BREAKING
May 16, 2025

လောင်းလုံး အင်းဝန်းရွာထိပ်တွင် လက်နက်ကြီးကျပြီး အမျိုးသားသုံးဦး ပြင်းထန်ဒဏ်ရာရ

May 16, 2025

ဓာတ်ပုံ - Dawei Watch

လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာ ရွာထိပ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားသုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မေလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရွာထိပ်တွင်ရှိသော အလူမီနီယံအလုပ်ရုံရှေ့တွင် ရပ်ထားသည့် ဗွီဂိုးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကားပေါ် ကျတယ် ။ အခု ကားမီးလောင်နေတယ်။ လူနာတွေလည်း ဆွဲထုတ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အလူမီနီယံအလုပ်ရုံအနီး ကွမ်းယာ ရောင်းနေသည့် အင်းဝန်းရွာသား ကိုနိုင်စိုး၊ သာယာကုန်းရွာသား ကိုဗဒင်နှင့် ကွမ်းယာဝယ်နေသည့် သောကြာပြင်ရွာသား အမျိုးသားတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုဗဒင်က လည်ပင်းမှာထိတယ်။ ဒဏ်ရာပြင်းတယ်။ ကိုနိုင်စိုးက နံကိုင်းမှာ ထိတယ်” ဟု ဒေသခံ အခြားတစ်ဦးက ပြောသည်။

အင်းဝန်းရွာ၏ အနောက်ဖက် ၃ ကီလိုမီတာခန့်အကွာ သဲပုံကျေးရွာရှိ အင်းဝတောင်ပေါ်တွင် စစ်ကောင်စီတပ်ရှိသလို အရှေ့ဘက် ထားဝယ်မြစ်၏ တစ်ဖက်ကမ်း၌လည်း စစ်ကောင်စီတပ်ရှိသည်။

“ဘယ်က ပစ်သလဲဆိုတာ တိတိကျကျမသိရသေးဘူး။ ပထမ တစ်လုံးက ဒရုန်းနဲ့ ချတယ်လို့ ထင်တယ် လက်နက်ကြီး ပေါက်ကွဲတာက သုံးလုံး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုရှဲဒိုးကမူ ထားဝယ်မြို့ နတလရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့်လည်း ဗုံးချခဲ့ခြင်း‌ဖြစ်ကြောင်း ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ လက်နက်ကြီးနဲ့ပစ်တာ။ အရပ်သားတွေ ဒီအတိုင်းသွားလာနေကြတာကို လက်နက်ကြီးနဲ့ရော ဒရုန်းနဲ့ပါ ချသွားတာ” ဟု ၎င်းကပြောဆိုသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့ပြီး ယင်းအနက် ကိုဗဒင်ဆိုသူ သေဆုံးသွားပြီဖြစ်ကြောင်း ကိုရှဲဒိုးက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလကလည်း သဲပုံတောင်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် သာယာကုန်ရွာသားတစ်ဦး သေဆုံးခဲ့သည်။