‘အော်ချင်သလောက်အော်၊ ပေးချင်မှ ပေးမယ်’ ဟု ထားဝယ်သပိတ်မှောက် ကျောင်းသား များကို တနင်္သာရီတိုင်း အတွင်းရေးမှူး ရိုင်းစိုင်းစွာပြောဆို

0
719

ခေတ္တ ရပ်နားထားရာမှ ပြန်လည်စတင်ခဲ့သည့် ထားဝယ်ကျောင်းသားသပိတ်က ကျောင်းသားကျောင်းသားများနှင့် တနင်္သာရီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်သိန်းတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်တွင် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ကျောင်းသားများကို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့ကြောင်း ကျောင်းသားသပိတ်တွင်လိုက်ပါသူများထံမှ သိရသည်။

10863885_436227669861275_4066896133848222265_o
အော်ဟစ်ငေါက်ငန်းနေသော ဦးတင်သိန်း၊ ဓာတ်ပုံ – ဝေဖြိုး

ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လယ်၂ နာရီခန့်တွင် တိုင်းဒေသကြီးဝန်ကြီးများအိမ်ရာ အရှေ့ ကမြောကင်းလမ်းမပေါ်တွင် သပိတ်မှောက်ကျောင်းသားများက ခေတ္တရပ်တန့်ဟောပြောခဲ့ရာမှ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ကျောင်းသားများအား အော်ဟစ်ပြောဆိုခဲ့သည်။

“ဟေ့ကောင်တွေ ဒါပုဒ်မ ၁၄၄ ထုတ်ထားတဲ့နယ်မြေမင်းတို့သိလား။ ထွက်၊ အကုန်ထွက်၊ ငါမင်းတို့ကို တရားပြန်စွဲမယ်၊ မရဘူးလာမလုပ်နဲ့၊ မင်းတို့ဘယ်လောက်ကြာကြာအော်နိုင်မလဲ။ အော်ချင်သလောက်အော်။ ပေးချင်မှပေးမယ် ပေးချင်မှ ပေးမယ်” ဟု ဦးတင်သိန်းက သပိတ်မှောက် ကျောင်းသားများအား အော်ဟစ်ပြောဆိုခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးအနေဖြင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် တောင်းဆိုနေသည့်ကျောင်းသားများအား ပေးချင်မှ ပေးမည်ဟု ပြောဆိုခြင်းက မဖြစ်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း(ထားဝယ်)မှ ဦးကျော်ကျော်သက် ကပြောသည်။

“တွေ့ရတာက သပိတ်မှောက်ကျောင်းသားတွေဟာ ၀န်ကြီးများအိမ်ရာထဲကိုလည်း မရောက်ဘူး။ ခြံစည်းရိုးနဲ့လည်း အကွာကြီးရှိနေတယ်။ သူပြောတဲ့ မလုပ်ပေးဘူးကွာ ဆိုတာက ပညာမတတ်တဲ့ အရပ်သားတစ်ယောက်ပြောတဲ့အဆင့်လောက်ပဲရှိတယ်” ဟု ဦးကျော်ကျော်သက်က ပြောသည်။

ကျောင်းသားများကို အော်ဟစ်ပြောဆိုခြင်းသည် လူကြီးလူကောင်းတစ်ဦး၏ လုပ်ရပ်မဟုတ်ဘဲ ကလေးဆန်လွန်းသည့်အပြင် အဆိုပါလုပ်ရပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပုံရိပ်ကိုလည်းကျဆင်းစေသည်ဟု ၎င်းက ဆက်လက်ဝေဖန်သည်။

၎င်းအပြင် ကျောင်းသားသပိတ်ကို ၀န်းရံလိုက်ပါလျက်ရှိသည့် ထားဝယ် ၈၈ အဖွဲ့အ၀င်တစ်ဦးက ဦးတင်သိန်းထံသို့သွားကာ ရှင်းပြရန်ကြိုးပမ်းစဉ် ၎င်းက ၈၈ အဖွဲ့ဝင်အား ကိုယ်ထိလက်ရောက်တွန်းဖယ်ခဲ့ကြောင်း ထားဝယ် ၈၈ အဖွဲ့ ကပြောသည်။

ဦးတင်သိန်းသည် ယင်းသို့ အော်ဟစ်ပြောဆိုပြီးနောက် ၀င်းခြံတံခါးကို ပိတ်ကာ လှည့်ပြန်ဝင်သွားခဲ့သည်။

ထားဝယ်သပိတ်စစ်ကြောင်း တစ်လျှောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့မှ လာရောက်တားဆီးမှုရှိခဲ့သော်လည်း ၎င်းတို့၏ တာဝန်ဝတ္တရားအရ တားဆီးခဲ့ခြင်းသာဖြစ်ပြီး ယခုကဲ့သို့ ကိုယ်ထိလက်ရောက်ကျူးလွန်ကာ တားဆီးခြင်းသည် သပိတ်စစ်ကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဦးကျော်ကျော်သက်က ပြောသည်။

ထားဝယ်သပိတ်မှောက်ကျောင်းသားများသည် မွန်ပြည်နယ်ရှိကျောင်းသားကျောင်းသူများနှင့်ပူးပေါင်းကာ သပိတ်တိုက်ပွဲဆင်နွှဲရန်အတွက် ထားဝယ်မြို့မှ မော်လမြိုင်မြို့သို့ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်ပြီး ညနေ ၄ နာရီ ခွဲ အချိန်ထိ အဆက်အသွယ်မရသေးပေ။