ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်ရှိ စစ်ကော်မရှင် ရုံးများအပါအဝင် နေရာအချို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

December 31, 2025

ပုံစာ - ထားဝယ် ကမ်းနားလမ်း ယနေ့ ဒီဇင်ဘာလ ၃၁ ညနေခင်းမြင်ကွင်း ။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ် ရှိ နေရာအချို့ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးခြောက်လုံး ချပြီးတိုက်ခိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ထားဝယ်မြို့စုပေါင်းရုံးအား ဗုံးတစ်လုံး၊ နံနက် ၁၁ နာရီနှင့် နေ့လယ် ၁၂ နာရီအတွင်း ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား နှစ်လုံး၊ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးကို ဗုံးတစ်လုံးနှင့် ကမ်းနားလမ်းသဲကွင်းကို ဗုံးနှစ်လုံးတို့ဖြင့် တိုက်ခိုက်ကြောင်း မြို့ခံများက ပြောသည်။

ဗုံးချတိုက်ခိုက်မှုများအနက် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ကျောင်းသူ နှစ်ဦးနှင့် ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့ ကမ်းနားလမ်းသဲကွင်း၊ စုပေါင်းရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့အား ဗုံးချတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြ ကြောင်း အဆိုပါနေရာများနှင့် အနီးအနားနေသူတို့ထံမှ သိရသည်။

“ကမ်းနားလမ်းသဲကွင်း စတိတ်စင်အနီး ရေထဲတစ်လုံးကျတယ်။ နောက်တစ်လုံးက စတိတ်စင်နားက မြောင်းပုလဲ တံတား ပေါ် ကျတယ်။ တံတားပေါ်ကျချိန် မီးခိုးတွေမဲပြီး ခရီးသွားတွေလည်း မီးခိုးတွေကြား မဲနေရော၊ ဘယ်သူနာတယ်၊ ဘယ်သူ ထိသွားပြီလဲ လိုက်မေးနေကြတာ တစ်ယောက်နဲ့ တစ်ယောက်။ ကျွန်မတော့ မျက်လုံးတွေတောင် ပြာဝေသွားတာ။ လူကတော့ တစ်ယောက်မှ ဒဏ်ရာ မရကြဘူး” ဟု ကမ်းနားလမ်းသဲကွင်းနား ဗုံးကျသည်ကို ကိုယ်တိုင်မြင်ရသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ ညနေ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည့် ကမ်းနားလမ်းသဲကွင်းနေရာတွင် စစ်ကော်မရှင်က နှစ်သစ်ကူး တေးဂီတ ဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ကမ်းနားလမ်းသဲကွင်းနေရာတွင် ညနေ ၇နာရီခန့်က တေးဂီတဝိုင်းက တီးခတ်သံများကြားရကြောင်း မြို့ခံအချို့ ထံမှ သိရသည်။

ထားဝယ်မြို့ပေါ် ဗုံးချတိုက်ခိုက်မှုကို မည်သည့်တပ်ဖွဲ့က လုပ်ဆောင်သည်ကိုမူ သေသေချာချာ မသိရသေးပေ။