ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မူကြိုတဲ့လား …. အသက်ရှင်ဖို့ ပိုအရေးကြီးတယ်..

December 31, 2025

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ၏ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် ဒေသများထဲတွင် တနင်္သာရီတိုင်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ပဋိပက္ခများကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ပြိုကျပျက်စီးခဲ့ပြီး အဆိုးဆုံးမှာ ကျေးလက်ဒေသများဖြစ်သည်။

မြို့ပြများမှာ ငွေကြေးတတ်နိုင်ပါက အဆင်ပြေနိုင်သေးသော်လည်း ကျေးလက်များတွင်မူ ပညာရေး၊ကျန်းမာရေး ဆိုးဆိုးရွားရွား ပြိုကျပျက်စီးမှုဒဏ်ကို ကြုံတွေ့နေကြရသည်။

ယင်းတို့တွင် ပဋိပက္ခဒေသများရှိ ကျေးလက်နေ ကလေးများ၏ ပညာရေးမှာ လုံးဝရပ်တန့်သွားပြီဖြစ်၍ ပိုမိုဆိုးရွားသည်ဟု ဆိုရမည်ဖြစ်သည်။

ကျေးရွာအဆင့် မူကြိုကျောင်းများစွာသည် တံခါးပိတ်ထားရသည့်အပြင် အဆောက်အအုံများပါ ပြိုပျက်ယိုယွင်းကာ ခြုံနွယ်များအောက် ရောက်ရှိနေပြီ ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူထုအခြေပြု အခြေခံပညာကျောင်းများ တော်လှန်ရေးနယ်မြေအနှံ့တွင် ပေါ်ပေါက်လာခဲ့သော်လည်း မူကြိုကျောင်းများမှာ ယနေ့ထက်တိုင် ကွက်လပ်ကြီးတစ်ခုဖြစ်နေဆဲပင်။

ကလေးတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အသက် ၃ နှစ်သားတွင် လူကြီးဦးနှောက်ပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး၊ ၅ နှစ်အရွယ်တွင် ၉၀ ရာခိုင်နှုန်းအထိ တည်ဆောက်ပြီးစီးသည်ဟုဆိုသည်။

ယင်းကြောင် အသက် ၅ နှစ်အောက်ကာလတွင် အာဟာရလုံလောက်မှု၊ ကစားခြင်းနှင့် ပညာရေးလှုံ့ဆော်မှုများပေးရန် အလွန်အရေးကြီးကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားသည်။

ယင်းအတွက်ကြောင့် စနစ်တကျ သင်ကြားမှု၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှုများအတွက် မူကြိုပညာရေးက အကောင်းဆုံးဖြည့်စွမ်းပေးနိုင်သည်။

သို့သော် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသအများစုမှ မူကြိုအရွယ် ကလေးငယ်များမှာ ထိုအခွင့်အရေးနှင့် လုံးဝဝေးကွာနေရသည်။

မူကြိုကျောင်းများ မရှိသော်လည်း မိဘများက ယင်းကွက်လပ်ကို ဖြည့်ပေးနိုင်သည်ဟု ဆိုကြသော်လည်း လက်တွေ့တွင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိဘများသည် ကလေးများကို စနစ်တကျ အချိန်ပေး သင်ကြားပေးရန် မတတ်နိုင်ကြပေ။

ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့်လည်း ကလေးများကို အိမ်ပြင်ပတွင် လွတ်လပ်စွာ ဆော့ကစားခွင့် ပြု၍မရ။ နောက်ဆုံးတွင် အိမ်ထဲ၌ကလေးများကို ငြိမ်အောင်ထိန်းရန်အတွက် ဖုန်းပေးကြည့်ရာမှ အရွယ်နှင့်မမျှအောင် ဖုန်းစွဲလမ်းသည့် ပြဿနာများနှင့် ရင်ဆိုင်လာကြရသည်။

မူကြိုကျောင်းများမှာ ကဗျာရွတ်၊ သီချင်းဆို၊ ပျော်ရွှင်စွာ ကစားကြခြင်းဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကုစားပေးနိုင်သည့် နေရာလည်း ဖြစ်သည်။ ယင်းကြောင့် ယခုလို ပဋိပက္ခများနှင့် စစ်ပွဲများအကြား စိတ်ဒဏ်ရာများရနေသော ကလေးများအတွက် မူကြိုပညာရေးက ပိုအရေးကြီးလှသည်။

ထိုအပြင် မူကြိုကျောင်း ရှိနေခြင်းက မိဘများ၏ ကလေးထိန်းရသော ဝန်ထုတ်ဝန်ပိုးကိုလည်း တစ်ဖက်တစ်လမ်းက လျော့ကျစေသည်။

သို့သော် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ကြုံတွေ့နေရသည့် ဒေသက မူကြိုကျောင်းခေါင်းလောင်းသံများ ပြန်ကြားရဖို့ဆိုသည်မှာ စိန်ခေါ်မှုများစွာ ရှိနေဆဲပင်။

ပဋိပက္ခဒေသက ကလေးငယ်များအတွက်မူ ဘက်စုံဖွံ့ဖြိုးတိုးတက်မူ ဆိုသည်ထက် အသက်ရှင်သန်ရေးကိုသာ ရှေတန်းတင် ရုန်းကန်နေရသည့် ဝမ်းနည်းဖွယ် အခြေအနေကို ယခု တနင်္သာရီပုံရိပ် အစီအစဉ်တွင် မီးမောင်းထိုး ဖော်ပြပေးလိုက်ပါသည်။

“မူကြိုကလေးတွေက ကျောင်းမသွားရတော့ ဖုန်းပဲကြည့်နေကြလို့ ဖုန်းစွဲနေကြပြီ”

ဒေါ်ဝင်းမွန် မူကြိုအရွယ်က‌လေးမိခင် လောင်းလုံးမြို့နယ်

DW ။ အစ်မတို့ရွာမှာ မူကြိုကျောင်းဖွင့်ထားတာရှိလား။

ဖြေ ။ ခေတ်ကောင်းတုန်းကတော့ဖွင့်တာပေါ့။ အာဏာသိမ်းပြီး‌မှာတော့ မဖွင့်တော့ဘူး။ မူကြိုကျောင်းတောင်ဘယ်သူမှ မပြုပြင်လို့ ပျက်စီးနေပြီ။

DW ။ အစ်မကလေးက မူကြိုအရွယ်ဆိုတော့ မူကြိုထားချင်လား။

ဖြေ ။ မူကြိုထားချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်ရွာမှာမူကြိုမရှိတော့ မထားနိုင်ဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ ထားဝယ်မှာသွားထားကြတယ်လေ။ ကျွန်မတို့ကတော့ အဲလိုမထားနိုင်ဘူး။ စာရိတ်ကြီးတယ်လေ။ မူကြိုစထားတာနဲ့ ပိုက်ဆံငါးသိန်း(ကျပ်) လိုနေပြီ။ လခက တစ်လကို အနည်းဆုံးတစ်သိန်း(ကျပ်) ပဲထားဦး၊ ကျောင်းကြိုပို့ခကျန်သေးတယ်။ အဝတ်အစားဖိုး၊ မုန့်ဖိုး တွေကလိုသေးတယ်။ အဲလောက်ကျွန်မတို့ မတတ်နိုင်ဘူးလေ။ ပြီးတော့ လမ်းခရီးအခြေအနေကရှိသေးတယ်။ တိုက်ပွဲတွေဖြစ်လို့ အခြေအနေမကောင်းဘူး။ လမ်းပိတ်တော့မယ်ဆိုရင် ကိုယ့်ကလေး ပြေးပြီးကြိုနေရသေးတော့ တော်တော်ပင်ပန်းတယ်။ ငွေလည်းကုန် လူလည်းပန်းပဲ။ ထားဝယ်မှာပဲနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။

DW ။ အရင်တုန်းကလိုမျိုး ရွာမှာ မူကြိုဖွင့်စေချင်လား။

ဖြေ ။ ကျွန်မကတော့ ဖွင့်စေချင်တယ်။ (မူကြို) ကျောင်းလည်းအဆင့်သင့်ရှိတယ်။ ဆရာ၊ ဆရာမတွေလည်းရှိတယ်ဆိုတော့လေ။ ဖွင့်မယ်ဆိုရင် ဖွင့်လို့ရတယ်။ ကိုယ်ရွာနဲ့ကိုယ့်ရပ် မူကြိုနဲ့ KG ကျောင်းတွေဖွင့်သင့်တယ်။

DW ။ ဘာဖြစ်လို့ ကိုယ့်ရွာမှာ မူကြိုဖွင့်စေချင်တာလဲ။

ဖြေ ။ ကိုယ့်ရွာမှာ ကိုယ်ဖွင့်တာဆိုတော့ ကလေးတွေကလည်း မိဘရင်ခွင်ထဲမှာပဲလေ။ စိတ်ချလို့ရတယ်ပေါ့နော်။ အခုဆို မူကြိုကလေးတွေက ကျောင်းမသွားရတော့ ဖုန်းပဲကြည့်နေကြလို့ ဖုန်းစွဲနေကြပြီ။ မိဘတွေကလည်း နားအေးပါစေဆိုပြီး ဖုန်းပဲပေးကြည့်ထားကြတာကိုး။ မူကြိုရှိရင် မိဘတွေလည်း အလုပ်သွားရင် နောက်ဆံတင်းစရာမလိုတော့ဘူးလေ။ ကလေးတွေလည်း ဖုန်းနဲ့မျက်စိလွတ်သွားတာပေါ့။ ကျွန်မတို့ရွာမှာ NUG ကဖွင့်တဲ့ (အတန်း)ကျောင်းရှိပေမယ့် ကလေးတွေက ကျောင်းမနေကြတဲ့သူတွေ တော်‌တော်များတယ်။

DW ။ တခြားရွာတွေမှာရော မူကြိုကျောင်းတွေ ဖွင့်နိုင်ရဲ့လား။

ဖြေ ။ အားလုံးအတူတူပဲ။ အာဏာသိမ်းပြီးကတည်းက မူကြိုဆိုတာ ရွာတိုင်းမှာမရှိကြတော့ဘူး။ မြို့နဲ့နီးတဲ့ရွာတွေမှာတော့ ဖွင့်ထားတာရှိတယ်လို့ကြားတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်ကြောင်းထိုးလာပြီးဆိုရင် ကလေးတွေနဲ့ကျတော့ ပြေးရ၊ ပုန်းရ၊ ရှောင်ရတာ အရမ်းခက်ခဲပါတယ်”

ပညာရေးစေတနာ့ဝန်ထမ်းတစ်ဦး (ရေဖြူမြိုနယ်)

DW ။ အာဏာသိမ်းပြီးချိန်မှာ မူကြိုပညာရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ အခုအခြေအနေမှာ မူကြိုပညာရေးက မလုပ်ဖြစ်တော့ဘူး။ တာဝန်ယူဆောင်ရွက်ပေးမယ့် လူကလည်း မရှိတဲ့အခါကျတော့ KG ပညာရေးကပဲစနေရတယ်။ KGမှာကလေးရဲ့ တတ်မြောက်မှု အခြေအနေပေါ်မူတည်ပြီး ကျောင်းသားမိဘတွေ နဲ့ ညှိနှိုင်းပြီး နှစ်နှစ်လောက် သင်ပေးတဲ့ ပုံစံနဲ့တော့ သွားနေတာရှိတယ်။ ပထမက နားလည်နိုင်စွမ်းပေါ့ ၊ဒုတိယကျတော့ အရေးသားဘက်ဦးစားပေးသင်တယ်။ စာသင်လက ရှစ်လပေါ့။

DW ။ မူကြိုပညာရေး ဘာကြာင့်အကောင်အထည် မဖော်နိုင်တာလဲ။

ဖြေ ။ အဓိကက စစ်ကြောင်းထိုးတာတွေ အမြဲတမ်းရှိနေတဲ့ အခါကျတော့ လုံခြုံရေးအခြေအနေကြောင့်ပါပဲ။ စစ်ကြောင်းထိုးလာပြီးဆိုရင် ကလေးတွေနဲ့ကျတော့ ပြေးရပုန်းရရှောင်ရတာ အရမ်းခက်ခဲပါတယ်။ ပင်လည်းပင်ပန်းတယ်။ အခု KG တွေတောင်မှာ စစ်ကြောင်းထိုးလာတာမျိုးဆိုရင် ကလေးမိဘတွေကိုယ်တိုင် လိုက်လာခေါ်စေတာမျိုး၊ အတန်းကြီးကျောင်းသားတွေနဲ့ အတူတွဲပြီး လွှတ်ပေးတာမျိုး လုပ်ရတယ်။ မူကြိုကလေးတွေကျတော့ တာဝန်တွေအများကြီး ယူရမယ့်အခါကျတော့ အဆင်မပြေဘူး။ နောက်တစ်ခုက ဆရာဆရာမ အင်အား မရှိဘူး။ ထောက်ပံ့နိုင်မှု မရှိတဲ့အခါကျတော့ ခေါ်ဖို့လူမရှိဘူး။ နောက်တစ်ချက်က မူကြိုသင်ဖို့ စိတ်ပါဝင်စားမှု နည်းတယ်။ KG တောင်မှာ အယောက်တိုင်း မသင်ချင်ဘူး ။ နောက်ပြီးကလေးမိဘတွေကိုယ်တိုင်ကလည်း ဒီဟာအပေါ် စိတ်ပါဝင်စားတာမျိုးမရှိကြဘူး။ လက်ရှိ KG ပညာရေးတောင်မှ တွန်းတွန်းတိုက်တိုက် လုပ်နေရတဲ့အခြေအနေရှိတယ်။ လက်ရှိ ရပ်မိရပ်ဖသုံးလေးယောက်ရယ်၊ ဆရာမ သုံးလေးယောက်ရယ် ဒါပဲရှိတယ်။ ဒါကြောင်မူကြို ပညာရေးကို အကောင်အထည်ဖော်ဖို ဆိုတာအခက်အခဲရှိတယ်။

DW ။ လက်ရှိ ဒီဒေသမှာ ကျောင်းတွင်းရောက်နေတဲ့ ကလေးဦးရေနဲ့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးဦးရေ ဘယ်ကများလဲ။

ဖြေ ။ ကျောင်းပြင်ပရောက်နေသူကလေးဦးရေ နည်းပါတယ်။ ကျောင်းတွင်းရောက်နေတဲ့ ကလေးများတယ်။ ဘာကြောင့်လဲဆို နောက်ပိုင်း ထားဝယ်မြို့ပေါ်မှာ ကျောင်းသွားတက်သူတွေလည်း များလာတယ်။ လေးပုံတစ်ပုံလောက်က ထားဝယ်ကျောင်းသွားတက်ကြတယ်။ ကျောင်းပြင်ပရောက်သွားတာက အသက်ကြီးပိုင်း ကလေးတွေများတယ်။ သူတို့က ခုချိန်မှာစာသင်ဖို့ စိတ်မဝင်စားတောဘူး။ လုပ်ငန်းခွင်တွေကိုပဲ စိတ်ဝင်စားကြတော့တယ်။ အသက် ၁၃ ၊၁၄ အရွယ်တွေကျတော့ အခုမှ ငါးတန်းလောက်ပဲရသေးတော့ အပြင်စိတ် တွေများသွားပြီး ကျောင်းပြင်ပ ရောက်ကုန်ကြတာများတယ်။

DW ။ လက်ရှိ ကျောင်းပြင်ပရောက်သွာတဲ့ကလေးတွေကို ပတ်ဝန်းကျင် မှာဘယ်လို တွေ့ရှိရလဲ။

ဖြေ ။ ကြုံရာကျပန်း လုပ်ကိုင်နေကြတာလည်းရှိတယ်။ ပြည်ပရောက်သွားတာတွေလည်းရှိတယ်။ လူငယ်ပုံစံ လွတ်လွတ်လပ်လပ် နေထိုင်သွားလာ နေကြတာမျိုးလည်းရှိတယ်။ အများစု ကယောက်ျားလေးတွေ ဆေးလိပ်သောက် မူးယစ်ဆေးသုံး ၊အများဆုံးတွေ့ ရတာက ဒါတွေ အများဆုံးပဲ ၊ ကျောင်းပြင်ပ ရောက်သွားတဲ့ ကလေး ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်က အဲဒီလို မူးယစ်ဆေးတွေနဲ့ ဒွန်တွဲပြီး တွေရတာများတယ်။ အခု ဒေသအအခြေအနေက ကွမ်းဆေးလိပ် တွေအပြင် မူးယစ်ဆေး လုပ်နည်းကိုင်နည်းတွေပါ တွေ့လာရတယ်။

DW ။ လက်ရှိ ပညာသင်ကြားနေရတဲ့ ကလေး တွေကရော့ လုံလုံခြုံပညာသင်ကြားနိုင်ရဲ့လား။

ဖြေ ။ လုံး၀လုံခြုံတဲ့ အခြေအနေမှာမရှိဘူး၊ လုံခြုံမှုကိုလည်းဘယ်သူမှာအာမခံပေးနိင်တာမရှိဘူး။ ဆရာ ဆရာမ တွေရဲ့ ကလေးတွေ အပေါ်တတ်စေချင်တဲ့ စေတာနာ ထက်သန်လွန်းလိုသာ သင်ကြားပေးနေရ ခြင်းဖြစ်တယ်။ ပထမတစ်နှစ် ၂၀၂၃ ခုနှစ် လောက်တုန်းကဆိုရင် လုံး၀လုံခြုံမှုမရှိဆုံး အခြေအနေပေါ့ ၊၊

DW ။ ကျောင်းသုံးပစ္စည်းတွေကို ဘယ်လိုအဖွဲ အစည်းတွေက ထောက်ပံပေးတာရှိလဲ။

ဖြေ ။ ထောက်ပံ့ ပေးတာမရှိဘူး။ ရွာကနေ ပေး တဲ့ရန်ပုံငွေနဲ့ဝယ်တယ်။ တစ်ချို့အတန်းတက်မယ့် ကလေးတွေကျတော့ စာအုပ်မဝယ်နိုင်ကြတာရှိတယ်။ အဲဒါတွေဆိုလည်း ရန်ပုံငွေ ထဲကပဲ ဝယ်ရတာရှိတယ်။ အားလုံးတော့ မတတ်နိုင်ဘူးတတ်နိုင်တဲ့ ကလေးတွေကျတော့ ကိုယ်စရိတ်နဲ့ကိုယ် စာအုပ်စာတမ်းတွေ ဝယ်ခိုင်းရတယ်။

DW ။ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပေးမှု အခြေအနေတွေကရော ဘယ်လိုရှိလဲ။

ဖြေ ။ NUG အနေနဲ့ကတော့ ဆရာမတွေကို ထောက်ပံတယ်ဆိုပြီး တစ်နှစ်ကိုငါးသောင်း နှုန်းနဲ့ ထောက်ပံနေတာကတော့ နှစ်နှစ်ရှိ နေပြီ။ ကျောင်သုံးစရိတ်ဆိုပြီး ကျောင်းသား ၅၀ ကို တစ်ယူနစ်နှုန်းနဲ့ တစ်ယူနစ်ကို ကျပ်ငါးသောင်းနဲ့ နှစ်ခါပေးဖူးတယ်။ လုံလောက်မှု မရှိပေမယ့်လည်း အချို့အဝက်သက်သာတာပေါ့လေ။

DW ။ ကျေးဇူးတင်ပါတယ်။

”နောက်မွေးတဲ့ကလေးတွေအကုန်လုံးပဲ မူကြိုလည်းမနေရဘူး၊ သူငယ်တန်းလည်းမနေရဘူး”

ကလေးမိခင်တစ်ဦး စော်ဖျားရွာ၊ သရက်ချောင်းမြို့နယ်

DW ။ အရင် ကလေးငယ်လေးက မူကြိုနေနေသေးလား။

ဖြေ ။ မနေရဘူး။ အခုက ဘယ်လိုလုပ်နေမလဲ။ စော်ဖျားမှာ စစ်ကြောင်းဝင်ပြီး အိမ်တွေမီးရှို့ခံရလို့ လူတွေတောင် နေစရာမရှိဖြစ်နေတာ။ အခုလိုအချိန်မှာ သူလည်းပြေး ငါလည်းပြေးနေရတဲ့အချိန်မှာ ဘယ်သူက သင်ပေးမလဲ။ ခဏပဲ ထားခဲ့ရတာလေ ၂ လတောင်မပြည့်ဘူး။

DW ။ အရင်ရှေ့နှစ်တွေတုန်းကရော ထားဖြစ်လား။ ဒီမူကြိုကလေးက ၂၀၂၄ မှစထားဖြစ်တာလား။

ဖြေ ။ ရှေ့နှစ်တွေတုန်းကလည်း သူ့ကိုတော့မထားဖြစ်ဘူး၊ အကြီးကောင်ကိုပဲ ထားဖြစ်တယ်။

DW ။ ကလေးက စာတွေရနေလား ဘယ်သူသင်ပေးလဲ။

ဖြေ ။ စာတွေတော့ ရနေတယ်။ ကလေးကို ကျွန်မက အိမ်မှာသင်ပေးနေတာဆိုတော့ စာတော့ နည်းနည်းပါးပါးရနေတယ်။ အခုဆို ၆ နှစ်ရှိပြီ။ လာမယ့်နှစ်မှာ ရှင်မုတ္ထီးမှာ ထားမယ်ဆိုရင်တော့ သူပထမတန်းရမှာပေါ့။

DW ။ စော်ဖျားရွာမှာ မူကြိုတက်နေတဲ့ကလေးတွေလည်းမရှိဘူး၊ မူလတန်းကလေးတွေလည်း ကျောင်းမနေရဘူးပေါ့။

ဖြေ ။ မထားရဘူး။ ခုချိန်မှာဘယ်သူက သင်ပေးမလဲ အကုန်လုံးက ပြေးနေရတာ။ အလယ်သူကလေးကိုတော့ ရှင်မုတ္ထီးမှာထားထားတယ်။ သူ့အဖွားအိမ်ကနေ ကျောင်းတက်နေတယ်။ အကြီးကောင်လည်း ၄ တန်းနဲ့ ကျောင်းဆက်မတက်ရဘူး။ အခု အငယ်လေးလည်း Kg လည်းမနေရဘူး။ ရွာမှာ ကျူရှင်ထားတာလဲ ခဏပဲ တက်လိုက်ရတယ်။ စစ်ကြောင်းဝင်ပြီး အိမ်တွေမီးရှို့လို့ ကျူရှင်လည်း မတက်ရတော့ဘူး။ လာမယ့်နှစ်ဆိုရင်တော့ သူ့အစ်မနဲ့တူတူ ရှင်မုတ္ထီးမှာ ထားဖို့တော့စဉ်းစားထားတယ်။

DW ။ လာမယ့်နှစ်ဆိုဘယ်လိုလုပ်မလဲ။

ဖြေ ။ မနှစ်ဆို သူ့အသက် ၆ နှစ်ကျော်ပြီ။ အဲ့လိုပဲပေါ့ ရသလိုပဲထားရမှာပေါ့။ အဆင်ပြေသလိုမျိုးပေါ့၊ သူများနားမှာထားပြီး ကားနဲ့အသွားအပြန် ကြိုပို့နဲ့ထားဆိုလည်း ထားပေါ့။ ကိုယ့်နားမှာပဲ ထားရရင်လည်းထားပေါ့။ စာမတတ်လို့တော့ရမလား။ ကျွန်မတို့ခေတ်က ရသေးတယ်။ သူတို့ခေတ်မှာဆို မရဘူးလေ. အကြီးကောင်လည်း ၄ တန်းနဲ့ ဟိုလိုလိုဒီလိုလိုဖြစ်သွားပြီ။ လူကောင်ကလည်းကြီးတော့ အဝေးမှာ သွားတက်ရမှာဆိုတော့ ကျောင်းဆက်ထားဖို့ စိတ်မချတာနဲ့ မထားဖြစ်တော့ဘူး။

DW ။ အခုလို မူကြိုမနေရတဲ့ ကလေးတွေဆို ဘယ်လောက်များလဲ။

ဖြေ ။ ကျွန်မတို့ရွာမှာ အထက်တန်းကျောင်းအထိရှိတယ်။ အခု နိုင်ငံရေးဖြစ်မှ ကျောင်းမဖွင့်နိုင်လို့ နောက်မွေးတဲ့ကလေးတွေအကုန်လုံးပဲ မူကြိုလည်းမနေရဘူး၊ သူငယ်တန်းလည်းမနေရဘူး။ အကြီးကောင်လိုပဲ မူလတန်းနေတဲ့ကလေးတွေလည်း တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ရတာတွေရှိတယ်။ အဝေးမှာ သွားထားနိုင်သူတွေလည်း ကျောင်းကားအကြိုအပို့နဲ့ ထားရင်ထားပဲ။ အဲ့ဒါလည်းနည်းနည်းပါးပါးပဲ။

“ပညာရေးဘာညာသာရကာ၊ အဆင့်လိုက်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဘာစကေး၊ ညာစကေးတွေ ရဖို့ထက်စာရင် အသက်ရှင်ဖို့ကို အဓိကလုပ်နေရတယ်”

ဒေသတွင်း ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်နေသူ (ထားဝယ်အရှေ့တော ဒေသ)

DW ။ အခု ထားဝယ်အရှေ့တောဒေသမှာ ကလေးတွေ မူကြိုပညာရေး ရရှိနေကြရဲ့လား ။ အားလုံးလွှမ်းခြုံမှုရှိရဲ့လား။ မရခဲ့ရင်လည်း မရတာ ဘယ်ကတည်းကလဲ ။

ဖြေ ။ အခုထားဝယ်အရှေ့တောဒေသမှာ ကလေးတွေက မူကြိုပညာရေး ရရှိနေကြလားဆိုတော့ မရရှိဘူးပေါ့နော် ။ အားလုံးလွှမ်းခြုံမှုရှိရဲ့လား ဆိုတော့လည်း မရှိဘူး ။ မရတာ ဘယ်ကတည်းကလဲဆိုတော့ အမှန်အတိုင်း ပြောရရင်လေ ထားဝယ်အရှေ့တော ဒေသမှာ အစက Pre schools (မူကြိုကျောင်း တော့ရှိတယ် ။ KG မတက်ခင်မှာ Pre school တက်တာမျိုးတော့ရှိတယ် ။ Early Childhood Care and Development (ECCD) က ကျတော့ ပညာဘက်တစ်ခုတည်း သက်သက်မဟုတ်ဘဲ အစိုးရ ရဲ့ကျန်းမာရေးကဏ္ဍတွေကပါ ပူးပေါင်း ထောက်ပံ့ရတယ်လို့ နားလည်ထားတယ် ။ ဆိုတော့ အခုလက်ရှိမှာက ကျွန်တော်လက်လှမ်းမီသလောက် ထားဝယ်အရှေ့တောဒေသမှာ Pre school ကလွဲပြီး အခြားဟာမရှိဘူး ။ Pre school ကလည်း ကျောင်းတိုင်းမရှိဘူး ။ ရှိတဲ့ကျောင်းမှာပဲရှိတယ် ။အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီကာလမှာတော့ မူကြိုပညာရေး ယဥ်ကျေးမှုက ထားဝယ်အရှေ့တောဒေသမှာ မရှိသလောက်ပျောက်သွားတယ်လို့ ခံစားရတယ် ။

DW ။ အခု အဲဒီ မူကြိုပညာရေး မရရှိတဲ့ကလေးတွေအတွက် ဖြည့်စဥ်းစားချက် ၊ ပြင်ဆင်မှုတွေရော လုပ်ဖြစ်လား ။

ဖြေ ။ ကျွန်တော် လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင်တော့ မသိဘူး ။ မသိဘူးဆိုတာက အဲဒီလို(မူကြိုပညာရေး) လုပ်နေတာ မမြင်ရဘူး ။ ဘာကြောင့်လဲ ဆိုတော့ အခု အခြေခံပညာရေးဖြစ်တဲ့ (KG+Grade 12) ကိုတောင် အနိုင်နိုင် ရုန်းကန်နေရတာပေါ့နော် ။ အဲဒါကိုပဲ အဓိကထား လုပ်နေတာပဲတွေ့တယ် ။ မူကြိုပညာရေး အပိုင်းကို စဥ်းစားပေးတာမျိုးကတော့ လုပ်နေတာမျိုးကတော့ လက်လှမ်းမီသမျှ တွေ့ရသလောက် မရှိဘူးလို့ပဲ ဖြေပါရစေ ။

DW ။ မူကြိုပညာရေး ကို ဒေသထဲ လက်ရှိ လုပ်နေကြသူတွေရှိကြလား ။ ဘာအခက်အခဲတွေ ရှိနေကြလဲ ။

ဖြေ ။ အခုသိရသလောက်ကတော့ မရှိဘူးပေါ့နော် ။ ဒါပေမဲ့ KECD (ကရင်ပညာရေးဌာနအောက်ကျောင်း) လိုကျောင်းမျိုးက မူကြိုပါထည့်လိုက်တာမျိုး အသက်လေးနှစ်ကနေ ငါးနှစ်အရွယ်ကလေးတွေဆိုရင်မူကြိုလိုပုံစံမျိုးလေး လုပ်ပေးထားတာတော့တွေ့ဖူးတယ် ။ တစ်ကျောင်းတော့တွေ့ဖူးတယ် ။

DW ။ မူကြိုပညာရေး မသင်ခဲ့ရဘဲ အခြေခံပညာကို တစ်ခါတည်းရောက်လာခဲ့တဲ့ ကလေးတွေအတွက် သက်ရောက်မှုကဘာဖြစ်မလဲ ။ လက်တွေ့ တွေ့ကြုံရတာနဲ့ ဆက်စပ်ရှင်းပြပေးပါ ။ ပြီးတော့ မူကြိုပညာရေး ကို ဘယ်လောက် အရေးကြီးတယ်လို့ နားလည်ထားလဲ ။

ဖြေ ။ ဒါမျိုးကတော့လေ ကျွန်တော်တို့က အခုရေတွင်းတူး အခုရေကြည်သောက်မျိုးမှ မဟုတ်တာ ၊ ဒီဟာက သူတို့(ကလေးတွေ)ရဲ့ ဖွံ့ဖြိုးလာတဲ့ အဆင့်အလိုက်ကို အထောက်အကူပြုပေးတဲ့ပုံစံပေါ့ ။ ကျွန်တော်တို့ဆိုရင်လည်း အဲဒါ(မူကြိုပညာရေး) မရှိဘဲ ကြီးပြင်းလာခဲ့ရတယ် ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာကျ မူကြိုပညာရေးက လိုအပ်လာတယ်ဆိုတဲ့အနေအထားတွေရှိတယ် ။ အထောက်အကူလုပ်ပေးလာတယ် ။ အဲဒါတွေပါရရင်တော့ ကောင်းတာပေါ့ ။ မူကြိုမှာ ကဗျာလေးတွေဆိုခဲ့ရတယ် ။ လက်ကလေးတွေသန်မာအောင် ကစားခဲ့ရတယ် ။ ကဗျာဆိုတယ်ဆိုတာက ပျော်ရွှင်စရာ ထင်ပေမဲ့လည်း တကယ်တမ်းက သူတို့(ကလေးတွေ)ရဲ့ အသံထွက်တွေ စပြီးလေ့ကျင့် နေချိန်ဖြစ်တယ်။ လက်ကလေးတွေမာအောင် ၊ အသင်းအဖွဲ့ နဲ့ လုပ်တတ်အောင် စတဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုနယ်ပယ်လေးတွေကို နယ်ပယ်အလိုက် ကျန်းမာအောင် ပျော်ရွှင်အောင် စပြီးသွားနေတဲ့ကာလ တွေ ဖြစ်တယ် ။ အဲဒါတွေမရှိတော့ အခုဒေသမှာ စာကို စာလောက်ပဲ စာလိုပဲ သင်နေရတဲ့ အခါကျတော့ နည်းနည်းထိခိုက်မှုကတော့ရှိတာပေါ့ ။အားနည်းမယ်လို့ တစ်ကိုယ်ရေသုံးသပ်မိတာတော့ရှိတယ် ။ မူကြိုပညာရေး ကတော့ ပေါင်းကူးပဲပေါ့နော် ကျောင်းကိုလာဖို့အတွက် ကလေးတွေမှာ အခြေခံပညာ မူလတန်းအဆင့်ကို တက်လမ်းဖို့အတွက် အဲဒီအရွယ်မှာ သူတို့လုပ်ဆောင်ရမယ့် ဖွံ့ဖြိုးမှုတွေလို့ နားလည်ထားတယ် ။ ဘယ်လောက် အရေးကြီးသလဲဆိုရင် ကျွန်တော်အနေနဲ့ကတော့ ထဲထဲဝင်ဝင်တော့ မသိဘူး ။ မူကြို နဲ့ KG ကို ကောင်းကောင်း သင်ခဲ့ရတဲ့ ကလေးတစ်ယောက် တစ်တန်း(Grade 1) ရောက်လာတယ် ။ မူကြိုနဲ့ KG ကို ကောင်းကောင်းမရခဲ့တဲ့ ကလေးတစ်ယောက် တစ်တန်းရောက်လာတယ် ။ အဲဒီအခါမှာ အဲဒီကလေး နှစ်ယောက် ယှဥ်ကြည့်ရင် လုံးဝသိသာတယ် ။သူတို့အနေအထားကြည့်ရင်ပေါ့ ။ ဒါက ရှင်းပြလို့ရမယ့် ဥပမာတစ်ခုပေါ့ ။ ခုနကပြောတဲ့ နယ်ပယ်တွေ ပေါင်းသင်းဆက်ဆံမှု ၊ ပြောဆိုဆက်ဆံမှု ၊ အဖွဲ့နဲ့ပူးပေါင်းတတ်တာ ၊ ဖန်တီးနိုင်စွမ်းရှိတာ ၊ တက်ကြွမှု တို့ အဲဒီဟာတွေက လုံးဝကွဲပြားသွားတယ် ။ ဒီဟာလေးတွေကို ပျိုးထောင် ပေးမယ့်ဟာကတော့ ရှိရင်တော့ အင်မတန်ကောင်းမယ်ပေါ့ ။

DW ။ ဒေသထဲက ကလေးတွေရော မူကြိုပညာရေး ခံယူရမယ့်အရွယ်မှာ ဘယ်လိုနေနေကြရလဲ ။ ပညာရေးကို ဘယ်လိုစတင်ကြရလဲ ။

ဖြေ ။ မဖြေချင်ဆုံးမေးခွန်းပဲ ။ ဘာလို့လဲဆိုတော့ စိတ်ထိခိုက်ရလို့ပါ ။ အမှန်အတိုင်း ပြောရရင် ပဋိပက္ခ ဒေသတွေမှာ မူကြိုဆိုတဲ့ဟာမျိုးက အလှမ်းဝေးတယ် ။ ကျွန်တော်တို့ဆီမှာ အသက်ငါးနှစ်ပြည့်ရင် ကျောင်းရောက်လာတယ် ။ ကျောင်းကလည်း ရပ်ရွာအခြေပြုကျောင်း ကိုယ့်ဟာကိုယ် လည်ပတ် နေတဲ့ကျောင်းတွေပေါ့နော် ။ အားနည်းချက် အားသာချက်တွေ အများကြီးရှိကြတယ် ။ အဲဒီအချိန်မှာမှ လုံခြုံရေးပေါ့နော် ဘယ်အချိန် လာပြီး ဗုံးကြဲသွားမှန်းမသိဘူး ။ တချို့ကလေးတွေဆိုရင် ကျောင်း(ရပ်ရွာအခြေပြု)တွေက ၂၀၂၃ လောက်မှ အရှိန်အဟုန်ကောင်းလာတာကိုး ၊ အဲဒီနောက် ၂၀၂၄ မှာ ပိုကောင်းလာတယ် ။ အခု ၂၀၂၅ မှာ ရောက်တဲ့အခါကျတော့ ဗုံးတွေက စကြဲပြီ ဒီဘက်ဒေသတွေမှာပေါ့ ။ အဲဒီအခါ မိဘတွေက ကြောက်ပြီး ကျောင်းမလွှတ်(ပေးမသွား)တော့တာတို့ ၊ ကျောင်းနုတ်(ထုတ်)လိုက်တာတို့ ၊ အကယ်၍ ထားပါတော့ စာမတတ်ရင်နေပါစေတော့ ကလေးတော့ အသေမခံနိုင်ဘူး ။ အိမ်မှာပဲ သင်ပါ့မယ် ဆိုတာမျိုးတွေရှိတယ် ။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသမှာက ဖြစ်သလို လုပ်နေရတယ်။ အသက်ရှင်ဖို့ကအဓိက ပညာရေးဘာညာသာရကာ အဆင့်လိုက်ဖွံ့ဖြိုးမှု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဘာစကေး ညာစကေးတွေ ရဖို့ထက်စာရင် အသက်ရှင်ဖို့ကို အဓိကလုပ်နေရတယ် ။ ကလေးတွေက ဘယ်လိုစတင်နေကြရလဲဆိုရင် ဒီအရွယ်မှာ အသက်ရှင်မယ် ဘာညာတွေးနေရမယ့် အရွယ်မဟုတ်ပေမဲ့ အသက်ရှင်သန်ရေးကို တွေးနေရတယ် ။ အဲဒီလိုပုံစံနဲ့ စတင်နေကြရပါတယ် ။

DW ။ ဒေသထဲက မိဘတွေကရော မူကြိုပညာရေး တောင်းဆိုကြတာမျိုးရှိကြလား ။ မူကြိုပညာရေး ထက်အခြား ဘာတွေကိုကြိုးစားနေရလဲ ။

ဖြေ ။ မိဘတွေကတော့ ဘယ်သူမဆို ကိုယ့်ကလေးကို ထားချင်မှာပဲ ဒါကိုကောင်းမှန်းလည်း သိတယ်လေ ။ နောက်တစ်ခု က ကလေးတွေကို ကျောင်းစောစောပို့လို့ရရင် သူတို့(မိဘ)တွေ အလုပ်လုပ်လို့ရတယ် ။ ဒါကတော့ အရှိတရားတစ်ခုပဲ ။ ကျောင်းပို့လိုက်ရင် အလုပ်သွားလို့ ရတယ် ။ ဆရာမတွေဆီမှာလာအပ်ခဲ့တယ်ပေါ့ ။ မိဘတွေကတော့ လိုချင်တယ်ပေါ့ ။ ကလေးတွေဘက်ကလည်း သူ့ဟာနဲ့သူ အရွယ်တစ်ခုအလိုက်မှာ စနစ်တကျသင်ယူမှုတွေရှိပြီး သွားနေကြမယ် ။ ဒါပေမဲ့ ကျောင်းထားရမယ့် အသက်ငါးနှစ်ရောက်ပြီဆိုရင်တောင်မှ ကျောင်းသွားဖို့ စဥ်းစားရပြီ ။ ဒီကလေးက အန္တရာယ် ကင်းပါ့မလား ။ တစ်ခုခု စစ်ကြောင်း ထိုးလာရင်ကော ၊ ဗုံးကြဲလိုက်ရင်ကော ဘယ်လိုလုပ်မလဲ ။ အကယ်၍ ဒီကလေးက ထားပါတော့ တစ်နေရာမှာ စုသင်တယ်ဆိုလို့ရှိရင် မိဘနဲ့ အလှမ်းဝေးနေရင် တစ်ခုခုဖြစ်ရင် ဘယ်လိုပြန်ခေါ်မလဲ ။ အဲဒါတွေနဲ့ပဲ အရမ်းလုံးပန်းနေရတော့ အခုချိန်မှာ သူတို့ရင်ထဲတော့ ရှိကောင်းရှိလိမ့်မယ် ။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့တော့ အလှမ်းဝေးနေဆဲလို့မြင်တယ် ။ ပြီးတဲ့အခါမှာ မူကြိုပညာရေး ထက် ဘာကိုပိုကြိုးစားနေရလဲဆိုတော့ နံပါတ်တစ်က အသက်ရှင်ဖို့ပဲ ။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ရင်းမြစ် လူသားရင်းမြစ်ပေါ့ ။အခု အာဏာသိမ်းပြီး ငါးနှစ် အတွင်း မှာ ပဋိပက္ခဇုန်က သင်ကြားရေးက စဥ်ဆက်မပြတ်သင်ကြားရေးစနစ် (progress learning) မရှိတော့ဘူး ။ မရှိတဲ့အခါ သင်ကြားမှုတွေအကုန်ပျက်ကုန်တယ် ။ ကျွန်တော်တို့ ဆီမှာဒီငါးနှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ဘယ်နှစ်ယောက်ထွက်လဲ ။ ပညာရေး ပရော်ဖက်ရှင်နယ်ရော ဘယ်နှစ်ယောက်ထွက်လဲ ။ ကျန်တဲ့ကဏ္ဍတွေမှာရောပရော်ဖက်ရှင်နယ် ဘယ်နှစ်ယောက်လောက် ထွက်လာလဲ ။ ကျွန်တော်တို့ ဆီမှာ နဂိုကတည်းက ထားဝယ်ဒေသဆိုတာ ပရော်ဖက်ရှင်နယ်ရှားတယ် ။ နည်းနေသေးတဲ့ ဒေသဖြစ်တယ် ။ အခုလို ပညာရှင်ပြတ်တောက်မှုဖြစ်တဲ့ ကာလဆိုရင်တော့ ပိုတောင်ဆိုးသေးတယ် ပြောရမှာပေါ့နော် ။အဲဒီမှာ လုံခြုံရေး အရ ဘယ်လိုနေရာမှာသင်မလဲ ။ဘာတွေလုပ်မလဲ ။ အချို့နေရာတွေမှာဆို ကျောင်းဖွင့်လို့မရဘူး ။ လုံခြုံရေး ကြောင့် ဖွင့်လို့မရဘူး ။ နောက်တစ်ခု က သင်မယ့်ဆရာ၊ဆရာမတွေ အချို့ကျောင်းတွေမှာဆိုရင် ကျောင်းသား KG ကနေပြီး Grade 5 အထိတောင် ဆရာမနှစ်ယောက် ၊ သုံးယောက်နဲ့ပတ်သင်နေရတာ ။ လူဦးရေကိုပဲ ကြည့်လို့မရဘူး ။ အတန်းကိုလည်းကြည့်ရမှာဖြစ်တယ် ။ ကျောင်းသားက ခြောက်ဆယ် လောက်ပဲရှိတာ ၊ ရှစ်ဆယ်လောက်ပဲရှိတာ ဆရာမသုံးယောက်နဲ့ပတ်သင် အဲဒီလို မျိုးတွေလည်းရှိတယ် ။ ဆိုတော့ အတန်း ခြောက်တန်းကို ဆရာမသုံးယောက်နဲ့ ပတ်သင်နေရတာ တစ်နေကုန် ပတ်သင် အဲဒီလိုမျိုးတွေလည်းရှိတယ် ။ အခက်အခဲက အဲဒါရှိတာ ။ နောက်တစ်ခု က ကျောင်းတွေက ရပ်ရွာအခြေပြုဖြစ်လို့ ကိုယ်ထူကိုယ်ထပဲ အကုန်လုံး ။ ဆရာမတွေကို ပိုက်ဆံပေးတယ်ဆိုတာ အများကြီးယူကြတာမျိုးမဟုတ်ဘူး ။ ဒီဆရာ၊ ဆရာမတွေကို လစာ ပြန်ပေးနိုင်ဖို့ ရွာတွေမှာလည်း အခက်အခဲတွေရှိတယ် ။ အဲဒီလိုမျိုး ကလေးတစ်ယောက်ကို (ကျပ်ငွေ) တစ်သောင်းတန်သည် ၊ တစ်သောင်းခွဲတန်သည် ထည့်ကြရတယ် ။ အဲဒီလောက် ပမာဏကိုမှ အခုချိန်မှာ ဘာကြေးညာကြေး အကုန်ကြေး အစုံထည့်နေရတဲ့အနေအထားမျိုးမှာ မိဘတွေမှာ အခက်အခဲဝေနေတာ(အခက်အခဲမျိုးစုံ)ရှိကြတယ် ။ဆရာမတွေကတော့ စေတနာအပြည့်သင်ပေးတယ် ။ အချို့ကလေးတွေဆိုမထည့်နိုင်ဘူး ။ မထည့်နိုင်တဲ့အခါ ဆရာမတွေဘက်က မထည့်နဲ့ ပြဿနာမရှိဘူး အဲဒီလိုတွေရှိတယ် ။ အချုပ်ပြန်ပြောရရင် ဘယ်လိုအခက်အခဲ ကြုံနေရလဲဆိုတော့ အသက်ရှင်ဖို့ပဲ အဓိကကြိုးစားနေရတယ် ။ လုံခြုံဖို့အတွက် ကြိုးစားနေရတယ် ။ဆရာ ၊ ဆရာမတွေမရှိတဲ့အခါကျတော့ ဆရာ၊ဆရာမ တွေ လိုက်ရှာဖွေ ရတယ် ။ အခု အတော်များများ က ခက်ခဲလာကြတော့ ရှိတဲ့ အင်အားအကုန်က ပြည်ပထွက်ကြတယ် ။ ပိုက်ဆံများများရတဲ့အလုပ်တစ်ခုကိုပြောင်းလုပ်တာမျိုးကများလာကြတယ် ။အဲဒီအခက်အခဲက အဆိုးဆုံးပဲ ။

DW ။ ကျေးဇူး တင်ပါတယ် ။