မြန်မာနိုင်ငံတွင် စစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ အပြီး ဖြစ်ပေါ်လာသည့် အခြေအနေများကို အာဆီယံက စောင့်ကြည့်သုံးသပ်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောဆိုလိုက်သည်။
အာဆီယံအနေဖြင့် သင့်လျော်သည့် အချိန်မတိုင်ခင် မည်သည့်အစုအဖွဲ့ကိုမျှ တရားဝင်မှု ပေးအပ်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ဆက်နွှယ်သည့် ခြေလှမ်းများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဂရုတစိုက် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်က ဆိုသည်။
“အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေးအကွဲအပြဲတွေ ပိုမနက်ရှိုင်းစေရေး ၊ သင့်လျော်တဲ့ အချိန်မတိုင်ခင် တရားဝင်မှုမပေးအပ်ရေး ၊ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး လမ်းစဉ်ဖြစ်ပေါ်ရေးတို့ကို အခြေခံပြီး အခြေအနေတွေကို အဆင့်လိုက် သုံးသပ်သွားမှာပါ” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာစစ်အုပ်စု၏ ယခုရွေးကောက်ပွဲကို တက်ကြွလှုပ်ရှားသူများ ၊ အနောက်တိုင်းသံတမန်များနှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ရှုတ်ချထားကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အတိုက်အခံများကို နှိပ်ကွပ်ပြီး စစ်တပ်လက်ဝေခံများသာ ပါဝင်သည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းမှာ စစ်အုပ်ချုပ်ရေး သက်တမ်းဆွဲဆန့်ရန်သာဖြစ်သည်ဟု ၎င်းတို့က ပြောဆိုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
Source: South China Morning Post



