောင်းတော့မှာဆိုတော့ မူလရှိတဲ့ တစ်ဆိုင်တည်းသော မြင်းခွာအော်ဆိုင်ပိုင်ရှင်ကတော့ စီးပွားပျက်ရတော့မှာပါ။

“အော် ထားဝယ်တွေ ထိုင်းမှာ ကျွန်ခံလို့မှမ၀။ ကိုယ့်ပြည်မှာ ထိုင်းကျွန် ထပ်ခံချင်သပ”လို့သာ ပြောချင်ပါတော့တယ်။

ကျွန်မတို့လို မြင်းခွာအော်ကို ခဏတဖြုတ်လာတဲ့ ဧည့်သည်တွေတောင် ဒီလောက် ငွေကြေးနဲ့ မြေငှားခက မတန်ဘူးဆိုတာ သိပေမယ့် မြင်းခွာအော် ရွာသားတွေ ဘာကြောင့် နှုတ်ပိတ်နေရသလဲ၊ အုပ်ချုပ်ရေးမှူး က ငါးနှစ်စာ ငွေ ၂၅ သိန်းကို ရပ်ရွာအတွက် ဘာကြောင့်မက်ရသလဲဆိုတာ စဉ်းစားလို့မရပါဘူး။

တကယ်တမ်း ဒီလို နိုင်ငံခြားသား ထိုင်းတွေကို ငှားမယ်ဆိုရင် ဒီထက်မကတဲ့ ဈေးနဲ့ ငှားပေးရမှာပါ။ ကျွန်မသူငယ်ချင်းထောက်ပြတဲ့ စိတ်ဝင်စားစရာ နောက်တချက်က ထိုင်းတွေလာလုပ်တယ်ဆိုရင် ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတိုင်း လုပ်ရမှာပါ။ ပြီးတော့ တကယ်လို့များ ဒီထိုင်းလင်မယားဟာ အလည်အပတ်ဗီဇာနဲ့ လာတယ်ဆိုရင် နိုင်ငံခြားသား ဥပဒေအရ တရားမဝင် စီးပွားလုပ်တာမို့ ဖမ်းလို့တောင်ရတယ်လို့ ဆိုပါတယ်။

[ယင်း ဘန်ဂလို လုပ်ငန်းကို ပစ်တိုင်းထောင် သမ၀ါယမ လီမိတက်က ရင်းနှီးမြှုပ်နှံထားပြီး ထိုင်းလင်မယားနှစ်ဦးမှာ ထိုင်းမှ ဧည့်သည်ရရန်နှင့် အခြား လုပ်ငန်းပိုင်းဆိုင်ရာတွင် ပူးပေါင်း လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ယင်းလီမိတက် အတွင်းရေးမှူး ဦးစောညီညီသောင်းက နောက်ပိုင်းတွင် ပြန်လည်ဖြေရှင်းလာပါသည်။ အယ်ဒီတာ]

နောက်တချက်ကတော့ ကျွန်မတို့နယ်သားတွေ အမြင်မရှိကြောင်းကိုလည်း သဘောပေါက်မိပါတော့တယ်။ ကိုယ့်မြေ၊ ကိုယ့်ရေမှာနေပြီး ကိုယ့်မြေကိုဘယ်လိုသုံး၊ စီးပွားရှာရမယ်မှ မသိဘဲလေ။

နဂိုမြင်းခွာအော်ဆိုင်မှာ အိမ်သာတောင်မရှိဘူး။ ထိုင်းတွေက အိမ်သာ၊ ရေချိုးခန်း ဆောက်တယ်။ ကိုယ့်မြေကထွက်တဲ့ သစ်၊ ဖက်ရွက်တွေနဲ့ တဲဆောက်တယ်။ ကိုယ့်ဆီကထွက်တဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပင်လယ်ပုစွန်၊ ဂဏန်းတွေနဲ့ ကိုယ့်ကို ပြန်ရိတ်ကြတော့မှာကို မချိတင်ကဲဖြစ်ရုံမှတပါး ဘာမှမတတ်နိုင်ဘဲ ကျွန်မတို့သုံးယောက် တောက်ခေါက်သာ ပြန်ခဲ့ရပါတယ်။

နောက်တခေါက်တော့ ထိုင်းတွေ ရိတ်တာခံဖို့ ကျွန်မ မြင်းခွာအော်ကို ပြန်သွားကြည့်ချင်နေပါတယ်။ ကြုံကြိုက်ရင်ပေါ့လေ။

 

[တနင်္သာရီ အပတ်စဉ် အတွဲ ၂ အမှတ် ၃၅ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်]