ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၁၂၉ - ၉၈ = မည်ကာမတ္တ ရွေးကောက်ပွဲ

December 31, 2025

တနင်္သာရီတိုင်းတွင် ရွေးကောက်ပွဲ အပိုင်း ၃ ၌မကျင်းပနိုင်သည့် ဒေသများကို စစ်ကော်မရှင်က ထုတ်ပြန်လိုက်ရာတွင် ကျေးရွာအုပ်စုပေါင်း ၁၀၇ စုတွင် ကျေးရွာအုပ်စု ၁၃ စုနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင်သာ ကျင်းပနိုင်မည်ဟုဆိုသည်။

တနင်္သာရီတိုင်းမှ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း ၃ ကို ကျင်းပမည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။

ယင်းဒေသများမှာ တော်လှန်ရေး အားကောင်းသည့် ဒေသများဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားသည်။ ယင်းကြောင့် ပုံမှန်အားဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ပေ။

သို့သော် စစ်ကော်မရှင်၏ မူရင်းရည်ရွယ်ချက်မှာ မည်ကာမတ္တရွေးကောက်ပွဲ ကျင်းပရန်သာဖြစ်သည်။

တရားမျှတခြင်း၊ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးပါဝင်နိုင်ခြင်း၊ လွတ်လပ်စွာမဲပေးနိုင်ခြင်းတို့ကို အလေးထားခြင်း မရှိသည်ကိုလည်း ယခုရွေးကောက်ပွဲ အပိုင်း ၃ တွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။

ယင်းကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပမည့် အပိုင်း ၃ ရွေးကောက်ပွဲတွင် ပါဝင်သော ဒေသများ၏ အခြေအနေကို လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

လောင်းလုံးမြို့နယ်

လောင်းလုံးမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိသည်။ ယင်းတို့အနက် ကျေးရွာအုပ်စု ၃၈ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲလုပ်နိုင်သည်မှာ လောင်းလုံးမြို့ပေါ် ၄ ရပ်ကွက်၊ မောင်းမကန်ကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာအုပ်စု ဟူသည့် ၃ အုပ်စုသာရှိသည်။

လောင်းလုံးမြို့ပေါ်တွင်မူ မြို့ခံတော်တော်များများ နေထိုင်ခြင်းမရှိတောာ့ပေ။ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ မကြခဏလာရောက်တိုက်ခိုက်လေ့ရှိသည့် လောင်းလုံးမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး(စရဖ)၊ လူဝင်မှုကြီးကြပ်ရေးရုံးတို့၏ အနီးဝန်းကျင်တွင် မြို့ခံများ မရှိတော့ပေ။

ကမြောကင်းကျေးရွာအုပ်စုမှာ ထားဝယ်မြို့နှင့်ကပ်လျက်တွင်တည်ရှိပြီး မြို့အဝင်အထွက် ကမြောကင်းတံတား(ထားဝယ်မြစ်ကူးတံတား) စစ်ဆေးရေးဂိတ် ဖွင့်ထားသောကျေးရွာဖြစ်သည်။

စခန်းကြီးကျေးရွာအုပ်စုမှာ အမှတ် ၁၀၄ ခြေလျင်တပ်ရင်း အခြေစိုက်ထားသည့် ကျေးရွာဖြစ်သည်။ အလားတူ မောင်းမကန်ကျေးရွာအုပ်စုတွင်လည်း စစ်အာဏာရှင်တပ်က အခိုင်အမာတပ်စွဲထားသော မောင်းမကန်ရဲစခန်း ရှိသည်။ ထိုကျေးရွာသုံးရွာစလုံးသည် အမှတ် ၁၀၄ ခြေလျင်တပ်ရင်းနှင့် မလှမ်းမကမ်းတွင် တည်ရှိကြသည်။

ထိုကျေးရွာအုပ်စု ၃ အုပ်စုနှင့် လောင်းလုံးမြို့ပေါ် ၄ ရပ်ကွက်ကလွဲပြီး ကျန်ကျေးရွာအုပ်စု ၃၈ အုပ်စုကိုမူ တော်လှန်ရေးတပ်တို့က ထိန်းချုပ်ထားသည်ဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် ကျေးရွာအုပ်စုများတွင် စစ်အုပ်စု စခန်းချထားသော ကျေးရွာအုပ်စုများလည်း ထူးခြားစွာပါဝင်နေသည်။

စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ကျောက်နီမော်ကျေးရွာအုပ်စု၊ လေကြောင်းရန် ကာကွယ်ရေးစခန်းတည်ရှိသည့် ကဒက်ကြီးကျေးရွာအုပ်စု၊ တောင်ပေါ်တွင် လက်နက်ကြီး အထိုင်ချထားသည့် သာယာကုန်းကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပေ။

အချုပ်အားဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းတွင် ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ၃၀ ရာခိုင်နှုန်းခန့်တွင်သာ လုပ်နိုင်သည်ကိုလည်း တွေ့ရသည်.။

သို့သော် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်မူ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းမရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပစရာမလိုဘဲ (ပြည်သူများ မဲပေးစရာမလိုဘဲ) ကြံ့ခိုင်ရေးပါတီက အလိုအလျောက်အနိုင်ရထားပြီးဖြစ်သည်။

သရက်ချောင်းမြို့နယ်

သရက်ချောင်းမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၉ အုပ်စုရှိသည်။ ယင်းတို့အနက် ကျေးရွာအုပ်စု ၃၅ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲလုပ်နိုင်သည်မှာ သရက်ချောင်းမြို့ပေါ် ၅ ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ကျေးရွာအုပ်စု၊ ကဇိတံတားဦးကျေးရွာ၊ ပန်းပြင်၊ တီတွတ်ပြင်ရွာ စသည့် ကျေးရွာအုပ်စု ၄ အုပ်စုတွင်သာ ကျင်းပနိုင်မည်ဖြစ်သည်။

အဆိုပါကျေးရွာများမှာ သရက်ချောင်းမြို့နှင့်ကပ်လျက်ရှိသည့်ကျေးရွာများသာဖြစ်ပြီး ပန်းပြင်ရွာမှာမူ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ဥတ္တူတံတားစစ်ဆေးဂိတ်တည်ရှိသည်။

အဆိုပါကျေးရွာအုပ်စု ၄ အုပ်စုမှလွဲပြီး ထားဝယ်မြို့နှင့် သရက်ချောင်းမြို့အကြားရှိ ကျေးရွာများနှင့် သရက်ချောင်းမြို့နှင့် ပုလောမြို့နယ်အထိကျေးရွာများ အားလုံးတွင်ရွေးကောက်ပွဲ လုပ်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ရပ်ကွက်ကျေးရွာစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်တွင်သာရွေးကောက်ပွဲကျင်းပနိုင်ပြီး ၈၀ ခန့်တွင် ကျင်းပနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

သရက်ချောင်းမြို့နယ်သည်လည်း လောင်းလုံးမြို့နယ်နည်းတူပင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်း မရှိသဖြင့် မဲပုံးထောင်စရာမလိုဘဲ (ပြည်သူများ မဲပေးစရာမလိုဘဲ) ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အလိုအလျောက် အနိုင်ရနေသည်။

တိုင်းဒေသကြီးလွှတ်တော်အတွက် သရက်ချောင်းမြို့နယ်မှ ဝင်ရောက်အရွေးခံသည့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်မျိုးထွန်းသည် မပြိုင်ခင်ကနိုင်နှင့်သူဖြစ်သည်။

ပုလောမြို့နယ်

ပုလောမြို့နယ်တွင် ပုလော၊ ပလောက်၊ ပလဆိုသည့် မြို့သုံးမြို့ရှိသည်။ ထိုမြို့သုံးမြို့ပေါင်း ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စုရှိသည်။ ယင်းတို့အနက် ပလမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲလုပ်နိုင်သည်မှာ ပုလောမြို့ပေါ် ၅ ရပ်ကွက်၊ ပလောက်မြို့ပေါ် ၄ ရပ်ကွက် စုစုပေါင်း ရပ်ကွက် ၉ ခုနှင့် ခန္တီ၊ ကျောက္ကာ၊ ကြဲ၊ ပြည်ခြား၊ ရှပ်ပုံ၊မလိ စသည့်ကျေးရွာအုပ်စု ၆ အုပ်စုတွင်သာ ကျင်းပနိုင်မည်ဖြစ်သည်။

အဆိုပါကျေးရွာများအနက် ပုလောမြို့နှင့်ကပ်လျက်ရှိသည့် ရှပ်ပုံကျေးရွာအုပ်စုမှာ တော်လှန်ရေးတပ်ဘက်က စိုးမိုးထားသော ကျေးရွာအုပ်စုဖြစ်သည်။ ကျောက္ကာကျေးရွာမှာ စစ်ဘေးရှောင်အများအပြားရှိသည့် ပင်လယ်ကျွန်းရွာတစ်ရွာတစ်ရွာဖြစ်ပြီး ယင်းကျေးရွာအနီးတွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောဆိုက်ကပ်ထားလေ့ရှိသည်။

ပြည်ခြားကျေးရွာအုပ်စုတွင်မူ ပြည်ခြားတံတားစစ်ဆေးရေးဂိတ်ရှိသည့်အပြင် အမြောက်တပ်ရင်းလည်း အခြေစိုက်ထားကာ လက်နက်ကြီးပစ်ကူပေးနေသည့် နေရာဖြစ်သည်။

ခန္တီကျေးရွာမှာ ပြည်ခြားရွာအမြောက်တပ်ရင်းက လက်လှမ်းမီသည့် ကျေးရွာထဲတွင်ပါသည်။

ကြဲကျေးရွာအုပ်စုတွင်လည်း စစ်အာဏာရှင်တပ်က တပ်စွဲထားသည်။ ထိုအုပ်စုထဲတွင် ကြဲ၊ ကပတောင်ကြီး၊ မီးလောင်ချောင်း၊ စက်တော်ရာ၊ တပို့၊ သဲပုံဆိုသည့် ကျေးရွာတို့ပါဝင်သည်။

မီးလောင်ချောင်းကျေးရွာတွင် စစ်အာဏာရှင်တပ်က တပ်စွဲထားသည်။ ကြဲကျေးရွာအုပ်စုထဲတွင် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင် နေကြသဖြင့် ရွာထဲတွင် လူများများစားစားမရှိပေ။

ပုလောမြို့နယ်ရှိ ရွေးကောက်ပွဲကျင်းပမည်ဟုဆိုထားသော ကျေးရွာ ၅ ရွာစလုံးရှိ ဒေသခံ အနည်းနှင့်အများမှာ နှစ်ချီကြာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

ရာခိုင်နှုန်းအားဖြင့် ပုလောမြို့နယ် ရပ်ကွက်၊ ကျေးရွာစုစုပေါင်း၏ ၆၂ ရာနှုန်းကျော်တွင် ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ၃၇ ရာခိုင်နှုန်းခန့်သာ လုပ်နိုင်သည်ကိုတွေ့ရသည်။

မည်ကာမတ္တ ရွေးကောက်ပွဲ

ရွေးကောက်ပွဲ အပိုင်းသုံးတွင်ပါဝင်သည့် လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ် သုံးခုစလုံးပေါင်းတွင် ကျေးရွာအုပ်စု၊ ရပ်ကွက် စုစုပေါင်း ၁၂၉ ခုရှိသည့်အနက် ကျေးရွာအုပ်စု၊ ရပ်ကွက်ပေါင်း ၉၈ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်သည်ကိုတွေ့ရသည်။

ကျေးရွာ၊ ရပ်ကွက် ၃၁ ခုတွင်သာရွေးကောက်ပွဲလုပ်နိုင်သည့်အခြေအနေဖြစ်သည်။ တစ်နည်းအားဖြင့် သုံးမြို့နယ်ပေါင်း ကျေးရွာအုပ်စု၊ ရပ်ကွက်စုစုပေါင်း၏ ၂၄ ရာခိုင်းနှုန်း ဝန်းကျင်တွင်သာ ရွေးကောက်ပွဲလုပ်နိုင်ပြီး ကျန် ၇၅ ရာနှုန်းကျော်တွင် မဲပုံးမထောင်နိုင်ပေ။

ဇာတ်မင်းသားကြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု ကြွေးကြော်ကပြနေသော်လည်း လက်တွေ့တွင် ချိုမိုင်မိုင်သာ လုပ်ပြနိုင်သည့် အခြေအနေဖြစ်နေသည်။

ယင်းကြောင့် တနင်္သာရီတိုင်းတွင် ကျင်းပမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ အပိုင်း ၃ မှာ မည်ကာမတ္တရွေးကောက်ပွဲသာ ဖြစ်ပါကြောင်း သုံးသပ်ရမည်ဖြစ်ပေသည်။