ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံ စိုက်နိုင်ပါ့မလား

0
5913

ဇန်နဝါရီ ၂၀၊ ၂၀၁၅၊ နံနက် ၇ နာရီ ၃၀ မိနစ်၊ ရွှေတောင်စားစေတီတော် စနေထောင့်

အနီရောင် ခွတ်ဒေါင်း လက်ပတ် လေးတွေ ကိုယ်စီပတ်ကြလေပြီ။

သူတို့ မျက်တောင်တွေပေါ် တွယ် ကပ်နေတဲ့ နှင်းမှုန်လေးတွေက ရေစက် အသွင်ပြောင်းပြီး လက်မောင်းမှာ ပတ် လက်စ ခွပ်ဒေါင်းပေါ် စီးကျလာသည်။ သူတို့ မျက်နှာလေးတွေကိုတော့ ယုံ ကြည်ချက်တွေနဲ့ ခြယ်မှုန်းထား ကြ ပေါ့။

လေတစ်ချက်အဝှေ့မှာ ငြိမ်းချမ်းစွာ ထွက်ပေါ်လာတဲ့တဲ့ ဆည်းလည်းသံ လေးတွေက စတင်လွှင့်ထူလိုက်တဲ့ ခွပ် ဒေါင်းအလံနီကို လှမ်းဖက်လိုက်သည်။ အသင့်ယူလာပုံရတဲ့ သပိတ်ကို မှောက် လိုက်ချိန်မှာ “ငါတို့ရဲ့ပန်းတိုင် မရောက်သ၍ သပိတ်မလှန်ကြေး” လို့ သန္နိဋ္ဌာန် ချလိုက်ကြောင်း သူတို့မျက်လုံးက ဖော်ပြနေလေရဲ့။

ထားဝယ်ဆောင်းနှင်းက ကွဲစပြုလေပြီ။ အားပေးဝန်းရံဖို့ ရောက်လာ ကြဟန်တူတဲ့ လူမှုအဖွဲ့အစည်း အသီးသီးမှာ တက်ကြွလှုပ်ရှား နေသူတွေ အတော်များများ ရောက်ရှိလာချိန်မှာ ခွပ်ဒေါင်းတွေ ပျံသန်းရန်အသင့်။

“ထွက်ကြစို့ ရဲဘော်တို့” တပ် လှန့်ကြွေးကြော်သံက မိသားစုသုံး အသံ အိုးလေးမှတစ်ဆင့် ပျံ့လွှင့်လာ သည်။

“ကျောင်းသားပြည်သူကို အခြေမခံ သော ဥပဒေ၊ အလိုမရှိ အလိုမရှိ”

“ကျောင်းသားသမဂ္ဂများ လွတ်လပ် စွာ ဖွဲ့စည်းခွင့် ရရှိရေး ၊ ဒို့အရေး ဒို့အရေး”

“သပိတ်သပိတ်၊မှောက် မှောက်”

သူတို့ ချီတက်ကြလေပြီ။

စာသင်ခန်းကထွက် အလံနီတော် တလူလူနဲ့ လမ်းမပေါ် တက်ခဲ့ကြလေပြီ။ သို့သော်..သူတို့ ခြေ ၁၀ လှမ်းပင် မပြည့်လောက်သေးခင်မှာ ရည်ရွယ်ရာ လမ်းကို မလှမ်းနိုင်ရန် ဟန့်တားလာသော လက်များနှင့် စတင် တွေ့ဆုံကြလေသည်။

ဘုရားကြီးဝင်းထဲမှာ ကြိုရောက် နေကြတဲ့ ပြည်သူ့ရဲများနှင့် ဌာနဆိုင် ရာက ပုဂ္ဂိုလ်ကြီးငယ်တွေနဲ့ မတရားတဲ့ ဥပဒေဟူသမျှ တာဝန်အရ ဖီဆန်ကြဖို့ ဆုံးဖြတ်ထားသူတို့ အချေအတင် ဆွေး နွေးကြပါသည်။ မိနစ်အတော်ကြာသော အခါ ဝန်းရံအားပေးသူ ပရိသတ် ၊ တိုးဝှေ့သတင်းယူတဲ့ မီဒီယာတွေ ကြားထဲက သတင်းစကားတစ်စွန်းတစ်စ ထွက်ကျလာပါသည်။

“ရဲတွေက ငြိမ်းစုစီ ဥပဒေ၊ နည်း ဥပဒေတွေအကြောင်း သပိတ်မှောက် ကျောင်းသားတွေကို ရှင်းပြနေတယ်၊ ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒပြရမယ်၊ မ ဟုတ်ရင် ဥပဒေအတိုင်း ဆောင်ရွက် ရမယ်တဲ့၊ ကျောင်းသားတွေကတော့ ရက် ၆၀ ရာဇသံကို ကိုင်စွဲပြီး သပိတ် မှောက်တာဖြစ်လို့ ခင်ဗျားတို့ လုပ်ချင်သ လိုလုပ် နောက်မဆုတ်နိုင်ဘူးလို့ ပြန် ပြောနေတယ်”

ထို့နောက် . . . .

“သပိတ်သပိတ် မှောက်မှောက်”

“အရေးတော်ပုံ အောင်ရမည်”

“အရေးတော်ပုံ အောင်ရမည်”

ဘုရားဝင်းမှ လျှံထွက်သွားသော သပိတ်ကျောင်းသားတို့၏ ကြွေးကြော်သံ က သူတို့၏ ပြင်းပြတဲ့ ဆန္ဒကို လှစ်ဟ ပြနေသလို ထွက်ပေါ်လာကာ တားဆီး ထားသောလက်များ ပြန်ရုပ်သွားပါသည်။ ရောင်တူဘောင်းဘီရှည်များ ဖုံးထားသည့် ခြေထောက်များ ရှဲသွားပါသည်။ ခွပ်ဒေါင်းတို့တောင်ပံ ပြန်လည်ဖြန့်ကျက် တွန်ကြူးသံ ဘဝင်ညံလျက် ထားဝယ် လမ်းမတွေထက်ကို စတက်နိုင်ခဲ့ကြ လေပြီ။

ဇန်နဝါရီ ၂၀၊ နံနက် ၈ နာရီ ၃၀ မိနစ်၊ ဥတ္တံတားကြီး လမ်းဆုံ

မီးအစိမ်းကို စောင့်နေသော ခရီးသည်တင် သုံးဘီးနှင့် ဆိုင်ကယ်များ ဖြတ်သန်း အပြီးမှာ POLICE ဟု စာလုံးကြီးကြီး ရေးထားသော ကားများ လမ်းဆုံနှင့် မလှမ်းမကမ်းသို့ ထိုးဆိုက် လာကြသည်။ ကားနောက်ခန်းမှ ပြည်သူ့ရဲဝတ်စုံပြည့် ဝတ်ထားသူများ လက်နက်ကိုယ်စီကိုင် ဆောင်ကာ ခုန်ဆင်း လာကြသည်။

သေနတ်တွေ..၊ ပြောင်းတို ပြောင်းရှည် ပြောင်းကျဉ်း ပြောင်းကျယ် အကြီးအငယ် ပုံစံမျိုးစုံ သေနတ်တွေကို ဟန်ပါပါ ကိုင်ဆောင်ပြီး လမ်းဘေးဝဲ ယာမှာ အသင့်အနေအထား နေရာယူ လိုက်ကြအပြီးမှာ ကားရှေ့ခန်း တံခါး တစ်ချပ် ပွင့်လာပြန်သည်။

ထိုနောက် ပြောင်လက်နေသော ရှူးဖိနပ်တွေ အစွပ်ခံထားရသော ခြေတစ်စုံ ဖုန်ပေနေသော ကတ္တရာလမ်းပေါ် ကျလာပါသည်။ ရုပ်လုံးပေါ်လာသော ထိုသူ့ခါးတွင် စကားပြောစက်ငယ် တစ်လုံးနှင့် လက်နက်ငယ် တစ်လက် ချိတ်ထားသည်။

ကွမ်းယာဝယ်နေသော ပါဝါမျက် မှန်တပ်လူငယ်တစ်ဦးက “အဓိကရုဏ်း နှိမ်နှင်းရေး လက်နက်တွေ ဖြစ်လိမ့်မယ်”ဟု မှတ်ချက်ပြုသည်။

ထိုကားနှင့် ကားပေါ်က ဆင်းလာ သောသူတို့၏ ကျီးကန်းတောင်းမှောက် မျက်လုံးများကို အဝေးက လှမ်းတွေ့ လိုက်ဟန် တူသည့် ကျောင်းသူလေး သုံးယောက် စက်ဘီးကို “ကွီ”ခနဲ ဘ ရိတ်ဆွဲလိုက်ကြပြီး ဂငယ်ကွေ့ ပြန်ကွေ့သွားကြသည်။ ကန်စွန်းရွက်သည် အစ်မကြီးယောက် စိမ်းနေတဲ့ မီးပွိုင့်ကို ဖြတ်ရင်း ရပ်ထားသည့်ကားပေါ်က POLICE ဟု ရေးထားသော ဒိုင်းကြီးများကို ကြည့်ကာ လမ်းလယ်မှာ   စက်ဘီးကို ကမန်းကတမ်း ရပ်ချပြီး ဖြေးဖြေးချင်း တွန်းသွားနေလေသည်။ သူ့ပုံက အောက်စီဂျင်မရတဲ့ နယ်ပယ်ကို ဖြတ်နေရသလို ရင်တစ်ခုလုံး လှိုက် ဖိုနေလေ၏။

ဤသို့ဖြင့်..ရည်ရွယ်ရာဆီ ဖြတ် သန်းကူး ခတ်နေကြသူများဖြင့် ခုနက သက်ဝင်လှုပ်ရှားနေသော လမ်းဆုံလေး သည် ခေါင်းခါလှည့်ပြန်နောက်ဆုတ်သူ များကို ငေးကြည့်ရင်း မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးနဲ့ တိတ်ဆိတ်လို့။

“ဒီနေရာမှာ ၈၈ အရေးအခင်း တုန်းက တစ္ဆေ ခုထိခြောက်တုန်းဗျ၊ အင်းလေ..အခုထိ ယမ်းငွေ့မှ မပြယ် တတ်သေးဘဲကိုး” ဟု အခြေအနေကို ရပ်ကြည့်နေသည့် လက်မှတ်ရောင်းဌာန ဝန်ထမ်းတစ်ယောက်၏အသံ တိုးသဲ့သဲ့ လေးအဆုံးမှာ . . . .

“သပိတ် သပိတ် မှောက် မှောက်”

“အရေးတော်ပုံ အောင်ရမည်”

မဝေးလှတဲ့နေရာကနေ လမ်းဆုံကို ဦးတည်ကာ တဖြေးဖြေး ချဉ်းကပ် လာတဲ့အသံတွေ.. လက်နက်ကိုင်ထား သူတွေက လက်ညှိုးတွေကို အချိန်မဆိုင်း ကွေးနိုင်ရန် အသင့် . . .။

“ဒီမိုကရေစီ ပညာရေး ၊ ဒို့အရေး ဒို့အရေး”

“အရေးတော်ပုံ အောင်ရမည်”

ကြားလိုက်တဲ့ နားမှန်သမျှ စွင့် ကားစိုက်ထောင်..၊ ပိတ်ထားတဲ့ ပြတင်း တံခါးတွေ ဖွင့်ဟ..၊ လမ်းသွယ် လမ်းကြားနေသူတွေ ထွက်လာကြလေပြီ။ ချောက်အိပ်မက်ထဲ ကျသွားတဲ့ လမ်း ဆုံလေးဟာ သပိတ်မှောက် ကျောင်းသား တို့ ချီတက်ရာ လိုက်ပါ ဝန်းရံကြ သူများ၏ ရှေ့ပြေး ဆိုင်ကယ်များ၊ အကွက်အကွင်း ကောင်းရှာဖွေကာ ကြို တင်နေရာယူကြသော သတင်းမီဒီယာ သမားများ၊ ခရီးသွားရင်း လမ်းကြုံ ရပ်ကြည့်သူများနှင့် အရောင်းအသွေးစုံ လင်တောက်ပစွာ နိုးထလာလေပြီ။ ကြွေးကြော်သံတွေကလည်း နီးသထက် နီးလာပြီ..

“ဟော..ဟိုးမှာ..လာနေပြီဟေ့”

“အလံနီတွေထောင်ထားတယ်ဟ.. အင်္ကျီအဖြူတွေနဲ့”

“ဒီမိုကရေစီ ပညာရေး ၊ ဒို့အရေး ဒို့အရေး”

“သား.. နင်လမ်းဆုံနား သိပ်မ ကပ်နဲ့နော်၊ ဟိုမှာ သေနတ်နဲ့ ရဲတွေ အများကြီး”

“ခွပ်ဒေါင်းဟ ခွပ်ဒေါင်း အင်န် အယ်လ်ဒီက ဟေ့”

“ကျောင်းသားသမဂ္ဂများ လွတ် လပ်စွာ ဖွဲ့စည်းခွင့် ရရှိရေး ၊ ဒို့အရေး ဒို့အရေး..”

“အင်န်အယ်လ်ဒီက မဟုတ်ဘူး..၊ အလံမှာ ကြယ်ဖြူ မပါဘူးလေ..ဒေါင်းကို စက်ဝိုင်းဝိုင်းထားတာတွေ့လား..၊ အဲဒါ ကျောင်းသားအလံ.၊ လွှတ်တော်က အ တည်ပြုလိုက်တဲ့ ပညာရေးဥပဒေကို မကျေနပ်လို့ သပိတ်မှောက်နေကြတာ..”

စုံလိုက်တဲ့ အသံတွေ.. ယာဉ်ထိန်း ရဲ၏ စူးရှအမိန့်ဆန်သော ခရာသံကိုပင် ဖုံးအုပ်လုလု..။ ရှေ့ဆုံးက လျှောက် လာတဲ့ သပိတ်မှောက် ကျောင်းသားတွေ မျက်လုံးတွေက လမ်းဆုံမှာ လက်နက်ကိုင်ပြီး အသင့် စောင့်နေသူတွေဆီ ရောက်သွားသည်။ ခြေလှမ်းမပျက် အချင်းချင်း (မသိမသာ) စုလိုက်သည်။

“သပိတ် သပိတ် ၊ မှောက် မှောက်”

“အရေးတော်ပုံ၊ အောင်ရမည်”

“မိဘပြည်သူများ ခင်ဗျာ .. ၊ ကျောင်းသားတွေဆိုတာ မိဘပြည်သူ အပေါင်းရဲ့ သားသမီးတွေပါ၊ ကျွန်တော် တို့ကို ဝိုင်းဝန်း ဖေးမကူညီကြဖို့ အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ”

ပြန်ခွာလိုက်ကြသည်။ တိကျပြတ် သားသော ခြေလှမ်းတွေနဲ့အတူ သူတို့ မျက်ဝန်းတွေက ရဲရင့်တောက်ပြောင်သော တေးသွားတစ်ပိုဒ်ကို သံကုန်ဟစ်လို့ ပေါ့..။

“နိုင်ငံတော်အတွက်ဆို.. အသက် ကိုလည်း ဘာမထီ..ညီညီ ခွပ်ဒေါင်း သွေးနဲ့ ရဲရဲရှေ့ကိုချီ.”

ဟော..ဖြတ်ကြလေပြီ။

“ကျောင်းသားပြည်သူကို အခြေမခံ သောဥပဒေ ၊ အလိုမရှိ အလိုမရှိ”

“ဒီမိုကရေစီ ပညာရေး ၊ ဒို့အရေး ဒို့အရေး”

နောင်တော် ထားဝယ်ကျောင်းသား ထုရဲ့သွေးမြေခခဲ့ဖူးသော သမိုင်းဝင် လမ်းဆုံလေး..

“သပိတ် သပိတ် ၊ မှောက် မှောက်”

“အရေးတော်ပုံ၊ အောင်ရမည်”

လက်ငင်းအချိန်မှာလည်း လက် နက်ကြီးငယ်တို့နဲ့ အပိုင်းစီးခံထားရတဲ့ လမ်းဆုံလေးကို အဖြတ် ..

လက်ညှိုးတွေ..ကွေးလိုက်ကြလေပြီ ထိထိမိမိ..။

မီးတွေ..တစ်ဖျတ်ဖျတ်ပွင့်လေပြီ.. အလုအယက်..။

မီဒီယာသမားတွေ.. လူမှုကွန် ရက်ကို ကမ္ဘာအထိ ဖြန့်ကျက်ထားသော ပြည်သူ့ သတင်းထောက် လေးတွေရဲ့ လက်ညှိုးတွေကို ကင်မရာခလုတ်ပေါ် အချိန်နဲ့တစ်ပြေးညီကွေး လိုက်ချိန်မှာ..ကင်မရာမီးတွေ ပွင့်နေရာစုံက လင်းလက်လာပေါ့..။

ပြောင်းစုံလက်နက် ကိုင်ထားသူများ ၏ လက်ညှိုးတွေကတော့ နေမြဲ..။

ဇန်နဝါရီလ ၂၂၊ ညနေ ၃ နာရီ ၃၅ မိနစ်၊ အရိုးဆေးကန်ကျောင်းတိုက်

လုံခြုံခိုင်ခံ့သန့်ရပ်သော နှစ်ထပ် ဇရပ်ဆောင်လေးက သူတို့ကို နွေးထွေးစွာ ကြိုဆိုနေလသည်။   မောင်ရင်းနှမ စိတ်ထားကာ တည်းခိုကြတဲ့ သပိတ်မှောက် ကျောင်းသားများကို ဆရာဒကာ ဆက်ဆံရေးဖြင့် လက်ခံထားကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါ သတဲ့။

“ရှင်းရှင်း မြင်တတ်ဖို့ပဲ လိုပါတယ် ၊ တစ်ချို့ကလေးတွေက ကျောင်းဝေယျာ ဝစ္စတွေကို လာကူနေကျ ကလေးတွေပါ” ဥူးဇင်းတစ်ပါးမိန့်တာကြားလည်း ကြား နာလိုက်ရပါသည်။

သပိတ်မှောက် ကြွေးကြော်ရာ လမ်းတစ်လျှောက်မှ မိဘပြည်သူများ၊ ကျောင်းနေဖက် သူငယ်ချင်းများနှင့် အားပေး ဝန်းရံသူများက ထောင့်ပံ့ ကျွေးမွေးလိုက်သော မုန့်နှင့် ရေဘူး လက်ကျန်များ ဝေငှစားသောက် ကြပြီး နောက် ကျောင်းဝင်းအတွင်းထိ လိုက်ပါ ပို့ဆောင်ပေးသော ကူညီဝန်းရံ သူများကို အားရပါးရ ကျေးဇူးတင်စကား ပြောကြပါသည်။

သို့သော် သူတို့အသံတွေက နာနေ လေပြီ။ သူတို့ခန္ဓာတွေက အနားပေးဖို့ တောင်းဆိုနေလေပြီ။

“၃ ရက်ဆက်တိုက် ဆိုတော့ဗျာ အသံက ထွက်မလာတော့ဘူး” တဲ့။

ဒီကြားထဲ ရည်ရည်မွန်မွန်ရှိလှတဲ့ လူတစ်ယောက်ရောက်လာပြီး သူ့ကိုယ် သူဂျာနယ်လစ်တစ်ယောက် ဖြစ်ကြောင်း မိတ်ဆက်ကာ

“ကိုယ်က မနက်ဖန်လုပ်မယ့် တစ် ယူနစ် ၃၅  ကျပ်တန် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ သတင်းသတင်းယူဖို့ ဒီနေ့မှ ထားဝယ်ရောက်လာခဲ့တာပါ။ ညီတို့လှုပ်ရှားမှုလေးလည်း ရေးချင်လို့ ၃ ရက်တာ အကျဉ်းလေး ပြောပေးနိုင် မလား” ဆိုတော့ သူတို့လေးတွေ မနေ သာပြန်ဘူး။

“အဓိက ကျွန်တော်တို့ ထားဝယ်က ပြန့်ကျဲနေတဲ့ တက္ကသိုလ်အားလုံး သွား ရောက် စည်းရုံးကြွေးကြော် ဟောပြောခဲ့ တယ် အစ်ကို..၊ ခွင့်ပြုချက် မတင် လို့ဆိုပြီး စထွက်ထွက်ချင်း အတား ခံရတယ်။ ဒါပေမဲ့ အတားအဆီးမှန်သမျှ ငြိမ်းချမ်းစွာ ဖြတ်ကျော်ကြမယ်ဆိုတဲ့ မူကို အသေဆုပ်ကိုင်ပြီး ကျော်ဖြတ် ခဲ့နိုင်ပါတယ်။ လမ်းဆုံတွေမှာ သေနတ် ကိုင်စောင့်နေတဲ့ ရဲတွေကို တွေ့တိုင်း ဘုရားမှာ ကိုယ့်ကိုကိုယ် သာရဏဂုံ တင်တင်နေမိတယ်”

သူတို့ မျက်နှာလေးတွေက သေ မင်းနဲ့ စီးချင်းခဲ့ဖူးပြီးသူတွေလို..။

“ပထမရက်မှာ မိန်းထဲကို ချီတက် ကြရင်း ဗထူးကြေးရုပ်ကို ဦးတိုက် ကြတော့ ဇာတိမာန်တွေ ပိုတက်လာ တယ်ဗျ..၊ မိန်းတက္ကသိုလ် အဝင်ဝမှာ ကျောင်းသားရဲဘော်တွေ ခွတ်ဒေါင်း အလံတော် လွှင့်ထူ ကြိုဆိုပူးပေါင်းတော့ ဖြတ်ကျော်လာခဲ့ရတဲ့ အခက်အခဲ တွေ အတွက် စိတ်မောလူမောမှုတွေ ကွာ ကျပြီး အားသစ်ထပ်လောင်းခံ လိုက်ရသ လိုပဲဗျာ” တဲ့လေ။

“မိန်းထဲမှာ ဒုပါချုပ်နဲ့ ဆရာဆရာ မတွေက ဟိုနေရာမသွားရ ဒီနေရာမ တက်ရ စာသင်နေတယ်။ မနှောက် ယှက်ပါနဲ့ပေါ့.. တားကြဆီးကြသေးတယ်၊ ကျွန်တော်တို့လည်း အဲလောက် တော့ နားလည်မှုရှိပါတယ်ဗျာ၊ စာသင် ခန်းတွေထဲ မဝင်ခဲ့ပါဘူး၊ ဝင်ဖို့လည်း မရည်ရွယ်ဘူး တစ်ဆောင်ဝင် တစ်ဆောင်ထွက် လိုက်စည်းရုံး ဟောပြောကြ တယ်လေ”

ကျောင်းသူလေး တစ်ယောက်ရဲ့ ခံပြင်းတဲ့ အသံမာဆတ်ဆတ်လေးက

“ကျောင်းသားတွေကို ဆရာဆရာမတွေက နည်းပေါင်းစုံနဲ့ ထိန်းချုပ်တားတယ်လို့ ပြန်ကြားရတယ်ရှင့်၊ မိန်းတက္ကသိုလ်ကြီး တစ်ခုအနေနဲ့ ကျောင်းသားထုရဲ့ပါဝင် ပူးပေါင်းလာမှုကို အားမရဘူး၊ တစ်ချို့ ဆို ဖုန်းလေးတွေထုတ်ပြီး ဓာတ်ပုံ ရိုက်ရုံနဲ့ တာဝန်ကျေပြီ ထင်နေကြလား မသိဘူး၊ ဒီဥပဒေမပြင်နိုင်ရင် နောက်မျိုး ဆက်ပါ ခံရမှာ” ပါတဲ့။

“ညကျတော့ ၈၈ ပွင့်လင်းက အစ်ကိုတွေရဲ့ညှိနှိုင်းမှုနဲ့ အကြံပြုချက် တွေအရ ခွင့်ပြုချက်တင်လိုက်တယ် အစ်ကို.. တစ်ရက်ချင်းတင်သွားမယ်ပေါ့”

ခွင့်ပြုချက်တင်လျှင် ချက်ခြင်း ပေးမည်ဟု တိုင်းအစိုးရရဲ့ ကမ်းလှမ်း ချက်ကို သူတို့ လက်ခံခဲ့ကြသည်။

“ဒုတိယနေ့ဖြစ်တဲ့ ၂၁ ရက်နေ့ မှာ နည်းပညာ တက္ကသိုလ်ကို ချီတက် ကြတယ်ကြတယ်ဗျ။ ခရီးက ၈ မိုင် ကျော်ဆိုတော့ ခြေကျင်တစ်ဝက်လျှောက် ကားတစ်ဝက်စီးပေါ့ အစ်ကိုရယ်၊ လုံခြုံ ရေးက ရှိသေးတော့လေ၊ တက္ကသိုလ် ရှေ့ရောက်လို့ လမ်းလျှောက်ချီ တက်ကြ ချိန်မှာ ပါချုပ်က ပေးမဝင်ဘူးဆိုပြီး ကိုယ်ထိလက်ရောက် အတင်းတား ပါလေရော။ ကျွန်တော်တို့လည်း ဇွဲမ လျှော့စတမ်း ငြိမ်းချမ်းစွာ ကြွေးကြော် စည်းရုံးပြီး ထိုင်သပိတ်ဆင်နွဲခဲ့ ပါတယ်”

နောက် ကျောင်းသားလေး တစ် ယောက်က မခံချိမခံသာ မျက်နှာပေးနဲ့ ဝင်ပြောလေရဲ့။

“ကျွန်တော်တို့ထဲမှာ နည်းပညာ ကျောင်းသားက များတယ် အစ်ကို၊ ကျွန်တော်တို့ နည်းပညာပါချုပ်က သပိတ်မှောက် ကျောင်းသားထဲမှာ တစ်ရက်ကျပ် ၃၀၀၀ နဲ့ ငှားထားသူ တွေပါတယ်၊ သပိတ်မှာ ပါတဲ့ နည်း ပညာကျောင်းသားတွေဟာ ကျောင်းစာမ သင်လိုတဲ့ ပြောဆိုဆုံးမရ ခက်ခဲ သူချည်းပဲလို့ ပြောကြောင်း ပြန်သိရ တော့ နည်းပညာ ကျောင်းသားတစ် ယောက် အနေနဲ့ အရမ်းရှက်မိတယ်ဗျာ၊ သူ့ရဲ့ သမားဂုဏ်အတွက် သူလိပ်ပြာ လုံချင်ရင် သူ့စကားသူပြန်ရုပ်သိမ်း ကြောင်း တရားဝင်ပြောမှ ရတော့ မယ်”

ဒီတတိယနေ့မှာတော့ ကွန်ပြူတာ တက္ကသိုလ်နဲ့ ပညာရေးကောလိပ်ပေါ့၊ အဲ..ပညာရေးကောလိပ်ထဲတော ဝင်ခွင့် မရခဲ့ဘူး.. တံခါးမကြီးကို သော့ခ လောက်ကြီးခတ်ထားတယ်၊ ဖွင့်ပေးဖို့နဲ့ ဘာကြောင့်ပိတ်ထားရကြောင်း လာ ရောက် ညှိနှိုင်းဖို့ လှမ်းအော်ကြတာ ထွက်မလာဘူး မိနစ် ၂၀ အချိန်ပေး လိုက်တယ် လာရောက်မဖြေရှင်းရင် ကျော်ဝင်ကြမယ်ပေါ့၊ ကျောင်းသား တစ်ယောက်က အဆင်ပြေတဲ့ အပေါက် ကနေ ဝင်သွားပြီး သွားညှိနှိုင်းတယ်၊ ပေးထားတဲ့အချိန်ကုန်သွားတယ်၊ ထွက် မလာဘူး..၊ ကျောင်းသူတွေ အပြင် မှာစောင့် ကျောင်းသားတွေ ကျော်ဝင် မယ်ဆိုတော့ ကျောင်းသူတွေက သူတို့ ပါ ရအောင်လိုက်ကျော်မယ်တဲ့လေ..

အဲဒါ ကျော်ဝင်မယ့်ဆဲဆဲမှာ ဆ ရာမတစ်ယောက် ထွက်လိုက်လာတယ်။ နောက်ဆုံးအဖြေက စာမေးပွဲဖြေ နေလို့ တဲ့..၊ မဝင်ပါနဲ့တဲ့ ကျွန်တော်တို့လည်း အဲလောက်မရိုင်းပါဘူး.. တပ်ခေါက် ပြန်ခဲ့ကြတယ်..၊ နောက်ဆို.. သွားမဲ့ ကျောင်းတွေရဲ့ စာမေးပွဲအချိန်ကို သိ အောင် အရင်လုပ်ကြဖို့ ဆုံးဖြတ် လိုက်ကြတယ်..”ဟု ပြောဆို အဆုံးသတ် လိုက်ပါသည်။

သတင်းထောက် သက်ပြင်းချ၏။

ပြီးနောက် ရှေ့ဆက် ဘာတွေလုပ် သွားမလဲ၊ ဘာအခက်အခဲ တွေကြုံ နေရလဲ၊ ဘယ်တော့ သပိတ်လှန်မလဲ တစ်ဆက်တည်း မေးချလိုက်လေ သည်။

“မနက်ဖန် တစ်ရက် နားပြီးရင် ၂၄ ရက်နေ့မှာ ပြန်စမှာ အစ်ကို..၊ လမ်းတွေပေါ်ထွက်မယ်၊ ကျောင်းတွေ သွားစည်းရုံးမယ်၊ ရသလောက် စည်းရုံး မယ်၊ မန္တလေးသပိတ်စစ်ကြောင်း ရန် ကုန်ရောက်တဲ့အချိန်နဲ့ကိုက်ပြီး ရန်ကုန် မှာ သွားရောက် ပူးပေါင်းကြမယ် အစ် ကို..၊ အခက်အခဲ ကတော့ ဆရာ ဆရာမတွေရဲ့ နားလည်မှု လွဲနေတာတွေ ပေါ့..။ ကျွန်တော်တို့ကို သူပုန်တွေလို ဆက်ဆံခံရရင် ရင်နာမဆုံးဘူး”

“မလှန်ဘူး ကျွန်တော်တို့ သပိတ် မလှန်ဘူး.. ကျွန်တော်တို့တောင်းထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေး မဆောင်ရွက် သေးသ၍ သပိတ်မှောက် သွားမယ် အစ်ကို”

“လေးပွင့်ဆိုင် . . . . .”

မြန်မာ့နိုင်ငံတွင် ရေပန်းစား နေသော “—– ပွင့်ဆိုင်” တွေက ကျောင်းသားထုဆီ ကူးစက်သွားပြီလော။

သူတို့တောင်းတဲ့ လေးပွင့်က (၁) အစိုးရ၊ (၂) လွှတ်တော်၊ (၃) ပညာရေး စံနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံ ရေးကွန်ရက်(NNER)၊ (၄) ကျောင်းသား ကိုယ်စားလှယ်တွေတဲ့လေ..။

ကျောင်းသူအခန်းထဲက ထွက်လာတဲ့ အမျိုးသမီးကြီးကတော့..

“ကျွန်မတို့ သမီးလေးတွေ တောင်းဆိုတာ အရမ်းများနေလို့လားရှင်၊ သူတို့နဲ့ သူတို့မိဘတွေ မဲပေးရွေးချယ် တင်မြှောက်ထားသူတွေကို တွေ့ဆုံခွင့် တောင်းတာလေ..၊ ဒါတရားတဲ့ တောင်း ဆိုမှုပဲ” တဲ့..။

သပိတ် ကျောင်းသားလေးတစ် ယောက်ကို အရည်ပြည့်အိုင်နေတဲ့ မျက် လုံးနဲ့ တွေတွေကြီးစိုက်ကြည့်နေသော နွမ်းပါးဟန်ရှိသူ အမျိုးသားကြီးရဲ့ စ ကားသံက ကြားရသူရင်ကို ထိရှ စေပါသည်။

“ကျုပ်သားလေး မြို့မှာ အေးအေး လူလူ ပညာသင်ခွင့်ရအောင် ကျုပ်တို့ တစ်အိမ်လုံး ကျားကန် ကုန်းရုန်း ရှာဖွေ ခြစ်ချု စုဆောင်းနေရတယ်ဗျ။ ဒီသတင်းတွေ..သူ့အမေကြားပြီး အိပ် ယာထဲ လဲနေရှာပြီ၊ သူ့ကို နိုင်ငံ့သား ကောင်း အဖြစ်နဲ့ပဲ မြင်ချင်ခဲ့တာပါဗျာ..၊ ခုတော့ နိုင်ငံရေးသားကောင် ဖြစ်တော့ မယ် ထင်တယ်”

စကားအဆုံးမှာ သူ့မျက်ရည် တစ်ပေါက်..ဖောက်ခနဲ ကြွေဆင်း သွားတယ်။

“ယောင်္ကျားကြီးတန်မဲ့” လို့ မည်သူ အပြစ်တင်ရက်မည်နည်း..။

စထွက်ချိန်မှာ အင်အား ၂၀ သာ သာ ၊ ယခုတော့ ပူးပေါင်းကျောင်း သားများဖြင့် ၁၀၀ ကျော်လာသော ထားဝယ်သပိတ်မှောက် ကျောင်းသား လေးတွေကေတော့ နောင်တော်မျိုးဆက် လက်ဆင့်ကမ်းခဲ့တဲ့ အလံတော်ကို ထား ဝယ်လမ်းမတွေပေါ် ရဲဝင့်မြဲမြံစွာ လွှင့်ထူလိုက်ကြလေပြီ..။

သူတို့လေးတွေ ..

“ကျောင်းနံရံတစ်ဝှိက်မှာ ဒေါင်း အလံစိုက် နိုင်ပါ့မလား”

သပိတ်မှောက်ကျောင်းသားတို့၏ သံပြိုင်ရွတ်ဆိုလိုက်သော တေးတစ်ပိုဒ်က မိုးယံသို့ ဖောက်ပျံတက်သွားလေသည်။

“..အဆုံးသတ်တိုက်ပွဲ ငါဒို့နွှဲရမည် ..”

လောလောဆယ်တော့ ကျောင်းသား မိဘတစ်ချို့၏ မျက်ရည်စတွေ မြေခခဲ့လေပြီ..။