လုံခြုံရေးအာမခံချက်အဖြစ် ယူကရိန်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထားရှိရေးကိစ္စကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးခဲ့ကြောင်း ယူကရိန်း သမ္မတ ဇလန်းစကီးက ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်သည်။
ရုရှား၏ ကျူးကျော်စစ်ကို အဆုံးသတ်ရန် ဆွေးနွေးမှုများကို ဆက်လုပ်သွားမည်ဖြစ်ပြီး ပူတင်နှင့် မည်သည့်ပုံစံဖြင့်မဆို တွေ့ဆုံရန် အသင့်ရှိကြောင်း သမ္မတဇလန်းစကီးက WhatsApp မှတစ်ဆင့် မီဒီယာများကို ပြောကြားခဲ့သည်။
နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ ရှိနေသေးသော်လည်း ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် သဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရေးကိစ္စတွင် သမ္မတထရမ့်က ပိုမိုသတိထား ပြောဆိုလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
သို့သော် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရေးမှာ သဘောတူညီမှု ရရန် ၉၅ ရာခိုင်နှုန်းခန့် သေချာနေပြီဖြစ်ပြီး ယင်းကိစ္စတွင် ဥရောပနိုင်ငံများက အဓိကတာဝန်ယူရန် မျှော်လင့်ကြောင်း သမ္မတထရမ့်က ဆိုသည်။
သမ္မတပူတင်၏ နေအိမ်အား ယူကရိန်းက ပစ်ခတ်တိုက်ခိုက်သည်ဟု ရုရှားဘက်က စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တည်ချက်များ ပိုမိုတင်းမာလာမည်ဖြစ်ကြောင်း ရုရှားဘက်က အင်္ဂါနေ့တွင် ပြောသည်။
သမ္မတပူတင်၏ နေအိမ်ကို ယူကရိန်းဘက်က ပစ်ခတ်တိုက်ခိုက်ကြောင်း စွပ်စွဲချက်မှာ အခြေအမြစ်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားစေရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ယူကရိန်းဘက်က တုံ့ပြန်သည်။
ယူကရိန်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ရှိနေခြင်းသည် ယူကရိန်းအတွက် လုံခြုံရေးအရ များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သမ္မတဇလန်းစကီးက WhatsApp မှတစ်ဆင့် ပြောကြားသည်။
“ဟုတ်ပါတယ်။ ဒီကိစ္စကို သမ္မတထရမ့်အပြင် ယူကရိန်းကို ကူညီနေတဲ့ အနောက်အုပ်စု မဟာမိတ်ကိုယ်စားလှယ်တွေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ဒါကို ကျွန်တော်တို့ လိုလားပါတယ်။ ဒါဟာ လုံခြုံရေးအာမခံချက်အတွက် ခိုင်မာတဲ့ ရပ်တည်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရလျှင် ယူကရိန်းသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ်မည့်ကိစ္စနှင့် ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
နှစ်ဦးနှစ်ဖက်ယုံကြည်မှု လုံးဝမရှိသော်လည်း ပူတင်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်းလည်း သမ္မတဇလန်းစကီးက ပြောသည်။
“ပူတင်နဲ့ ဘယ်လိုပုံစံမျိုးနဲ့မဆို တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ သမ္မတထရမ့်နဲ့ ဥရောပခေါင်းဆောင်တွေကို ကျွန်တော် ပြောထားပါတယ်။ ဘယ်လိုပုံစံနဲ့ တွေ့ရတွေ့ရ ကျွန်တော် မကြောက်ပါဘူး။ အဓိကကတော့ ရုရှားတွေဘက်က မကြောက်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။
Source: Reuters







