Total ကုမ္ပဏီ အလုပ်သမား ဥပဒေချိုးဖောက်ဟု ဆန္ဒပြ အလုပ်သမားများပြော

0
921

လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို   လေးစားလိုက်နာရမည့်   ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက အလုပ်သမား  အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်ခရိုင်၊ ကံပေါက် ဒေသ၌ပြုလုပ်သည့် ကုမ္ပဏီကို ဆန္ဒပြသည့် ဟောပြောပွဲ ဆန္ဒပြ အလုပ်သမားများ က ပြောဆို လိုက်သည်။

DSCF0193
ဓာတ်ပုံ – တင့်လွင်/Dawei Watch

TOTAL ကုမ္ပဏီသည် နိုင်ငံတကာ အလုပ်သမားဥပဒေ၊ ဥရောပ သမဂ္ဂ (EU) ကချမှတ်ထားသော အလုပ်သမား အခွင့်အရေး ဥပဒေနှင့် မြန်မာနိုင်ငံအလုပ်သမားများဥပဒေတို့ကို လေးစားလိုက်နာ ကျင့်သုံးမည်ဟု ပဋိဥာဉ်စာတမ်းထုတ်ခဲ့ပြီး လျစ်လျူရှုကာ အလုပ်သမားများကို ကြိုတင်အသိပေး အကြောင်းအကြားခြင်းမရှိဘဲ အကြိမ်ကြိမ် အလုပ်ထုတ်ခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးညွန်နှင်းက ပြောဆိုသည်။

“ဥရောပကလာတဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်ဆိုတဲ့ ကုမ္ပဏီကအလုပ်သမားတွေကို  အလုပ်ဖြုတ်လိုက်တာ ဘာသဘောလဲ”ဟု ဦးညွန့်နှင်းက မေးခွန်းထုတ်ခဲ့သည်။

အလုပ်သမားများက မူလခံစားခွင့်များအတိုင်း အလုပ်ပြန်လည်ရရှိရေးကိုတောင်းဆိုခဲ့ပြီး အလုပ်ပြန်လည် ခန့်အပ်ရန် မဖြစ်နိုင်လျှင် တောင်းဆိုချက်များကို အမြန်ဆုံး လိုက်လျောဖြေရှင်းပေးရန်၊ ဖြေရှင်းပေးမှု ကြန့်ကြာနေမည်ဆိုလျှင် ကုမ္ပဏီနှင့် အလုပ်သမားအကြား ပဋိက္ခများ ပိုမို ကြီးထွားလာပြီး အလုပ်သမားများက ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် အရှိန်အဟုန်မြှင့် ပြုလုပ်သွားမည်ဟု ဆန္ဒပြ အလုပ်သမားများက သဘောထားထုတ်ပြန်ထားသည်။

Total ကုမ္ပဏီမှ ၂၀၀၉ ခုနှစ်က နေစားလုပ်သား ၈၁ ဦးကိုအလုပ်မှ ရပ်နားခဲ့သော်လည်း အလုပ်ထုတ်ခံရသော အလုပ်သမားများ၏ နစ်နာမှုများအတွက် တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း၊ ၂၀၁၄ခုနှစ်တွင် နေစားလုပ်စား ၆၉ ဦးကို ထပ်မံ၍ အ လုပ်မှ ရပ်နားခဲ့၍ ယင်းအလုပ်သမားများက နစ်နာမှုအတွက် ရပိုင်ခွင့်များကို ဥပဒေဘောင်အတွင်းမှတဆင့်ဆင့် တောင်းဆိုမှသာ လိုက်လျောခဲ့သည်ဟု ယင်းအလုပ်သမားများ၏ သဘောထား ထုတ်ပြန်ကြေငြာချက်တွင်   ရေးသားထားသည်။

ယခုတဖန် ၂၀၁၅ခုနှစ်အစတွင် တိုတယ်ကုမ္ပဏီ၏ ကန်ထရိုက်ကုမ္ပဏီများဖြစ်သော UE ကုမ္ပဏီမှ အလုပ်သမား ၁၀၄ ဦးနှင့် T&E ကုမ္ပဏီမှ အလုပ်သမား ၁၁ ဦး စုစုပေါင်း ၁၁၅ ဦးတို့ကို အလုပ်မှရပ်နားခဲ့၍ အလုပ်ထုတ်ခံရသော အလုပ်သမားများက တောင်းဆိုချက် ၆ ချက်ကို တောင်းဆိုခဲ့ရာ  ၃ချက်ကိုသဘောတူညီပြီး လုပ်သက်ခံစားခွင့်၊ အလုပ်ရပ်စဲနစ်နာကြေး၊ ကြားကာလ နစ်နာကြေးတို့ကို သဘောတူညီမှုမရရှိသေးကြောင်း အလုပ်ရပ်နားခံရသူများက ပြောဆိုသည်။

အလုပ်ရပ်စဲခံရသူများ၊ မိသားစုဝင်များနှင့် ဒေ သခံပြည်သူအင်အား ၂၀၀ ဦးခန့် ပါဝင်သော ဆန္ဒထုတ်ဖော်သူများက အလုပ်ပြန်လည်ရရှိရေး- ဒို့အရေး၊ လုပ်သက်ခံစားခွင့်များအမြန်ရရှိရေး- ဒို့အရေး၊ အလုပ်သမား ဂုဏ်သိက္ခာမထိပါးရေး-ဒို့အရေး၊ ဒေသခံများအကျိုးစီးပွားတိုးတက်ရေး
-ဒို့အရေး၊  အလုပ်သမားအခွင့်အရေး တန်းတူရ ရှိရေး- ဒို့အရေး၊ အရေးတော်ပုံ-အောင်ရမည်ဟု ကြွေကြော်သံများ ကြွေးကြော်ခဲ့ပြီး ကံပေါက်ဘော်လုံးကွင်းမှ ၃ မိုင်ကျော် ခရီးရှိသော Total ကုမ္ပဏီကို ဖြတ်သန်း၍ အုန်းပင်ကွင်းဘော်လုံးကွင်းသို့ ချီတက်ဆန္ဒပြခဲ့သည်။

တိုတယ်ကုမ္ပဏီ၏ အလုပ်သမားများအပေါ် အကြောင်းမဲ့ အလုပ်မှရပ်စဲနေမှုများအား၏ တာဝန်ယူဖြေရှင်းပေးရန်၊အလုပ် သမားများ၏ အခွင့်အရေးကို အပြည့်အ၀ပေးရန်နှင့် တာဝန်ယူဖြေရှင်းပေးရန်အတွက် ဖေဖော်ဝါရီလ ၁၀ ရက်စွဲဖြင့်  အလုပ်သမားများ၏ သဘောထားထုတ်ပြန်ကြေငြာချက်ကို တိုတယ်ကုမ္ပဏီနှင့် MOGE (ရေနံနှင့် သဘာဝဓါတ် ငွေ့ လုပ် ငန်း) မှ တာဝန်ရှိသူများကို ပေးပို့ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုသည်။

ကံပေါက်ဒေသတွင် ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက ၁၉၉၆ ခုနှစ်များ ကတည်းက သဘာဓာတ်ငွေ့ထုတ်လုပ်ကာ ထိုင်းသို့ တင်ပို့ရောင်းချနေပြီး ယင်းနောက် မလေးရှား အခြေစိုက် Petronas၊ ထိုင်း အခြေစိုက် PTTEP တို့ ထပ်မံရောက်ရှိလာခဲ့သည်။