ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လူငယ် မွေထိုင်းဖိုက်တာစပိဘုတ်နဲ့ တွေ့ဆုံခြင်း

December 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ ဒီဇင်ဘာ ၂၉ ညကကျင်းပခဲ့တဲ့ လောင်းကြေးအမြင့်ဆုံး လက်ဝှေ့ပွဲမှာ ထားဝယ်သားဖိုက်တာလေး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

သူအလဲထိုးခဲ့တာက အတွေ့အကြုံရင့်တဲ့ မွေထိုင်းဖိုက်တာ အသက် ၂၃ နှစ်အရွယ် ဂျာမဏီဖိုက်တာ စူပါဘန့်ခ်ပါ။

အသက် ၁၇ နှစ်အရွယ် ထားဝယ်သားလေးက ဝါရင့်ဖိုက်တာကို အလဲထိုးအနိုင်ယူသွားတာကြောင့် လက်ဝှေ့ဝါသနာရှင်တွေအကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

နာမည်ကလည်း စပိဘုတ်ဆိုတော့ ဆန်းနေသလို အသက်ငယ်တဲ့ ဖိုက်တာတစ်ဦး ဖြစ်တာကြောင့်လည်း ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာတာပါ။

ပိုင်ဇင်ကိုဆိုတဲ့ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာသားလေးက အခုတော့ စပိဘုတ်ရယ်လို့ လူသိများလာနေပါပြီ။

လက်ဝှေ့စထိုးတာ ၃ နှစ်လောက်မှာ လူသိများထင်ရှားလာတဲ့ စပိဘုတ်ကို Dawei Watch ကတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

DW ။ ကော့စမွေမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ညက ကျင်းပတဲ့ မွေထိုင်းပြိုင်ပွဲမှာ အလဲထိုးနဲ့ ချန်ပီယံဖြစ်လာတယ်လို့ သိရတယ်။ ဒီပြိုင်ပွဲအကြောင်း ရှင်းပြပေးပါလား ။

ဖြေ ။ အဲဒီပြိုင်ပွဲကတော့ ကျွန်တော့်သူဌေးနဲ့ ဟိုဘက်(ပြိုင်ဘက်) သူဌေး နဲ့ လောင်းကြေး လောင်းကြရင်းနဲ့ ဖြစ်သွားပါတယ်။ ဘယ်လိုပြောရမလဲ အသိတွေပဲ။ အဲဒီလူ(ပြိုင်ဘက်) က ကျွန်တော်တို့ကလပ်မှာပဲ လေ့ကျင့်တယ်။ ကျွန်တော်တို့ ကလပ်မှာ လေ့ကျင့်ရင်းနဲ့ ဘာဖြစ်လို့လဲတော့မသိဘူး။ သူ အခြားကလပ်တစ်ခုကို ပြောင်းသွားတယ်။ အရင်ကအတူတူလေ့ကျင့်နေတဲ့သူပဲ။ဘယ်လိုလုပ်ပြီး ပွဲ(ပြိုင်ပွဲ) ဖြစ်သွားသလဲတော့မသိဘူး။ အမြဲမြင်နေရသူအချင်းချင်း ကျွန်တော်လည်း ပွဲမဖြစ်ချင်ဘူး။ အမြဲတမ်းမြင်နေရ တွေ့နေရဆိုတော့၊ အတူတူပြေး၊ အတူတူလေ့ကျင့်၊ အတူတူပဲ သွားနေကြတယ်ဆိုတော့။ အခုပွဲက ကျွန်းမှာကတော့ လောင်းကြေးအမြင့်ဆုံး ပထမဆုံးပွဲပဲ။ တစ်ဖက်ကို လောင်းကြေး ဘတ်ငွေ ဆယ်သိန်းစီလောင်းတယ်။ လောင်းကြေးအားလုံး သိန်း ၂၀ (ဘတ်ငွေ) ခင်ဗျ။

DW ။ ဒီပြိုင်ပွဲတွေက လောင်းကြေးပေါ်မူတည်ပြီး ဆုကြေးတိုးသွားတာလို့ သိထားတယ်။ အခုနိုင်တဲ့ပွဲမှာ ဘတ် ၂ သန်းအထိ ရခဲ့တယ်။ ဒီဆုကြေးကလည်း ထိုင်းတောင်ပိုင်းက ပွဲတွေမှာ အမြင့်ဆုံးလို့သိရတယ်။ ထိုးကြေးကကော ဘယ်လိုရတာလဲ ဒီအကြောင်းပြောပြပေးနိုင်မလား။

ဖြေ ။ ထိုးကြေးကတော့ ဘတ်တစ်သိန်းမှာ ကျွန်တော်ဆယ်ရာခိုင်နှုန်းရတယ်။ ဆယ်ပုံမှာတစ်ပုံရတယ်။ အခုပြိုင်ပွဲမှာ ဘတ်သိန်း ၂၀ ကလောင်းကြေးဆိုရင် ထိုးကြေးက ဘတ် ၂ သိန်း ရပါတယ်။

DW ။ အရင်ကလည်း ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအနှံ့မှာ အခုလိုပွဲတွေ ထိုးတာမျိုးရှိတယ်လို့ သိရတော့ ဘယ်အရွယ်က စပြီးလက်ဝှေ့ထိုးဖြစ်တာလဲ ။

ဖြေ ။ ကျွန်တော်ထိုးတာ အခုဆိုရင် သုံးနှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်ခင်ဗျ။ အသက်ဆယ့်ငါးနှစ်လောက်မှာ စထိုးတယ်။ အခုက အသက် ၁၇ နှစ်ပါ။

DW။ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်ကလို့ သိထားရတယ် ဘယ်ဇာတိလဲ၊ ဘယ်အချိန်က ထိုင်းနိုင်ငံကို ရောက်လာတာလဲ။

ဖြေ ။ ကျွန်တော်နေတာကတော့ လောင်းလုံး(မြို့) အောက်က လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာ ကပါ။ ကျွန်တော့်အမေကတော့ ကညုံကျွန်းဇာတိခင်ဗျ။ ကျွန်တော့်အဖေက တော့ ရန်ကုန်သားခင်ဗျ။ ၂၀၂၃ လောက်မှာထိုင်းကိုရောက်လာတယ်။ ထိုင်းမှာနေတာက ကော့စမွေကျွန်းမှာပါ။

DW ။ လက်ဝှေ့ကို ဘယ်မှာစတင်သင်ယူခဲ့တာလဲ။

ဖြေ ။ လက်ဝှေ့စသင်တာကတော့ ထိုင်းမှာပဲ။ အရင်တုန်းက စပိဘုတ် (အမြန်ရေယာဥ်) သူဌေးက လက်ဝှေ့ရုံပိုင်ရှင်ပေါ့နော်။ သူဌေးကလည်း ကိုယ်တိုင်က အရင်ကလက်ဝှေ့ထိုးတယ်။ သူကအရမ်းဝါသနာပါတော့ အရင်တုန်းက သူက ကျွန်တော့်လို လက်ဝှေ့သမားတွေ အများကြီးမွေးဖူးတယ်။ အဲဒီလူတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သူက ကျွန်တော့်ကို လက်ဝှေ့ထိုးမလား မေးတယ်။ ကျွန်တော်က စမ်းကြည့်ကြည့်မယ်လို့ ပြောရင်းနဲ့ လက်ဝှေ့စထိုးဖြစ်သွားတယ်။

DW ။ စပိဘုတ်ဆိုတဲ့ နာမည်က ဘယ်လိုဖြစ်လာတာလဲ။ ဒီနာမည်ဘာလို့ ရွေးခဲ့တာလဲ။

ဖြေ ။ စပိဘုတ် ဆိုတဲ့ နာမည်ကို ရွေးတယ်လို့လည်းမဟုတ်ဘူး။ ကျွန်တော့်သူဌေးရဲ့ လှေလိုက်ရင်းနဲ့ စပိဘုတ်လှေလိုက်ရင်းနဲ့ လက်ဝှေ့ဝင်ထိုးတာကို သူက စပိဘုတ်လို့ နာမည်ပေးလိုက်တာ။

DW ။ လက်ဝှေ့ပွဲတိုင်းမှာ လက်ခမောင်း ခတ်လေ့ရှိတယ်ဆိုပြီး ပြောကြတယ်။ လက်ခမောင်းခတ်တာ မြန်မာ့လက်ဝှေ့ရဲ့ သရုပ်ပြမှုလို့လည်း သိထားတော့ ဘာကြောင့် လက်ခမောင်းခတ်လေ့ရှိတာလဲ။

ဖြေ ။ မြန်မာနိုင်ငံသားဖြစ်တာကြောင့်ရော၊ ကိုယ်တိုင်လည်း (လက်ခမောင်းခတ်တာ) နှစ်သက်သဘောကျတာကြောင့်ရော လက်ခမောင်းခတ်တယ်။ မြန်မာနိုင်ငံသား ပီသအောင်ဆိုပြီးလည်း စိတ်ထဲမှာဖြစ်တယ်။

DW ။ စပိဘုတ်နေနဲ့ ထိုင်းပရိသတ်တွေ အခိုင်အမာ ရထားတယ်လို့လည်း သိထားတယ်။ ဒီလိုလူသိများလာစေတာ ဘယ်လိုပွဲမျိုးတွေ ထိုးပြီး အနိုင်ယူခဲ့လို့လဲ။

ဖြေ ။ အခုလိုထိုးပွဲတွေကနေစသိလာတယ်။ အရင်တုန်းကလည်း လောင်းကြေးအများကြီးတွေနဲ့ ကျွန်တော်ထိုးဖူးတာပဲ။ ပထမဆုံးပွဲတော်တစ်ခုမှာ ထိုးဖူးတယ်။ အဲဒီတုန်းကလည်း ဘတ်ငွေဆယ့်လေးသိန်း (လောင်းကြေး)ပဲ ကျွန်တော်ထိုးခဲ့ဖူးတယ်။ အဲဒီကနေ တဖြည်းဖြည်း နဲ့ လူသိလာတယ်။ ပွဲတိုင်းလိုလို လောင်ကြေးနဲ့ထိုးရတယ် ။ အနိမ့်ဆုံး လောင်းကြေး နှစ်သိန်းကနေ စထိုးဖူးတယ်။

DW ။ ထိုင်းမှာတော့ ONE ကလူသိများတယ်။ နောက်ပိုင်းမှာ ONE မှာသွားထိုးမယ်ဆိုတာမျိုးရှိလား။ ထိုင်းမှာ ဘယ်လိုပွဲမျိုးတွေကို ထိုးဖို့ပိုစိတ်ဝင်စားလဲ။

ဖြေ ။ ONE ကိုတော့သွားချင်တယ်ခင်ဗျ။ နောက်ထပ်က ဘယ်လို လာမလဲ ကျွန်တော်လည်း ပြောမတတ်သေးဘူး ။

DW ။ လက်ရှိမှာ လက်ဝှေ့မပြိုင်ခင်တုန်းက အလုပ်လုပ်တာမျိုးရှိလား။ အခုလို ချန်ပီယံဆုဆွတ်ခူးပြီးချိန်မှာရော အခြားအလုပ်ဆက်လုပ်ဖို့ရှိလား။ ဒါမှမဟုတ် လက်ဝှေ့ထိုးတာပဲ ဇောက်ချလုပ်ကိုင်ဖို့ရှိလား။

ဖြေ ။ မြန်မာပြည်မှာတုန်းကတော့ လှေလိုက်တယ်။ ပိုက်ဆွဲတယ်။ အခုလက်ရှိကတော့ လက်ဝှေ့သင်တန်းပြနေပါတယ်။ ကျွန်တော်က ထိုင်းကို စရောက်တုန်းက လှေလိုက်တယ်။ စပိဘုတ် လိုက်တယ်။ ဧည့်သည်တွေကို ကျွန်းတွေလိုက်ပို့ပေးတယ်။ အခုကတော့ စပိဘုတ်မလိုက်တော့ဘူး။ လက်ဝှေ့ကလပ်မှာ နည်းပြနေတာ သုံးလေးလလောက်တော့ရှိပြီ။ လက်ဝှေ့က ငယ်ငယ်ကတည်းက ဝါသနာပါတော့ ဇောက်ချပြီးပဲ လုပ်တော့မယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ကျွန်တော်ပြောချင်တာကတော့ ထားဝယ်ကိုယ်စားပြုပြီး ထိုးခွင့်ရတာ အရမ်းဝမ်းသာတယ်။ ထားဝယ်တွေလည်း အားပေးကြမယ်လို့ထင်တယ်။ ထားဝယ်နာမည်တပ်ပြီး သုံးခွင့်ရတာကို အရမ်းဂုဏ်ယူတယ်။ ထားဝယ် ကိုလည်း ချစ်တယ်။