ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရမှု ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ

December 31, 2025

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်း​​ဖြင့် ဗုံးချတိုက်ခိုက်ခံရမှုတွင် ကျောင်းသူနှစ်ဦးအပါဝင် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒဏ်ရာရရှိသူ မိသားစုဝင်များနှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် တစ်ကြိမ် နှင့် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ် ဒရုန်း​ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံခရီးသွားများထံမှသိရသည်။

ယင်းသို့တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူနှစ်ဦး နှင့် နောက်ထပ်ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာ ရကြောင်း ဒဏ်ရာရသူ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျောင်းသူနှစ်ယောက်က ၄ တန်း ၅ တန်းလောက်ရှိမယ်။ နှစ်‌ယောက်စလုံးကျောင်းယူနီဖောင်းနဲ့။ ဒဏ်ရာများတယ်။ ကျောင်းသူ တစ်ယောက်က ဝမ်းဗိုက်နဲ့ ခြေလက်တွေ ထိထားတယ်။ သွေးထွက်များနေတယ်။ နောက်ထပ်အမျိုးသမီး သုံးယောက်က ခြေထောက်တွေထိထားတယ်”ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

ဒဏ်ရာရရှိသူများကို ယခုလက်ရှိ ထားဝယ်ဆေးရုံးကြီးသို့ ပို့ဆောင် ဆေးကုသနေ​ကြောင်း စုံစမ်းသိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီး စစ်အာဏာရှင်တပ်က ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဖြတ်သန်းခွင့် ကို ပိတ်လိုက်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြို့ခံခရီးသွားများကပြော သည်။

ကမြောကင်းတံတားဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အား၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊တောရှည်ကျေးရွာရှိ ခလ ရ ၁၀၄ တပ်ရင်းဖက် အင်အားဖြည့် ထားကြောင်း စုံးစမ်းသိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ည သန်းခေါင်းအချိန်တွင်လည်း ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ခိုက်ဒဏ်ရာရသေးကြောင်း မြို့ခံများက ပြောဆိုသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင်လည်း ထားဝယ်မြို့ပေါ်ရှိ စုပေါင်းရုံးမှာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဝန်ထမ်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။